■ ဆောင်းပါးရှင် – ဒေါက်တာခင်မောင်ညို

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်က တည်ထောင်ခဲ့တယ်ဆိုတော့ ၂၀၂၀ ပြည့်နှစ်ဆိုရင် နှစ်တစ်ရာပြည့်တော့မှာဖြစ်တယ်။ ဒီလိုနှစ်တစ်ရာမပြည့်မီမှာ ရာပြည့်အကြိုပွဲတွေကို လွန်ခဲ့တဲ့နှစ်များကစပြီး ရန်ကုန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ ယခုဒီဇင်ဘာလမှာလည်း အကြိုပွဲတော်လုပ်ပါဦးမယ်။ ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းမှာ ကျောင်းဖွင့်စကတည်းက သပိတ်နဲ့စခဲ့တယ်။

၁၉၂၀ ပြည့်နှစ်တက္ကသိုလ်ဖွင့်ဖို့အတည်ပြုတဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေ (Rangoon University Act) ကိုမကျေနပ်လို့ ကျောင်းသားတွေ သပိတ်မှောက်ခဲ့တယ်။ ယနေ့အမျိုးသားနေ့ဟာ ကျောင်းသားတွေ သပိတ်စတင်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို သတ်မှတ်ခဲ့တယ်။ ဒီနှစ်ကတော့ နိုဝင်ဘာ ၁၃ ရက် တနင်္လာနေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အစိုးရကမလိုက်လျောခဲ့ဘူး။ ဒါကြောင့် မြန်မာပြည်အနှံ့မှာ အမျိုးသားကျောင်းတွေ ပေါ်လာတယ်။

ဒီကျောင်းတွေကနေ ပညာထူးချွန်တဲ့ကျောင်းသားတွေ ပညာရှင်တွေ နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်ထွန်းခဲ့တယ်။ ဒီကျောင်းတွေက ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု စတဲ့ခေါင်းဆောင်တွေကို မွေးထုတ်ပေးတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းတဲ့ ဦးနေ၀င်းဦးဆောင်တဲ့ စစ်အစိုးရဟာ ရန်ကုန်တက္ကသိုလ်နဲ့ ကျောင်းတော်က ရန်စတွေရှိခဲ့ပါတယ်။ ထင်ရှားတာက သူအာဏာရပြီး လေးလအကြာမှာ ဇူလိုင် ၇ ရက်အရေးအခင်းဖြစ်ပြီး ကျောင်းသားသမဂ္ဂကို ဖြိုချလိုက်တယ်။ ပြီးတော့ ကျောင်းကိုလည်း ပိတ်ချလိုက်ပါတယ်။ ဒီလိုကျောင်းပိတ်တာတွေဟာ သူ့ရဲ့လက်ထက်မှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်။ ဒီအတွက် ပညာရေးဟာလည်း တဖြည်းဖြည်းမှေးမှိန်သွားတယ်။

ပညာရေးနှင့်ဆင်းရဲတွင်း

သီအိုရီအရဆိုရင် ပညာရေးဟာ ဆင်းရဲတွင်းက လွတ်မြောက်စေဖို့ တစ်ခုတည်းသော နည်းလမ်းလို့ဆိုပါတယ်။ ကျွန်တော်တို့ပညာရေးတွေ ညံ့လာတာနဲ့အမျှ နိုင်ငံလည်းဆင်းရဲလာကာ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်သွားခဲ့လေတော့တယ်။ စင်စစ်တော့ မြန်မာနိုင်ငံဟာ အတော်လေးကို နေထိုင်လို့ကောင်းတဲ့ နိုင်ငံထဲမှာပါတယ်။ ဗြိတိသျှကိုလိုနီများ အုပ်စိုးသွားတဲ့နိုင်ငံတွေထဲမှာ အခြေအနေအတော်ကောင်းတဲ့နိုင်ငံ ဖြစ်ခဲ့တယ်။ အစိုးရနဲ့သဟဇာတဖြစ်အောင် နေထိုင်တတ်တဲ့ ပြည်သူတွေများပါတယ်။

၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို တစ်နှစ်အတွင်းရစေမယ်လို့ အာမခံတဲ့အချိန်မှာ မီဒီယာတွေက မြန်မာပြည်ကို လေ့လာခဲ့တယ်။ သူတို့က မြန်မာပြည်ဟာ အာရှကျားတစ်ကောင် ဖြစ်လာမယ်ဆိုပြီး ကောက်ချက်တွေကို ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝသယံဇာတတင်မကပါဘူး၊ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းဟာလည်း အာရှတိုက်မှာ အတော်အသင့်ထိပ်တန်းနေရာမှာ ရှိနေလို့ပါပဲ။

မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင်ထားတဲ့ ယဉ်ကျေးမှုအစဉ်အလာကလည်း နှစ်ပေါင်း ၂၀၀၀ ကျော်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ စောစောကပြောသလို မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ရပါတယ်။

မထူထောင်နိုင်

အမှန်တော့ စစ်အတွင်းမှာ တစ်ကမ္ဘာလုံးက နိုင်ငံအများဟာ ပြာပုံဘ၀ကျရောက်ခဲ့ပါတယ်။ ပြာပုံဘ၀က ရုန်းထရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ နိုင်ငံအတော်များများဟာ အကြံဉာဏ်ကောင်းတွေနဲ့ ၀ီရိယလုံ့လအရင်းတည်ကာ တိုးတက်အောင်ကြိုးစားပြီး ထိပ်တန်းနိုင်ငံတွေ ဖြစ်လာကြတယ်။ ဥပမာဂျပန်ဆိုရင် တစ်နိုင်ငံလုံးရစရာမရှိအောင် ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရတယ်။ အဏုမြူဗုံးနှစ်လုံး အချခံရတယ်။ ကမ္ဘာမှာ အဏုမြူဗုံးအကြဲခံရတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်။ ဒါပေမဲ့ မိမိတို့ရဲ့အင်အား၊ မိတ်ဆွေများအကူအညီများဖြင့် နိုင်ငံသစ်ကို တည်ဆောက်နိုင်လာတယ်။

ဥရောပနိုင်ငံအများဟာလည်း ဒီလိုတည်ဆောက်ရတာပါပဲ။ ဥရောပနိုင်ငံတွေထဲမှာ ဒုက္ခအရောက်ဆုံးက ဂျာမနီနိုင်ငံပါပဲ။ သူဟာ အရှေ့နဲ့အနောက်ဆိုပြီး ဂျာမနီနှစ်နိုင်ငံကွဲခဲ့ရတယ်။ ဘာလင်မြို့ဟာ နှစ်ပိုင်းပိုင်းခဲ့တယ်။ ဒါပေမဲ့ သူတို့တစ်တွေ ပြန်လည်ပေါင်းစပ်နိုင်ပြီး ယနေ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ ပါနေပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရတဲ့အချိန်ဟာ ကမ္ဘာ့နိုင်ငံတွေ ကြိုးစားတည်ဆောက်နေတဲ့အချိန်ပါပဲ။ နည်းပညာသစ်တွေနဲ့ တစ်ဟုန်ထိုးတိုးတက်တဲ့ကာလဖြစ်တယ်။ မြန်မာနိုင်ငံကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မျက်လှည့်ပြသလိုလုပ်ကာ မမှန်တဲ့ပုံစံနဲ့ အုပ်ချုပ်ခဲ့တယ်။ ဒီအတွက် တစ်နိုင်ငံလုံး အကျင့်ပျက်ခြစားကာ တိုးတက်မှုအတွက် မကြံစည်မကြိုးစားတော့ဘူး။ အစိုးရဟာ အာဏာသိမ်းအစိုးရဖြစ်တော့ သူ့မှာ မိတ်ကောင်းဆွေကောင်းတွေမရှိဘူး။ ဒါနဲ့ပဲ စီးပွားရေး ချွတ်ခြုံကျခဲ့တာပဲဖြစ်တယ်။

ပညာရေးအာရုံစိုက်မှု

ဒါကြောင့် မြန်မာပြည်က ပညာတတ်အများစုဟာ အခွင့်သာရင်သာသလို နိုင်ငံရပ်ခြားကို ထွက်ခွာသွားကြတော့တာပါပဲ။ ပညာရေးကိုလည်း နည်းအမျိုးမျိုးနဲ့ ပြောင်းလဲခဲ့တယ်။ မအောင်မြင်ပါဘူး။ စစ်အစိုးရရဲ့ပထမ ၂၆ နှစ် (၁၉၆၂ မှ ၁၉၈၈ ထိ) မှာ ပညာရေးကိုစမ်းသပ်တယ်။

“တကယ်တော့ ပညာရေးပြောင်းလဲမှုဟာ ၁၉၆၄ ခုနှစ်ကစတာပါပဲ။ စနစ်သစ်ပညာရေးဆိုပြီး စခဲ့ပါတယ်။ ပညာရေးမူဝါဒမှာ သိပ္ပံဘာသာရပ်တွေကို ပိုပြီးအားပေးတယ်။ တက္ကသိုလ်ဆိုတာ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူပါရဂူများကို မွေးဖွားသန့်စင်ပေးတဲ့ဌာနလို့ ဆိုထားတယ်။ တကယ်ရော အဆင့်မီရဲ့လားဆိုတာကို မေးကြပါတယ်။ စတင်တဲ့အဲဒီကာလမှာ ဘာသာစုံ မြန်မာလိုသင်ပြီး ပညာရေးပေမီထောက်မီဖြစ်တယ်လို့ ဆိုနိုင်တယ်။ သင်ရိုးတွေလည်း ကောင်းတယ်။ ဥပမာ ကျွန်တော်တို့ ဓာတုဗေဒအဓိက ကျောင်းသားတွေဆိုရင် လက်တွေ့ခန်းတွေကို အတော်လေးအသုံးချကြတယ်။ စက်ရုံအလုပ်ရုံတွေကို သွားရတယ်။ ပြီးတော့ Term Paper ရေးပြီးမှ ဘွဲ့ပေးတယ်။ ရိုးရိုးသိပ္ပံဘွဲ့ (B.Sc) ကိုရဖို့အတွက် စာတွေ့လက်တွေ့ လေးနှစ်ပညာသင်ရတယ်။ စက်ရုံတွေကို ဆင်းရတယ်။ Term Paper ရေးရတယ်။ စာမေးပွဲဖြေတဲ့အခါ Viva လို့ခေါ်တဲ့ လူတွေ့စစ်ဆေးမှုတွေကို ပြုလုပ်သေးတယ်။ အဲဒီခေတ်က ကိုယ်သင်ယူခဲ့တဲ့ဘာသာရပ်တွေကို အသုံးပြုနိုင်တယ်။

အောင်တဲ့လူတွေအများစုဟာ အလုပ်ရကြပါတယ်။ အဲဒီခေတ်က ဖွံ့ဖြိုးစပြုတဲ့စက္ကူစက်၊ သကြားစက်၊ ဘိလပ်မြေစက်၊ ဆားလုပ်ငန်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံတွေမှာ အလုပ်ရကြပါတယ်။ နိုင်ငံတကာမှာ အလုပ်ရသွားသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်းနည်းပါတယ်။

ပညာရေးပြောင်းပြန်ပြီ

၁၉၈၄ ခုနှစ်ကစပြီး ဘာသာစုံကို အင်္ဂလိပ်လို ပြောင်းခဲ့ပြန်တယ်။ ဒီအတွက် အင်္ဂလိပ်လို ဂဃနဏ နားမလည်တဲ့ဆရာတွေက အင်္ဂလိပ်စာမတတ်တဲ့ ကျောင်းသားတွေကိုပို့ချတယ်။ ရလဒ်ကတော့ ကျူရှင်တွေ မှိုလိုပေါက်လာတာပါပဲ။ ဆိုလိုတာက ကျောင်းသားတွေဟာ စာကိုနားမလည်တော့ ရှိရှိသမျှအားလုံး အလွတ်ကျက်တဲ့ဓလေ့ ပေါ်ထွန်းလာတယ်။ ဒီဓလေ့ဟာ ဘယ်လောက်ဆိုးလာလည်းဆိုရင် အင်္ဂလိပ်စာ စာစီစာကုံးနဲ့ မြန်မာစာ စာစီစာကုံးတွေကိုလည်း အလွတ်ကျက်လာတော့တယ်။

ကျောင်းသားတွေက စာမေးပွဲအောင်ချင်တယ်။ မိဘတွေက သူတို့သားသမီးတွေကို စာမေးပွဲအောင်စေချင်တယ်။ စာကိုအလွတ်ကျက်တယ်။ ခန့်မှန်းမေးခွန်းတွေပေါ်လာတယ်။ မေးခွန်းလိုက်တယ်။ ဒီအတွက် မသမာမှုတွေ အများကြီးပေါ်ပေါက်လာတော့တာပဲ။ တစ်ခေတ်က စာစစ်ချိန်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်တဲ့ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အပြင်မှာ ကားကြီးကားငယ်တွေနဲ့ စောင့်ကာ ‘ပွဲစား’ တွေ တရုန်းရုန်းဖြစ်ခဲ့တယ်။

ဒါ့အပြင် မေးခွန်းတွေလည်းပေါက်တယ်။ ဒီတော့ ခုံအမှတ်တွေအစား လျှို့ဝှက်နံပါတ် (Code) စနစ်တွေပေါ်လာတယ်။ တက္ကသိုလ်ဝင်တန်းမေးခွန်းကို ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကနေ မထုတ်ရတော့ဘူး။ တက္ကသိုလ် ၁၂ ခုကနေ ရောသမမွှေစနစ်နဲ့ ထုတ်ခဲ့ပါတယ်။ ဘယ်သူကရောလို့ ဘယ်သူကမွှေလဲတော့မသိပါဘူး။ တက္ကသိုလ်မေးခွန်းတွေ ကမောက်ကမဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ပါမောက္ခများဟာလည်း မရှုပ်မပြုတ် (Play Safe) မူအတိုင်း အရင်ထုတ်နေကျ မေးခွန်းငါးစုံထဲက မေးခွန်းတွေကိုပဲ လှည့်ပတ်ပြန်ထုတ်လာတယ်။

ဒါကိုရိပ်စားမိတဲ့ကျူရှင်တွေက ခန့်မှန်းမေးခွန်းတွေထုတ်ကာ ရိုက်စားလုပ်ကြတယ်။ တစ်ပြည်လုံးမှာ ဂုဏ်ထူးတွေအများကြီးထွက်လာတယ်။ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းကဆိုရင် လူတစ်ရာစာမေးပွဲဝင်တာ ၉၈ ယောက်ဟာ ဘာသာစုံဂုဏ်ထူးထွက်ခဲ့တယ်။ အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒါဟာ ပညာရေးကောင်းလာတယ်လို့ မဆိုနိုင်တာကတော့ဆိုးတယ်။ မပြောင်းနိုင်တော့ NLD အစိုးရတက်လာတော့ ပညာရေးကိုအထူးဦးစားပေးပြီး ပြောင်းသွားမယ်လို့ ထင်နေကြတယ်။

အိမ်နီးနားချင်း ထိုင်းနိုင်ငံက မူလတန်းကျောင်းသားတွေကိုတောင် တက်ဘလက်တွေပေးပြီး ပညာသင်စေတဲ့ခေတ်ကို ကျွန်တော်တို့မြင်တွေ့နေရတယ်။ အာရှမှာ တိုးတက်တဲ့နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေရဲ့ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ သူတို့ရဲ့မိခင်ဘာသာစကားကိုသာ အသုံးပြုပြီးသင်ကြတယ်။ UNESCO ကလည်း ဒီလိုသင်ကြားတာ မှန်ကန်တယ်လို့ ယူဆတယ်။ တရုတ်၊ ကိုရီးယား၊ ဂျပန်စတဲ့နိုင်ငံတွေက ပညာရှင်တွေဟာ ကမ္ဘာ့အဆင်မီတန်းဝင်တဲ့ ပညာရှင်တွေ ဖြစ်နေတယ်။ ပညာရပ်တစ်ခုကိုတတ်ဖို့ ဘာသာစကားဟာ အဆီးအတားမဖြစ်သင့်ဘူး။

ဒါပေမဲ့ မြန်မာပြည်မှာတော့ ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်ဖို့သာ ‘မူ’ ချနေကြပါတယ်။ ဘာကြောင့်လဲ။ ယနေ့လက်ရှိ ပညာရေးနယ်ပယ်မှာရောက်နေတဲ့ ပါမောက္ခအများစုဟာ သူတို့ခေတ်က အင်္ဂလိပ်လိုသင်ရတာကို အထင်ကြီးပြီး စာကျက်အားကောင်းသူများဖြစ်ခဲ့လို့ပါပဲ။ တကယ်တော့ သူတို့မွေးထုတ်လိုက်တဲ့ ဘယ်ကျောင်းသားကမှ ကမ္ဘာမှာ ပေါက်မြောက်တယ်ဆိုတာ မရှိသေးပါဘူး။ ယနေ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေတင်မကဘူး၊ တက္ကသိုလ်က ကျောင်းသားအများစုဟာလည်း ကျူရှင်ယူတယ်။ ဆေးတက္ကသိုလ်မှာ ပထမနှစ်က နောက်ဆုံးနှစ်အထိ ကျူရှင်ယူကြတယ်။ ဂိုက်တွေငှားကြတယ်။

စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်တင်မကဘူး အဝေးသင်တက္ကသိုလ်များကပါ ကျူရှင်ယူတယ်။ (၁၉၈၄ ခုနှစ် ဘာသာစုံ အင်္ဂလိပ်လို ပြောင်းသင်လိုက်ကတည်းက ကျူရှင်တွေ မှိုလိုပေါက်လာတာကို မသိကျိုးကျွန်ပြုနေကြတာကို အံ့သြမိတယ်)

တစ်ခုခုတော့လုပ်ပေးပါ

မြန်မာပြည်ပညာရေးဟာ ကိုလိုနီခေတ်ကတောင်မှ နိုင်ငံတကာအထင်ကြီးခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာ အစဉ်အလာကြီးမားတဲ့ တက္ကသိုလ်ဖြစ်လို့ပါပဲ။ အဲဒီခေတ်က အင်္ဂလိပ်မီဒီယာဟာ ခေတ်စားပါတယ်။ သာသနာပြုကျောင်းတွေရှိတယ်။ အဲဒီကျောင်းတွေမှာ အင်္ဂလိပ်လိုပြောတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ယနေ့ မြန်မာကျောင်းတွေ မြန်မာဆရာတွေပါပဲ။ လွန်ခဲ့တဲ့လေးနှစ်က အမေရိကန်သမ္မတ အိုဘားမားမြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဟောပြောခဲ့ပါတယ်။ သူက အစဉ်အလာရှိတဲ့ဒီတက္ကသိုလ်မှာ ဟောပြောခွင့်ရတဲ့အတွက် ၀မ်းသာကြောင်းပြောသွားတာပါ။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာကို ကြိုဆိုနေကြတာ ၀မ်းသာစရာပါ။ ဒီလိုကြိုဆိုရင်းနဲ့ ပြောင်းလဲမှုတစ်ခုခုတော့ လုပ်ပေးဖို့လိုတယ်။

ပညာရေးဟာ လူမှုရေး စီးပွားရေး နိုင်ငံရေးတို့အပေါ် သက်ရောက်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ရာစုနှစ်တစ်ဝက်ဆုံးရှုံးသွားတဲ့ ပညာရေးကြောင့် ဘာတွေဆုံးရှုံးသွားသလဲ။ စာရိတ္တရော သိက္ခာတွေပါ လျော့ပါးသွားတာ ငြင်းလို့မရပါဘူး။

နိဂုံး

ယနေ့ဟာ ကျွန်တော်တို့ကျောင်းသားတွေအတွက် အရေးပါတဲ့အမျိုးသားနေ့ပါ။ သေချာတာကတော့ ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲကို ရောက်သွားတာပါပဲ။ လူတွေ အတွေးအခေါ်တွေကော ဘယ်လိုရှိကြသလဲ။ အမြော်အမြင်အဆင် ခြင်နည်းလာတဲ့အတွက် “အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား” တွေဖြစ်လာတယ်လို့ မြင်လာနိုင်တယ်။ ကျူရှင်တွေဂိုဒ်တွေနဲ့ လုံးပန်းနေရတဲ့လူငယ်တွေ သူတို့ထွက်ပေါက်ကို သူတို့ရှာလာကြတတ်တယ်။ အချို့ဟာ ဂိမ်းဆိုင်တွေမှာ အချိန်ဖြုန်းကြတယ်။ အချို့ကတော့ မူးယစ်ဆေးတွေသုံးလာတယ်။ ကျွန်တော်တို့က ငယ်ငယ်တုန်းက ကာယချိန်တွေရှိတယ်။ နောက်အားကစားပြိုင်ပွဲတွေရှိတယ်။ ကျပန်းစကားပြောပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေရှိတယ်။ နောက် လေ့လာရေးခရီးတွေ သွားရတာတွေရှိတယ်။ အားလပ်ချိန်တွေများတော့ အပြင်စာလည်းဖတ်ကြတယ်။

ဘာလုပ်ကြမလဲ

ပညာရေးဆိုတာကို ပြန်ဆန်းစစ်ရမယ်။ နိုင်ငံတကာပညာရေးနဲ့ တိုးတက်နေတယ်။ ချမ်းသာနေတယ်။ အောင်မြင်နေတယ်။ ကျွန်တော်တို့လည်း လုပ်နိုင်ကြပါတယ်။ အမျိုးသားနေ့မှာ သန္နိဋ္ဌာန်ချကြပါစို့။

Credit: Eleven Media