အားလုံးအတွက် မေးခွန်း တစ်ခုရှိနေပါတယ်။ အဲဒါက ဒီကပ်ကြီးပြီးသွားရင် ကျုပ်တို့ ဘာလုပ်ကြမှာလဲဆိုတာပဲ ဖြစ်ပါတယ်။ ပိုပြီး တိကျအောင် ပြောရရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဘာလုပ်ကြမှာလဲဆိုတဲ့ မေးခွန်းပါ။ သင်ဇာဝင့်ကျော်နဲ့ ရုပ်ရှင်ကြည့်ပြီး လုလုအောင်နဲ့ ညစာစားမယ်၊ နောက်တစ်နေ့ကျတော့ ပိုးမမှီသာနဲ့ ကမ်းခြေသွားမယ်လို့ ဖြေချင်နေတာ၊ မဖြေရလို့ ဝမ်းနည်းမသွားပါနဲ့ မိတ်ဆွေများခင်ဗျား။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ထိန်းသိမ်းရေးကို ကျုပ်တို့ ခေါင်းထဲထည့် မစဉ်းစားတော့မှသာ အနာဂတ်မှာ ဝမ်းနည်းစရာတွေ တကယ်ပဲ ကြုံရမှာပါ။

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားတွေက ကမ္ဘာကြီး နဲ့ပတ်သက်လို့တစ်ခုခုဖြစ်မယ်လို့  ပြောတိုင်းမှာ လူတွေက အစိုးရိမ် ကြီးပြီး လျှောက်ပြောနေတာပါလို့  ခပ်ပေါ့ပေါ့ပဲ တွေးလေ့ရှိပါတယ်။  သိပ်ပြီး အလေးထားရကောင်း မှန်းမသိပါဘူး။ မြန်မာပြည်နဲ့ အ နီးစပ်ဆုံးဥပမာတစ်ခုက နာဂစ် မုန်တိုင်း တိုက်မယ်ဆိုတဲ့အခါ အားလုံးက သိပ်ပြီး အလေးထား ရကောင်းမှန်း မသိသလိုပါပဲ။ မကြုံဖူးတော့ ကြောက်ရမှန်း၊ စိုး ရိမ်ရမှန်း မသိဘူးပေါ့ဗျာ။ လက် တွေ့ကြုံပြီးမှ သိလိုက်ရတဲ့ အသိ တရားတစ်ခုဟာ တန်ဖိုးကြီးပါ တယ်။ ဒါပေမဲ့ လူ့သမိုင်းတစ် လျှောက်မှာ တန်ဖိုးကြီးကြီး ပေး ပြီးမှ သိလိုက်ရတဲ့ သင်ခန်းစာတွေ နဲ့ချည်း ပြည့်နေတော့တာပါပဲ။

နောက်ပြီး ရှိပါသေးတယ်။  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးသမားတွေဟာ လူ့အဖွဲ့အ စည်းမှာ မျက်နှာကောင်း မရပါ ဘူး။ အထူးသဖြင့် စီးပွားရေးလုပ် ငန်းကြီးတွေနဲ့ဆိုရင် တဇောင်း စေးနဲ့မျက်ချေးပါပဲ။ လောဘဇော တိုက်နေတဲ့ စီးပွားရေးသမားက  နေရာတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အကျိုးအမြတ်ကိုသာ မြင် လေ့ရှိပြီး  သဘာဝပတ်ဝန်းကျင် သမားကတော့ ဂေဟစနစ်တစ်ခု ပျက်ဆီးမှာ ဒါမှမဟုတ်ဘေးထွက် ဆိုးကျိုး တစ်ခုခုဖြစ်တော့မှာကို ကြိုမြင်နေလေ့ရှိတာကိုး။ တစ်ခါ တလေမှာ အာဏာပိုင်တွေကပါ စီးပွားရေးသမားနဲ့ တစ်သဘော  တည်းဖြစ်နေပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးသမားကို နှှိပ် ကွပ်တတ်ပါသေးတယ်။

ဒီရဲ့ အကျိုးဆက်ကတော့ တစ်နေ့တခြား တောတောင်ရေ မြေတွေ ပျက်စီးလာပြီး နောက် ဆက်တွဲဆိုးကျိုးတွေကို အများစု ဖြစ်တဲ့ ပြည်သူတွေက လှိမ့်ပြီးခံရ တော့တာပါပဲ။ အခု ကပ်ဘေး ကြီးဟာ သဘာဝပတ်ဝန်းကျင်ကို  မဆင်မခြင်ပြုမိတဲ့ အကျိုးဆက် တွေကို ပြန်ခံရတာဖြစ်တယ်လို့ မြင်ကြည့်စေချင်ပါတယ်။ ဒီလို မြင်နိုင်မှပဲ နောင်အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ကာကွယ်ထိန်းသိမ်းရမလဲ ဆိုတဲ့ လမ်းစကို ကျုပ်တို့တစ်တွေ တွေ့ ကြမှာမို့လို့ပါပဲ။ ပြီးတော့ နိုင်ငံ ရေး၊ စီးပွားရေး စနစ်တွေနည်းတူ ဂေဟဇီဝစနစ်တွေလည်းပဲ ကောင်းနေဖို့ လိုတယ်ဆိုတာကို   တွေးမိကြစေချင်ပါတယ်။

ဗိုင်းရပ်စ်တွေက လူရဲ့ အ သက်ရှင်သန်မှုကို ချေဖျက်ပစ်မှာပဲလို့ ပြောခဲ့တဲ့ ပညာရှင်တွေ  အများကြီးပါ။ သူတို့စကားကို တိုင်းပြည်အုပ်ချုပ်တဲ့လူတွေ ကိုယ်တိုင်က မလိုက်နာခဲ့ပါဘူး။ မလိုက်နာချင်လို့သာ နေတာပါ။ အတွေ့အကြုံတွေက ရှေ့မှာ ရှိခဲ့ပြီးသားဖြစ်ပါတယ်။ အီဘိုလာ၊ ဆားစ်၊ H1N1၊ H5N1 စတာတွေဟာ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း ဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတွေပဲလေ။ ဒီလိုရောဂါတွေဖြစ်လိုက်၊ ကုသဆေးဝါး ဖော်ထုတ်လိုက်၊ နောက်ထပ် ဗိုင်းရပ်စ်အသစ်တစ်မျိုး တွေ့လိုက်၊ နောက်တစ်ခါ ဆေးဝါးဖော်ထုတ်လိုက်ဆိုတဲ့ သံသရာထဲမှာ လည်နေခဲ့ပါတယ်။ ကုသထိန်းချုပ်နိုင်တဲ့ ဆေးဝါးမတွေ့မီမှာ ရောဂါဖြစ်ပွားပြီး အသက် ဆုံးရှုံးခဲ့ရသူတွေကိုတော့ ‘ကံဆိုးသူမောင်ရှင်’တွေလို့ ခေါ်ရတော့မှာပေါ့။

အဲဒီအဖြစ်အပျက်တွေက နေ သင်ခန်းစာမယူနိုင်ခဲ့တဲ့အ တွက် အခုဆိုရင် COVID-19 ကပ်ဘေးနဲ့ ကျုပ်တို့ ရင်ဆိုင်ကြ ရပြန်ပါပြီ။ ဒီတစ်ချီမှာလည်း အ ရင်ဖော်နည်းကားအတိုင်းပဲ ကာ ကွယ်ကုသဆေးဝါးကိုပဲ အရေး တကြီး ထုတ်လုပ်နိုင်ဖို့ ကြိုးစား ကြတာပါပဲ။  အရေးပေါ်အခြေ နေဖြစ်တဲ့အတွက် ဆေးဝါးပေါ် လာမှပဲ ဖြစ်ပါလိမ့်မယ်။ အချိန် ကာလ ဘယ်လောက်ကြာမယ် သာ မပြောနိုင်တယ်။ ကိုရိုနာဗိုင်း ရပ်စ်ကို ကုသနိုင်တဲ့ အစွမ်းထက် ဆေးဝါးတစ်မျိုးတော့ ထုတ်လုပ် နိုင်မှာပါပဲ။ ဒါပေမဲ့ ဆေးမတွေ့မီ စပ်ကြားမှာ လူသားရဲ့ အသက်ဇီ ဝိန်ကို ဘယ်လောက်ပမာဏအ ထိ ခြွေသွားမယ်ဆိုတာ ခန့်မှန်းဖို့ ခက်ပါရဲ့။ အခုတောင် တစ်ကမ္ဘာ လုံးမှာ သေဆုံးသူ တစ်သိန်းနှစ် သောင်းကျော်သွားပြီလို့ သိရပါ တယ်။ ဒီကာလဟာ  ငါတို့က သ ဘာဝတရားကို  အောင်နိုင်တယ် လို့ ကြွေးကြော်တဲ့ လူသားတွေ မျက်ကလူးဆန်ပြာအဖြစ်ဆုံး အ ချိန်ပါပဲ။

အရေးကြီးတာက ဒီဖြစ်ရပ် တွေကနေ သင်ခန်းစာယူဖို့ပါ။ နောင်မှာ ဒါမျိုးထပ်မကြုံရအောင် ဘာလုပ်မလဲဆိုတာ စဉ်းစား တွေးတောကြရမှာပါ။ အဲဒီလို မတွေးတောမကြံဆခင်မှာ အခု လိုအဖြစ်မျိုးတွေ ဘာကြောင့် ဖြစ် လာခဲ့တာလဲဆိုတဲ့ အကြောင်း ရင်းဇာစ်မြစ်ကို ကျကျနန ရှာဖွေ ထုတ်ဖော်ဖို့ လိုပါတယ်။ အဖြစ် မှန်တွေက ခါးသီးစရာတွေ ဖြစ် နေရင်တောင်မှ ကျုပ်တို့ လက် သင့်ခံရမှာပဲ။ ဘာတွေ ဘယ်လို ဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ရ တယ်ဆိုတဲ့ အကြောင်းရင်းမြစ် ကိုသိမှ လာလတ္တံ့သော ကပ်ဆိုး၊ ဘေးအမျိုးမျိုး အပေါင်းကနေ ကာကွယ်ဖို့ လုပ်ကိုင်နိုင်မှာ ဖြစ် ပါတယ်။

လက်ရှိဗိုင်းရပ်စ်နဲ့ပတ်သက် ပြီး သဘာဝပတ်ဝန်းကျင်သမား တွေ၊ မျိုးရိုးဇီဝဗေဒပညာရှင်တွေ၊  ဂေဟစနစ်ဆိုင်ရာ လေ့လာသူ တွေရဲ့ အပြောအဆိုတွေ ကမ္ဘာ့စာနယ်ဇင်းတွေမှာ ဖတ်နေ၊ ကြားနေရပါပြီ။ ( မိတ်ဆွေများကိုလည်း တတ်နိုင်သလောက် ရှာဖတ်ပါလို့  တိုက်တွန်းပါရစေ) ပညာရှင်တွေ ထောက်ပြတဲ့ အကြောင်းရင်းအ ချုပ်ကတော့ ကျုပ်တို့တစ်တွေ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့ကြပြီ (တော်တော်လေးကို ဖျက်ဆီးခဲ့ပြီးပြီ) ဒါကြောင့်မို့ သ ဘာဝပတ်ဝန်းကျင်ရဲ့ ဒဏ်ခတ်မှုကို ကျုပ်တို့လူတွေ ပြန်ခံနေရပြီ  ဆိုတာပါပဲ။

တချို့ဗိုင်းရပ်စ်တွေက သူ့ တို့ဘာသာ သစ်ပင်တွေ၊ တော တွေ၊ တောင်တွေထဲမှာပဲ ရှင်သန် နေတယ်။ အဲဒါကို ကျုပ်တို့ လူ တွေက သစ်ပင်၊ သစ်တောတွေ အပြောင်ရှင်းတော့ လူတွေနေတဲ့ ဆီကို ဗိုင်းရပ်စ်ကရောက်လာတာ ပေါ့။ နောက်ပြီး အခု ကိုရိုနာဗိုင်း ရပ်စ်ဟာ လင်းနို့ကနေတစ်ဆင့် ကူးတယ်လို့ ပြောကြသလိုမျိုးပဲ။ အမှန်က သူ့ဘာသာ တခြား သက်ရှိတွေဆီမှာ ရှိနေတဲ့ ဗိုင်း ရပ်စ်ဟာ ကျုပ်တို့လူတွေဆီ ဘယ် လိုနည်းလမ်းတွေနဲ့ ရောက်လာ သလဲ။ ရှင်းရှင်းလေးပါပဲ။ ကျုပ် တို့က တောရိုင်းတိရစ္ဆာန်တွေကို စားကြတာကိုး။ ဒီနည်းနဲ့ ရောဂါ ပိုးတွေဟာ ကူးကုန်တယ်။ ဗိုင်း ရပ်စ်တွေဟာ လူတွေဆီကို ကူး ပြောင်းရောက်ရှိတာဟာ မယုံ နိုင်စရာကောင်းနေလား၊ မယုံမရှိနဲ့ မိတ်ဆွေတို့။ ကျုပ်တို့တစ်တွေ တွေ့ကရာပေါက်ပန်းဈေး စား သောက်တဲ့ပုံစံကနေ သစ်ပင်၊ သစ်တောတွေ အပြောင်ရှင်းပြီး စက်ရုံ၊ အလုပ်ရုံတွေ၊ လူနေတိုက်တာတွေ ဆောက်လုပ်တာအဆုံး အားလုံးဟာ ဒီနေ့ ကျုပ်တို့ တုန်လှုပ်ချောက်ချားစွာ ရင်ဆိုင်နေရတဲ့ ကပ်ဘေးကြီးကို ဖြစ်ပွားစေဖို့ အကြောင်းရင်းတွေပဲတဲ့။

ဒီအတွက် လုပ်စရာက တစ် ခုပဲ ရှိတယ်။ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေရဲ့ စကားကိုချည်းပဲ နားစိုက်မထောင်ဘဲနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးသမားတွေ ဘာပြောမလဲ၊ ဘာတွေ ပြောနေကြသလဲဆိုတာ ကို ကျုပ်တို့ နားထောင်ဖို့ပဲ။ ပြီးရင် လိုက်နာဖို့ပဲ။ အစိုးရက အ ရေးကြီးဆုံးပေါ့ဗျာ။ ဖွံ့ဖြိုးတိုး တက်ရေးဆိုတဲ့ ခေါင်းစဉ်အောက် မှာ မြေနေရာတိုးချဲ့တာတွေ၊  သစ်ပင်သစ်တော ရှင်းလင်းပစ် တာတွေကို ပြန်စဉ်းစားရမယ်။ ပြီးတော့ အရေးကြီးတဲ့ စီမံကိန်း ကြီးတွေ လုပ်တော့မယ်ဆိုတဲ့ အခါ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားတွေ၊ ဇီဝဂေဟ စနစ်ကျွမ်းကျင်သူတွေ ဘာပြော မလဲဆိုတာ နားထောင်ဖို့လို တယ်။ သူတို့ပြောတာကို လေး စားလိုက်နာရလိမ့်မယ်။ သူတို့ ဟာ အခုထိတော့ အစိုးရအပါ အဝင် လူအများစုက အရေးအ ရာလုပ်ပြီး နားထောင်ရတဲ့လူစာ ရင်းမှာ မပါသေးတဲ့ ကမ္ဘာမြေချစ် သူတွေပဲ။ အခုအချိန်ကစပြီး သူ တို့အသံက ရှေ့တန်းရောက်သင့် နေပါပြီ။    ။

(ဆောင်းပါးရှင် ဝင်းဇော်လတ်သည် အတွေးအမြင်နှင့် မျက်မှောက်ရေးရာ ဆောင်းပါးများရေးသားနေသူဖြစ်သည်)

Credit to: 7day