အသက်(၁၀၀) မနေရပေမယ့် အမှုတစ်ရာ ပွေရသတဲ့။ ရှေးသူဟောင်းတို့စကားရှိသည်။ ကျွန်တော့်အသက် (၅၀)ကျော် (၆၀)နား နီးလာချိန်မှာတော့ ကျွန်တော်တို့ အဘိုး၊ အဘွားတွေ၊ အဖေ၊ အမေတွေ မကြုံခဲ့ဖူးသည့်အတွေ့အကြုံဆန်းတွေ ကျွန်တော်တို့ကြုံခဲ့ဖူးပြီ။ သူတို့ မကြုံလိုက်ရတာ ကံကောင်းသည် ပြောရမလား၊ ကျွန်တော်တို့ ကြုံလိုက်ရတာ ကံကောင်းသည် ပြောရမလား။ ဆရာမောင်ထင်၏ ဝတ္ထုဇာတ်ကောင် ကိုဒေါင်းလေသံနှင့် ‘အဲဒီတုန်းကပေါ့ကွာ’ဟု အစချီလျက် ကျွန်တော့်မြေးတွေ၊ မြစ်တွေကို အိပ်ရာဝင်ပုံပြင်အဖြစ် ပြန်ပြောပြစရာ အတွေ့အကြုံတွေက ဘဝသက်တမ်းတိုတိုလေး အတွင်းမှာပင် အမှုတစ်ရာကတော့မည် မထင်ပေ။

၂၀၀၈ နာဂစ်မုန်တိုင်းကြီး ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေ သကို ဝင်ရောက်မွှေနှောက်ချိန်မှာ ကျွန်တော့်အဖေမရှိတော့။ အဖေက ၂၀၀၃ ခုနှစ်မှာ ကွယ်လွန်ခဲ့သည်မို့ နာဂစ်မုန်တိုင်း၏ ရိုင်းစိုင်းကြမ်းတမ်းမှုဒဏ်ကို အဖေ မခံခဲ့ရ။ မြစ်ဝကျွန်းပေါ်သားဖြစ်ပေမယ့် မုန်တိုင်းဆိုတာ ဒီလိုကြောက်မက်ဖွယ်ကောင်းပါလားဟု အဖေသိမသွားခဲ့။ သု့ိသော် အဖေက ကျွန်တော်တို့ မကြုံခဲ့ရသည့် အင်္ဂလိပ်ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ရောင်စုံသူပုန်ခေတ်များအကြောင်း စာတွေ့မဟုတ်သည့် သူ့ကိုယ်တွေ့ အတွေ့အကြုံများကို ကျွန်တော်တို့ ကလေးဘဝက အိပ်ရာဝင်ပုံပြင်များသဖွယ် ကျွန်တော်တို့အလွတ် ရလောက်အောင် ပြောပြခဲ့သည်။ ကျွန်တော်တို့က စစ်ဘေးစစ်ဒဏ် မခံရဖူး၊ စစ်၏အနိဋ္ဌာရုံများကို မကြုံရဖူး။

အဖေ့ထက်စာလျှင် အမေ က အတွေ့အကြုံပိုသည်ဟု ဆိုရမည်ထင်၏။ အမေက အဖေ့ထက် ငါးနှစ်သာငယ်သဖြင့် အဖေကြုံခဲ့ရသည့် အင်္ဂလိပ်ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ရောင်စုံသူပုန်ခေတ်တို့ကို အမေလည်း ကြုံခဲ့ရသည်။ အဖေ့လိုပဲ အမေလည်း ဗုံးခိုကျင်းထဲနေခဲ့ရဖူးသည်။ ကိုင်းတောတွေထဲ ပုန်းအိပ်ခဲ့ရဖူးသည်။ ကြောက်မက်ဖွယ် စစ်၏ အနိဋ္ဌာရုံများကို အဖေ့နည်းတူ အမေလည်း ကြုံခဲ့ရဖူးသည်။ ထို့အပြင် အဖေမကြုံသွားရသည့် နာဂစ်မုန်တိုင်းကို အမေ ကြုံသွားရသည်။ နာဂစ်တိုက်ပြီး နောက်တစ်နေ့ မနက်အစောကြီး  အမေ့အိမ်ကို ကျွန်တော် အပြေးရောက်သွားသည်။ အမေတို့အိမ်ကြီးက ခေါင်မိုးများ လန်ထွက်လျက်။ အိမ်ရှေ့တစ်ခြမ်းလုံးကို ကြီးမားသော ကုက္ကိုပင်ကြီး၏ အဖျားပိုင်းက ဖိထားသည်။ တစ်ပင်လုံးများ ဖိမိလျှင် အမေ့အိမ်ကလေး ပြားပြား ဝပ်သွားတော့မည်။ အမေကတော့ ရွာထဲက ဒုက္ခသည်များစုဝေးရာ ဘုန်းတော်ကြီးကျောင်းပေါ် ရောက်နေသည်။ ကျွန်တော့်ကိုတွေ့တော့ အမေ့နှုတ်က ရုတ်တရက် စကားမပြောနိုင်၊ ဆွံ့အနေ၏။ ကျွန်တော့်လက်ကို အကြာကြီးကိုင်ထားပြီးမှ အမေထိတ် လန့်တုန်လှုပ်စွာပြောသည်။ ‘‘မီးလောင်လို့ သားရေ၊ အမေတို့ မနည်းပြေးခဲ့ရတယ်’’တဲ့။ ထိုစဉ်ကတည်းက အမေ့စိတ်သည် သိပ်မူမမှန်ချင်တော့။ နာဂစ်မုန်တိုင်း တိုက်ပြီး ခြောက်လအကြာ နိုဝင်ဘာလထဲမှာ အမေကွယ်လွန်သွား သည်။ နာဂစ်မုန်တိုင်းကို မကြုံလိုက်ရသည့် အဖေ့ကိုပဲ ကံကောင်းသည်ပြောရမလား၊ နာဂစ်မုန်တိုင်းကိုကြုံပြီး မကြာခင်ကွယ်လွန်သွားသည့် အမေ့ကိုပဲ ကံဆိုးသည်ပြောရမလား ကျွန်တော် စဉ်းစားနေမိပါ၏။

ယခုတစ်ဖန် အဖေရော၊ အမေရော မကြုံလိုက်ရသည့် COVID-19 ဟု အမည်ပေးထား သည့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့် ကျွန်တော်တို့ ကြုံနေရပြီ။ ငယ် စဉ် ကလေးဘဝကတည်းက ဘုရားရှိခိုးလျှင် အမြဲပါလေ့ရှိ သော ‘အခါခပ်သိမ်းကင်းလွတ် ငြိမ်းသည်ဖြစ်၍’ ထဲက ‘ကပ်သုံး ပါး’ အနွယ်ဝင် ကပ်တစ်ပါးနှင့် ကျွန်တော်တို့ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ငယ်တုန်းကတော့ ဘာအဓိပ္ပာယ်မှန်းမသိ။ ဆိုကောင်းကောင်းနှင့် မျက်လုံးစုံမှိတ် ဆိုခဲ့ကြသည်။ သို့သော် ‘အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍’ ဟုဆိုထားသဖြင့် မကောင်းသည့်အရာတွေမှန်းတော့ သိခဲ့သည်။ အရွယ်ကလေး ရလာ၍ စာအုပ်စာပေထဲဖတ်ရှုကာ အနက်အဓိပ္ပာယ် သိပြန်တော့လည်း ကိုယ်တွေ့ မဟုတ်သဖြင့် သိသည်ဆိုသည့် အဆင့်ထက်မပိုခဲ့။ ယခု နဖူးတွေ့၊ ဒူးတွေ့ကြုံရတော့မှသာ ရှေးသူဟောင်းတို့က ဘုရားရှိခိုးဆုတောင်းစာထဲမှာ ‘အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍’ ဟု ဘာကြောင့် ထည့်သွင်းခဲ့သည်ကို သဘောပေါက်ရတော့သည်။

၂၀၁၉ ဒီဇင်ဘာအထိ လှုပ် လှုပ်ရှားရှား၊ အသွားအလာမပျက် ပုံမှန်လည်ပတ်နေသော ကမ္ဘာ ကြီးသည် ၂၀၂၀ ဆန်းသည်နှင့် တရုတ်နိုင်ငံမှစကာ အနေအထားပျက်ယွင်းစပြုလာသည်။ COVID-19 အစပြုခဲ့ရာ ဝူဟန်မြို့ကို တရုတ်အစိုးရက အသွားအလာကန့်သတ်ပစ်လိုက်သည်။ လူဦးရေ ၁၀ သန်းကျော်နေထိုင်သော၊ ကမ္ဘာလှည့်ခရီးသွားများအကြား ထူးထူးဆန်းဆန်း တိရစ္ဆာန်အစားအစာများဖြင့် ကျော်ကြားသော ဝူဟန်မြို့ကြီးသည် နေ့ချင်းညချင်းဆိုသလို လူသူအသွားအလာကင်းမဲ့ကာ သုသာန်တစပြင်အလား တိတ်ဆိတ်ခြောက်ကပ်သွားသည်။ ယာဉ်အသွားအလာမရှိသော ဝူဟန်မြို့လမ်းမကြီးများကို အင်တာနက်ဓာတ်ပုံများတွင် မြင်ရသည်မှာ ချောက်ချားစရာကောင်းလှသည်။

ကပ်ရောဂါဆိုးသည် အ လျင်အမြန်ပင် တောင်ကိုရီးယား၊ ဂျပန်၊ အီရန်၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အမေရိကန် စသောနိုင်ငံများသို့ ကူးစက်ပျံ့နှံ့သွားသည်။ ကျင်းပဆဲလိဂ်ပြိုင်ပွဲများ ရပ်တန့် သွားသည်။ ကျင်းပရန် စီစဉ်ထား သော ယူရို ၂၀၂၀ ဘောလုံးပြိုင် ပွဲ၊ နွေရာသီအိုလံပစ်အားကစား ပြိုင်ပွဲများ ရွှေ့ဆိုင်းပစ်လိုက်ရ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကူးစက်မြန်ကမ္ဘာ့ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် ပုံမှန်မဟုတ်သော၊ သူတို့၏ အနာဂတ်အစီအစဉ်ထဲတွင် ထည့်သွင်းရေးဆွဲထားခြင်း မရှိသော COVID-19 ရောဂါ တိုက်ဖျက်ကာကွယ်ရေး လုပ်ငန်းများကို အားချင်းလုပ်ဆောင်ရတော့၏။ လုပ်လက်စအလုပ်များကို ခဏထား၊ မြို့တွေလော့ခ်ဒေါင်းချ၊ နိုင်ငံအချင်းချင်းအသွားအလာကန့်သတ်၊ လူတွေ အိမ်ထဲက အိမ်ပြင်မထွက်ဖို့ တားဆီးနှင့် ကမ္ဘာကြီးသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကူးသန်းသွားလာရေးစသဖြင့် အဘက်ဘက်က အနာကြီး နာလေတော့သည်။

ကျွန်တော်တို့နိုင်ငံတွင် တော့ မတ်လ ၂၃ ရက်တွင်မှ COVID-19 ရောဂါကူးစက်ခံရသူ စတွေ့သည်။ ကမ္ဘာ့နိုင်ငံတော် တော်များများတွင် ရောဂါပျံ့နှံ့ပြီး မှ ကျွန်တော်တို့နိုင်ငံတွင်းရောက် လာခြင်းဖြစ်သည်။ ထို့ကြောင့် လွှတ်တော်အစည်းအဝေးများ ပြီး အောင်ကျင်းပနိုင်ခဲ့သည်။ တက္က သိုလ်ဝင်တန်းစာမေးပွဲများ စစ် ဆေးပြီးစီးခဲ့သည်။ တက္ကသိုလ်စာ မေးပွဲများ တစ်ဝက်တစ်ပျက်နှင့် ရပ်နားလိုက်ရသည်။ အချို့မြို့ များ၌ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အဖြေလွှာများ ပြီးစီးအောင်မစစ် ဆေးနိုင်ခဲ့။ တက္ကသိုလ်ဝင်တန်းစာ မေးပွဲ အဖြေလွှာစစ်ဆေးခြင်းကို လည်း ရွှေ့ဆိုင်းလိုက်ရသည်။ ပုံမှန်လုပ်နေကျ အလုပ်များကို ရပ်နားကာ COVID-19 ရောဂါ မကူးစက်၊ မပြန့်ပွားရေးကို ဦးစား ပေးလုပ်ဆောင်ရတော့သည်။

ရွှေစက်တော်ဘုရားပွဲ၊ ကျိုက်ထီးရိုးဘုရားပွဲ စသည့် ပွဲ တော်များ ပိတ်သိမ်းလိုက်ရသည်။ ရှေးမင်းအဆက်ဆက် ကျင်းပခဲ့ သော မဟာသြင်္ကန်ပွဲတော်ကြီး ပင် အုန်းလက်မဏ္ဍပ်လေးမျှ ထိုး ခွင့်မရ၊ ခွက်စုတ်ကလေးနှင့်မျှ ပက်ခွင့်မရဘဲ ခြောက်ခြောက် သွေ့သွေ့ ပြီးဆုံးသွားခဲ့ပြီ။ ရော ဂါပိုးတွေ့ရှိသူကလည်း တစ်နေ့ တခြား များများလာသည်။ ရောဂါပိုးတွေ့ရှိသူ နေထိုင်ခဲ့သည့် အိမ်တွေ၊ လမ်းတွေ လော့ခ်ဒေါင်းချ၊ ရောဂါပိုးတွေ့သူနှင့် သွားလာထိတွေ့ဆက်ဆံခဲ့ဖူးသူတွေ Qua-rantine ထားနှင့် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်တော့သည်။ ဤတွင် ပိုဆိုးသည်က တချို့မြို့တွေ၊ တချို့ရွာတွေ၊ တချို့ရပ်ကွက်တွေ၊ တချို့လမ်းတွေက သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားချက် တစ်စုံတစ်ရာ မထုတ်ပြန်ပါဘဲနှင့် ကိုယ့်အစီအစဉ်နှင့်ကိုယ် တားမြစ်တာတွေ၊ ပိတ်ဆို့တာတွေ လုပ်ကုန်ကြတော့သည်။ ကိုယ့်မြို့ကို သူစိမ်းမဝင်ရ၊ ကိုယ့်ရွာကို အရပ်တစ်ပါးက ပြန်လာသူမဝင်ရ၊ ကိုယ့်ရပ်ကွက်ကို ဧည့်သည်မလာရ။ ကိုယ့်လမ်းထဲ သူစိမ်းဝင်လာလျှင် ဘယ်အိမ်ကို လာတာလဲ မေးတာမြန်းတာ၊ ပြန်လွှတ်တာတွေ လုပ်လာကြတော့သည်။ မြို့တစ်မြို့ဆိုလျှင် အဖွဲ့အစည်းပေါင်းစုံလက်မှတ်ထိုးပြီး သူတို့မြို့ဆေးရုံကို COVID-19 လူနာလွှဲပြောင်းမှာကို လက်မခံသည့်အကြောင်း စာထုတ်ကန့်ကွက်သည်အထိ ဖြစ်လာသည်။ နယ်စပ်မှာ ပိတ်မိနေ သူတွေကို လက်ခံသဖြင့် တာဝန် ရှိသူများ ဖေ့စ်ဘွတ်ခ်တွင် ဝေဖန် ခံနေရသည်။

အခက်အခဲ၊ အကျပ်အ တည်းနှင့် ကြုံရသည့်အခါ လူ သည် ရင်ထဲက စိတ်ရင်းအမှန် ပေါ်လာတော့သည်။ တချို့က သိပ်အတ္တကြီးသည်။ ကမ္ဘာမီး လောင် သားကောင်ချနင်း စိတ် ဓာတ်ရှိကြသည်။ တချို့က ကိုယ် ချင်းစာစိတ်၊ မေတ္တာစိတ်ကြီးမား ကြသည်။ အတ္တကြီးသူတို့က ‘သူ တို့ကြောင့်၊ သူတို့ကြောင့်’ ဟု သူ တစ်ပါးကို လက်ညှိုးထိုးအပြစ်ဖို့ ကာ လူတိုင်းကို သံသယမျက်လုံး နှင့်ကြည့်နေချိန်မှာ ပြည်မြို့ဆေး ရုံကြီးက ဆရာမကြီးဒေါက်တာ မြင့်မြင့်စိန်လို လူမျိုးကတော့ မိမိကို ရောဂါပိုးကူးစက်နိုင်မှန်း သိပါလျက် တာဝန်ကျေသည် ထက်ပို၍ လုပ်ဆောင်ပြခဲ့သည်။ သူ့ကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်သည့်ညက လမ်းတစ်လျှောက် ပရဟိတအဖွဲ့များကထွက်၍ အလေးပြုနေသည့် ဗီဒီယိုဖိုင်မှာ ကြည့်မိတိုင်း ရင်ထဲတွင် လေးစားစိတ်ဖြင့် လှိုက်ဖိုမိသည်။ COVID-19 က လူတွေ၏ စိတ်အဆင့်အတန်း၊ အနိမ့်အမြင့်ကို ခွဲခြားပြနေသည်ဟု စိတ်ထဲမှာ တွေးနေမိ သည်။

အမှုတစ်ရာမကသည့် လောကကြီးထဲတွင် ကျွန်တော်တို့သည် အမှုတစ်ခုမဟုတ်၊ တစ်ခုနှင့် ကြုံတွေ့နေရမည်ဖြစ်သည်။ အဖေတို့၊ အမေတို့ ကြုံခဲ့ရသည်က သတ္ထန္တရကပ်ဟု ဆိုရမည့် စစ်ပွဲတွေ။ စစ်ပွဲတွေက လူဖန်တီးသည့် ဘေးဆိုးကပ်ဆိုးတွေ ဖြစ်၏။ ၂၀၀၈ မှာ ကျွန်တော်တို့ ကြုံခဲ့ရသည့် နာဂစ်မုန်တိုင်းက သဘာဝကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်ဆိုးဖြစ်၏။ ယခု ကျွန်တော်တို့ ကြုံတွေ့နေရဆဲဖြစ်သည့် COVID-19 ခေါ် ရောဂန္တရကပ်ကလည်း သဘာဝအကြောင်းတရားများကြောင့် ဖြစ်လာသော ကပ်ဆိုးဘေးဆိုးဖြစ်သည်။ ကမ္ဘာကြီးမှာ ဖြစ်ခဲ့သမျှ ကပ်ဆိုးဘေးဆိုးတိုင်းကို လူတို့၏ သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အနိုင်ရခဲ့သည်ချည်းပင်ဖြစ်သည်။

သို့သော် ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေ သည့်လောကကြီးထဲတွင် လူဖန် တီးသည့် ဘေးဆိုးတွေက ရလာ မည့် အတွေ့အကြုံမျိုးကိုတော့ နောက်ထပ် ဘယ်တော့မှ မရချင် တော့ပါ။ ကျွန်တော့်မြေးတွေ၊ မြစ်တွေကိုလည်း ‘အဲဒီတုန်းက ပေါ့ကွာ’ဟု အစချီလျက် အိပ်ရာ ဝင်ပုံပြင်အဖြစ် ကျွန်တော် ဘယ် တော့မှ ပြန်ပြောမပြချင်ပါ။   ။

(ဆောင်းပါးရှင် မင်းသန်းထိုက် (ဒေးဒရဲ)သည် ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)