သေးငယ်တဲ့ ဒရုန်းလေးတွေက တကယ်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ ကလေးငယ်တွေဆော့ကစားဖို့၊ ဈေးသက်သာစွာနဲ့ ဒရုန်းမောင်းလေ့ကျင့်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဈေးကွက်ထဲမှာ ကစားစရာအရွယ် ပန်ကာလေးလုံးတပ် ဒရုန်းလေးတွေကို ဈေးနှုံးချိုသာစွာနဲ့ ရရှိနေခဲ့တာ ကြာပါပြီ။ ဒီဒရုန်းသေးလေးတွေက ဒရုန်းအကြီးလောက်များ အလုပ်ဖြစ်နေပြီလား? ဒါဆိုရင်တော့ အသစ်အဆန်းပါပဲ၊ အဲဒီအချက်ကတော့ DJI Spark ကို စိတ်လှုပ်ရှားဖွယ်ကောင်းစေဖို့ ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေးအကြီးဆုံးအဖြစ် Spark ကို သင်သတိထားမိစေမယ့်အချက်က အရွယ်အစားဖြစ်ပါတယ်။ Spark ရဲ့ အင်မတန် သေးငယ်တဲ့အရွယ်အစားကြောင့် သူ့ရဲ့ ညီအစ်ကို Mavic Pro ကိုတောင် အလွန်ကြီးတဲ့ ဒရုန်းအဖြစ် ထင်သွားစေနိုင်ပါတယ်။ ဥမာပေးရရင် Mavic Pro ကို အီတလီ အသားညှပ်ပေါင်မုန့်လို့သဘောထားရင် Spark က အီတလီ ပေါင်မုန့်လိပ်လေး ဖြစ်သွားပါလိမ့်မယ်။ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဝါသနာရှင်တွေရဲ့ ဒရုန်းတွေကို မှတ်ပုံတင်ဖို့မလိုအပ်သေးတဲ့အချက် ပါလာတဲ့အတွက် ခင်ဗျားအနေနဲ့ Spark ကို ဘူးခွံထဲက ထုတ်ပြီးပြီးချင်း စတင်ပျံသန်းလို့ရနေပါပြီ၊ ဒါပေမယ့် စီးပွားရေးအလို့ငှာအသုံးချမယ်ဆိုရင်တော့ မှတ်ပုံတင်ဖို့လိုအပ်ဦးမှာဖြစ်ပါတယ်။

ဒီနေရာမှာတော့ ဒီ လက်ဝါးအရွယ် ပန်ကာလေးလုံးတပ် ဒရုန်းလေးကို သုံးသပ်ဖို့အတွက် လူ ၂ ဦးလိုအပ်လာခဲ့ပါပြီ။ လိုင်စင်ရ ဒရုန်းပိုင်းလော့တစ်ဦးဖြစ်တဲ့ မိုက်ကယ်လ် က ဒရုန်းကိုမောင်းနှင်ခဲ့ပါတယ်။ နောက်တစ်ဦးကတော့ အပျော်တမ်း ပိုင်းလော့တဖြစ်တလဲ ဓာတ်ပုံဆရာအဖြစ်အသက်မွေးနဲ့ အဒမ်ဖြစ်ပါတယ်။ သေချာတဲ့အချက်တစ်ခုအနေနဲ့က က ဒီလိုမျိုး ဒရုန်းမောင်းကြည့်တဲ့အခါ သင့်မိတ်ဆွေတစ်ဦးနဲ့ ပူးပေါင်းပျံသန်းဖို့ပါပဲ။ အနည်းဆုံးတော့  သင့်ရဲ့ ယာဉ်ပျံငယ်ကို စောင့်ကြည့်နေချိန်မှာ မျက်လုံး ၂ စုံက ပိုပြီးအသုံးဝင်ပါတယ်။ ဒီ Spark ကလည်း အလွန်သေးငယ်တဲ့အတွက် သင်အကူအညီလိုအပ်တဲ့အချိန်မှာ သင့်မိတ်ဆွေကလည်း ကူညီနိုင်ပါလိမ့်မယ်။

ဒီဒရုန်းအသေးလေးက ဘယ်လိုမျိုးပါလိမ့်။

ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ ပိုမိုကြီးမားပြီးခေါက်သိမ်းနိုင်တဲ့ Mavic Pro ရဲ့ စွမ်းဆောင်ရည်မျိုးကို Spark မှာ ထည့်သွင်းဖို့ကြိုးစားခဲ့တယ်လို့ တောင်ပြောနိုင်ပြီး တကယ်မရခဲ့တာပဲရှိပါတယ်။ တစ်နာရီ ၃၁ မိုင်နှုန်းသွားနိုင်တဲ့ Spark က Mavic Pro ရဲ့ တစ်နာရီ မိုင် ၄၀ ကိုတော့ မမီပါဘူး။ ထို့အတူ အများဆုံးထိန်းချုပ်ပျံသန်းနိုင်တဲ့ ဧရိယာ ၁.၂ မိုင် ဆိုတာ Mavic Pro ရဲ့ ၄.၃ မိုင်နဲ့ နှိုင်းယှဉ်တဲ့အခါ အလွန် ကျဉ်းမြောင်းနေတာတွေ့မှာပါ။ Mavic Pro ရဲ့ ဘထ္ထရီအရွယ်အစားရဲ့ တဝက်သာ ရှိတဲ့ Spark က ကြာရှည်စွာ မပျံသန်းနိုင်ပါဘူး။ ဘထ္ထရီအားပြည့် တခါ သွင်းထားတဲ့ Spark ကို ၁၆ မိနစ်အထိသာ ပျံသန်းနိုင်ပါလိမ့်မယ်။ Mavic Pro နဲ့ဆိုရင်တော့ ၂၇ မိနစ်အထိ ပျံသန်းနိုင်မှာပါ။ ဝင်ရိုး ၂ ခုပါတဲ့ Spark ရဲ့ 1080p ကင်မရာက Mavic Pro ရဲ့ ဝင်ရိုး ၃ ခုပါတဲ့ 4K ကင်မရာကို ယှဉ်လို့မရဘူးဆိုတာ အရိုးသားဆုံးဝန်ခံပါတယ်။

ဘယ်ဖက်က Spark ရဲ့ ပန်ကာဖွင့်ထားတဲ့အချိန်မှာ ညာဖက်က Mavic Pro ရဲ့ ပန်ကာခေါက်ထားတဲ့အရွယ်ရဲ့ တဝက်ခန့်သာရှိတာကို သတိထားမိပါလိမ့်မယ်။ Mavic Pro ကို ပန်ကာဖွင့်ထုတ်လိုက်ရင်တော့ ပုံထဲမှာ မြင်နေတဲ့အရွယ်အစားရဲ့ ၂ ဆ ဖြစ်လာပါလိမ့်မယ်။

Mavic Pro နဲ့ Phantom 4 တို့နဲ့ မတူနိုင်ပေမယ့်လည်း DJI Spark မှာ အတားအဆီးတွေကို တိမ်းရှောင်နိုင်တဲ့နည်းပညာနဲ့ Tap Fly, Active Track နဲ့ Gasture စတဲ့ Intelligent flight mode ပြောင်းလို့ရစေမယ့် ဆင်ဆာအပိုတွေ ပါဝင်လာပါတယ်။ နောက်ဆုံးအချက်ကတော့ လန်းပါတယ်။ ဒရုန်းမှာပါဝင်တဲ့ အနီအောက်ရောင်ခြည် ဆင်ဆာကြောင့် Spark ကို သင့်ရဲ့ လက်ဝါးနဲ့ ထိန်းချုပ်နိုင်မှာပါ။ တော်တော်လေးမိုက်ပြီး လူတော်တော်များများက ဒါကို Jedi Mode လို့ခေါ်ကြပါတယ်။

ဒါတွေအားလုံးပါဝင်တဲ့ Spark က ဒေါ်လာ၅၀၀ ပဲ တန်ဖိုးကျသင့်ပါတယ်။ အဲဒီအချက်က Spark ကို DJI ရဲ့ အသေးဆုံးဒရုန်းအဖြစ်သာမက ဈေးအသက်သာဆုံး ဒရုန်းအဖြစ်ပါ မှတ်တမ်းဝင်သွားစေပါတယ်။ ဒါပေမယ့် တစ်ခုရှိပါတယ်၊ ဒေါ်လာ ၅၀၀ ဆိုတာ တကယ်တော့ ထိန်းချုပ်ခလုပ် Controller မပါဝင်တဲ့ဈေးပါ။ ခင်ဗျားအနေနဲ့ ဒရုန်းကို ပျံသန်းချိန်မှာ controller တော့လိုချင်မှာအသေးအခြာပါပဲ။

Spark ရဲ့ controller က Mavic Pro ရဲ့ controller နဲ့ ပုံစံဆင်တူပေမယ့် display နဲ့ phone မှာ ချိတ်ဆက်ကြည့်လို့ရမယ့် ပလပ်မပါဝင်ပါဘူး။ ထို့အတွက် ဒီ controller က wifi သီးသန့်ဖြစ်ပါတယ်။

Controller လိုချင်ရင်တော့ Spark Fly More Combo ဆိုတဲ့ DJI က ရောင်းတဲ့ package ကိုဝယ်ယူရမှာဖြစ်ပြီး ဒေါ်လာ ၇၀၀ ကျသင့်မှာပါ။ ဒီ combo က တကယ်တမ်းတော့ ခင်ဗျားအတွက် ပန်ကာအကာကွယ်၊ ပန်ကာအပိုတွေ၊ ဘထ္ထရီအပိုတစ်ခု စတဲ့ တကယ့် သွားရည်ယိုစရာပစ္စည်းတွေအများအပြားထည့်ပေးတာပါ။ သို့ပေမယ့်လည်း (တကယ့် သို့ပေမယ့်လည်း) Spark ကိုပျံသန်းဖို့အတွက် Controller တကယ်မလိုအပ်ဘူးဆိုတာ ကျွန်တော်တို့ ခင်ဗျားကို သတိပေးပါရစေ။ ခင်ဗျားရဲ့ လက်တွေ သို့မဟုတ် စမတ်ဖုန်း၊တက်ဘလက် စတာတွေနဲ့ Spark ကိုပျံသန်းလို့ရနိုင်ပါတယ်။ ဒရုန်းကို စတင်ပျံသန်းကြည့်သူတွေနဲ့ တကယ့်ကို controller နဲ့ပဲ ပျံသန်းနေကျဖြစ်တဲ့ လိုင်စင်ရ ဒရုန်း ပိုင်းလော့တွေအတွက်ကတော့ controller လိုအပ်နေဦးမှာဖြစ်ပါတယ်။

ဒီဒရုန်းအသေးလေးက ကောင်းကင်မှာ ဘယ်လိုပျံသန်းလဲ?

တစ်ကိုယ်ရေတစ်ကာယသုံး ဒရုန်းအဖြစ်သာ Spark ကို စဉ်းစားပါ။ Spark မှာပါဝင်တဲ့လုပ်ဆောင်ချက်အားလုံးက သင့်ကို လုံခြုံစေတယ်လို့ ခံစားစေနိုင်မှာပါ။ အထူးသဖြင့် ခင်ဗျား ပန်ကာတွေကို အကာကွယ်တပ်လိုက်တဲ့အချိန်မှာပေါ့။ သင့်ရဲ့လက်ချောင်းလေးတွေကို ဓာတ်ပုံဘောင်ပုံစံလုပ်ပြီး selfie ရိုက်လို့ရသလို သင့်လက်ဝါးနဲ့လည်း ဒရုန်းကို ပျံသန်းထိန်းချုပ်နိုင်ပါတယ်။ သင့်ရဲ့ကျောပိုးအိပ်ထဲကို ထည့်ပြီး ကယ်လီဖိုးနီးယားကို အားလပ်ရက်အပန်းပြေထွက်ရင် သယ်သွားနိုင်ပါတယ်။ လက်ဝါးပေါ်ကနေ စတင်ပျံသန်းနိုင်ပြီး သင်နဲ့သင့်ရဲ့အဖော်ကို မှတ်သားထားကာ တောအုပ်နီနီတွေကို နောက်ခံအဖြစ်ဓာတ်ပုံရိုက်နိုင်ပြီး သင့်ရဲ့လက်ဝါးပေါ်ပြန်လည်ဆင်းသက်လာနိုင်ပါတယ်။ ကျွန်တော်ဆို့ စမ်းသပ်ခဲ့ပြီး အလုပ်လည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် လှုပ်ရှားမှုနှင့်ထိန်းချုပ်ခြင်းက ပြီးပြည့်စုံတဲ့ နည်းပညာတစ်ခု မဟုတ်သေးပါဘူး။ ထိန်းချုပ်မှုပုံစံတွေကို သင့်အနေနဲ့ လေ့လာရမှာဖြစ်ပြီး လိုချင်တဲ့ ပုံစံမျိုးရအောင် အနည်းငယ်တော့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ သင်ဒါတွေတတ်မြောက်သွားတာတောင်မှ ကန့်သတ်မှုတွေ ထပ်မံရှိနေနိုင်ပါသေးတယ်။ Spark က ကောင်းကင်မှာပျံသန်းနေချိန်မှာ သင့်လက်ဖဝါးနဲ့ ပေအနည်းငယ်ကွာတဲ့နေရာလောက်မှာသာ ဓာတ်ပုံရိုက်ကူးလို့လွယ်ကူပါတယ်။ လေတိုက်နေချိန်ဆိုရင်တော့ စဉ်းတောင်မစဉ်းပါနဲ့၊ သေးငယ်တဲ့ ဒရုန်းက လေတိုက်တာနဲ့ လှုပ်နေမှာဖြစ်ပြီး အနီအောက်ရောင်ခြည် ဆင်ဆာက ဒီနေရာမှာ ရှုပ်ထွေးမှုတွေဖြစ်သွားပါတယ်။

ဒရုန်းမျိုးဆက်သစ်တွေအတွက် နည်းပညာ ပထမလှိုင်းအဖြစ် ဒီနည်းပညာတွေကခံစားစေနိုင်မှာဖြစ်ပြီး နောက်ပိုင်းထွက်လာမယ့် ဒရုန်းတွေအတွက် ပျံသန်းဖို့လေ့ကျင့်ပေးရတာကလွဲပြီး ဘာမှလုပ်စရာမလိုတဲ့ နည်းပညာတွေက စိတ်လှုပ်ရှားလာစေပါတယ်။ အနာဂတ်မှာ ဒီဒရုန်းအသစ်တွေက ကမ္ဘာကိုလွှမ်းမိုးလာနိုင်ကောင်းပါတယ်။ ကျွန်တော်တို့လည်း မခန့်မှန်းနိုင်ပါဘူး။ ဒါဟာ စိတ်လှုပ်ရှားစရာပါ။

 

Selfie အပြင်တခြားဘာတွေရှိသေးလည်း?

သင့်အတွက် လှုပ်ရှားမှုနှင့်ထိန်းချုပ်ခြင်းလုပ်ဆောင်ချက်က အမြဲတမ်းမလိုအပ်လောက်ပါဘူး။ ဒီ ဒရုန်းအတွက် ဘောနပ်စ်အဖြစ်ပါဝင်လာတာဖြစ်ပြီး သဘောကျစရာပါ။ ဒီဒရုန်းက ဒရုန်းလောကရဲ့ Mazda Miata ပြိုင်ကားလေးလိုမျိုးဖြစ်ပါတယ်။ သင့်ရဲ့တတ်နိုင်တဲ့ဘတ်ဂျက်အတွင်းမှာရှိပြီး အကောင်းဆုံးမဖြစ်လာတဲ့ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။ ပျော်ရွှင်မှုတွေကတော့ အပြည့်အဝ ပေးနိုင်ပါတယ်။

ကျွန်တော်တို့မြင်တာကတော့ ဒီ Spark ဒရုန်းလေးတွေက ဒရုန်းအမြန်မောင်း ပြိုင်တဲ့သူတွေအတွက် ပျော်ရွှင်မှုတွေကို ပိုမိုသယ်ဆောင်လာပေးနိုင်ပါလိမ့်မယ်။ တစ်နာရီ ၃၁ မိုင်အမြန်နှုန်းဆိုတာ DJI ဒရုန်းတစ်ခုအတွက် အမြန်ဆုံးမဟုတ်ပေမယ့် ပြိုင်မောင်းတဲ့အခါ မြန်တယ်လို့ သင်ခံစားမိပါလိမ့်မယ်။ ESPN မှာ ထုတ်လွှင့်ပေးနေကျဖြစ်တဲ့ Drone Racing League မှာ ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ဒရုန်းတွေရဲ့ အရွယ်အစားမတိမ်းမယိမ်း ရှိတဲ့အချက်ကြောင့်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ပျက်ဖွယ်အကောင်းဆုံးတစ်ခုလည်းရှိပါတယ်။ DJI ကပဲထုတ်လုပ်တဲ့ first-person view ခေါင်းစွပ်ဖြစ်တဲ့ DJI Goggles နဲ့အလုပ်မလုပ်ပါဘူး။

selfie သို့မဟုတ် မြို့ပြရဲ့ ဓာတ်ပုံတွေစတဲ့ သာမန် အနေအထားဓာတ်ပုံတွေကိုရိုက်ကူးရာမှာ ဒီဒရုန်းရဲ့ ကင်မရာက ကောင်းမွန်ခြင်းရဲ့ တဖက်ကမ်းကို ရောက်နေပါတယ်။ သို့သော်လည်း ကင်မရာကို အထက်သို့မဟုတ် အောက်ဖက်ကို အနေအထားပြောင်းလိုက်တဲ့အခါမှာတော့ အလုပ်ကောင်းစွာမလုပ်ပါဘူး။ ဝင်ရိုး ၂ ခုပါတဲ့ ထောက်တံက သွက်သွက်လက်လက်နဲ့ အလုပ်မလုပ်ပါဘူး။ အထူးသဖြင့် အနေအထားတစ်ခုကနေ နောက်တစ်ခုပြောင်းလိုက်တဲ့အခါ သွက်သွက်လက်လက်မရှိလို့ ဗီဒီယိုသမားတွေအတွက်ကတော့ ဒီအချက်က စိတ်ပျက်စရာပါ။

ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း အနီအောက်ရောင်ခြည် ဆင်ဆာ၊ 1080p ကင်မရာနဲ့ ဝင်ရိုး ၂ ခု ထိန်းတံတို့ကို Spark ရဲ့ရှေ့ဘက်မှာ တပ်ဆင်ပေးထားတော့ Star Wars ရုပ်ရှင်ထဲက ဇာတ်ကောင်လိုလိုပါပဲ။  FPV goggle သုံးလို့မရတာ၊ အနည်းငယ်ထစ်နေတဲ့ ကင်မရာဝင်ရိုးတံ စတာတွေကို စိတ်ထဲထားရင် ဒီ Spark က သင်နဲ့မကိုက်ညီပါဘူး။ သင်ဟာ Phantom သို့မဟုတ် Mavic Pro သို့မဟုတ် ဒေါ်လာ ၃၃၀၀ တန် Inspire ပိုင်ရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကလေးတွေအတွက် ဝယ်ယူပေးဖို့တော့ စိတ်ကူးကောင်း စိတ်ကူးနိုင်ပါမယ်။ သို့မဟုတ် သင့်မိတ်ဆွေအရင်အခြားတစ်ယောက်ကို ဒီဝါသနာပိုးသွင်းပေးဖို့အတွက် ဝယ်ယူဖို့ တိုက်တွန်းတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီစိတ်ကူးကတကယ်တော့ ဒရုန်းစမောင်းဖို့လူအတွက် ဈေးကြီးတဲ့ စိတ်ကူးဖြစ်နိုင်ပေမယ့် သင့်တော်တဲ့သူနဲ့တွေ့သွားရင်တော့ တကယ်တန်ဖိုးရှိပါတယ်။

Spark ကိုသင်ရွေးချယ်သင့်လား?

သင့်ရဲ့ငွေကြေးကို အသုံးမပြုခင် စဉ်းစားဆင်ခြင်ရမှာ သင့်တာဝန်ပါပဲ။ သင်ဟာ တကယ်လို့ အခုမှာ ဒီဒရုန်းကိုဝယ်ပြီး ဒရုန်းမောင်းမယ့် လူသစ်လား? ဒါဆိုရင်တော့ Spark ကိုသာရွေးချယ်ပါ။ သင်ဟာ Phantom တစ်စီးကို ကာလရှည်ကြာပိုင်ဆိုင်ခဲ့ပြီး ယခုအခါမှာ ပေါ့ပေါ့ပါးပါ့း ဒရုန်းတစ်စီးရှာနေတာလား? ဒါဆိုရင်တော့ Spark ကိုသာရွေးချယ်ပါ။ ဒါပေမယ့် နောက်ထပ် ဒေါ်လာ ၃၀၀ ထပ်သုံးရင်တော့ ပိုကောင်းတဲ့ Mavic Pro ကိုရနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ သင်ဟာ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲကလို လေထဲက နေရိုက်ကူးခြင်နေတဲ့ ဗီဒီယိုသမားတစ်ယောက်လား? ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဆက်တောင် မဖတ်သင့်တော့ပါဘူး။ ခုချိန်ကစတင်ပြီး ဒေါ်လာ ၅၀၀၀ လောက်တန်ဖိုးရှိတဲ့ DJI Matrice ကိုပိုင်ဆိုင်နိုင်ဖို့အတွက် စတင်ပြီး စုဆောင်းပါတော့။

တခြားတဖက်ကပြောရရင်တော့ DJI Spark ကို ဦးတည်ထားတဲ့ဈေးကွက်က လူသစ်တန်းတွေအတွက်ပဲဖြစ်ပါတယ်။ လူတိုင်းနီးပါးတတ်နိုင်တဲ့ ဒေါ်လာ ၅၀၀ တန်ဒရုန်းက အထင်ကြီးစရာပါပဲ။ သင်ကဘယ်လောက်ကျွမ်းကျင်တဲ့ပိုင်းလော့ပင်ဖြစ်ပါစေ Spark နဲ့အတူ ပျော်ရွှင်စွာပျံသန်းနိုင်မှာအတိအကျဖြစ်ပါတယ်။

အချိန်ကြာလာတာနှင့်အမျှ firmware update တွေရှိလာဖို့အခွင့်လမ်းများလို့ လှုပ်ရှားမှုနှင့်ထိန်းချုပ်ခြင်းနည်းစနစ်က ပိုမိုတိုးတက်လာမှာပါ။ သို့မဟုတ်ရင်တော့ အရွယ်အစားသေးငယ်တာထက်ပိုမိုလုပ်ဆောင်နိုင်တဲ့ ဒီဒရုန်းဟာ အနာဂတ်မှာ ထွက်ပေါ်လာမယ့် ဒရုန်းတွေရဲ့ ပဉ္စလက်ဆန်တဲ့ အလှည့်အပြာင်းလို့ပြောနိုင်ပါတယ်။

REF: DJI Spark Review by Adam Clark Estes and Michael Roselli