မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းမှတစ်ဆင့် ဘဏ်အချင်းချင်းငွေလွှဲသည့် ဝန်ဆောင်မှု (mobile interbank service) ကို တရားဝင် မိတ်ဖက်ဘဏ်ဖြစ်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၏ နည်းပညာပိုင်းနှင့် လုပ်ငန်း ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုဖြင့် ယမန်နေ့က စတင်မိတ်ဆက်ခဲ့သည်။ မိုဘိုင်းမှ တစ်ဆင့် ဘဏ်အချင်းချင်းငွေလွှဲသည့် ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ် ၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ် ၊ ကမ္ဘောဇဘဏ် ၊ မြန်မာ့ရှေ့ဆောင် ဘဏ်၊ ယူနိုက်တက်အမရဘဏ်နှင့် ရိုးမဘဏ်တို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းမှတစ်ဆင့် ဘဏ်အချင်းချင်း ငွေလွှဲ သည့် ဝန်ဆောင်မှုသည် သုံးစွဲသူများကို နီးစပ်ရာ ဘဏ်ခွဲများသို့ သွားရောက်ရန် မလိုဘဲ ဘဏ်တစ်ခုနှင့်တစ်ခုကြား ငွေလွှဲခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ဤဝန်ဆောင်မှု သည် လူတစ်ဦးနှင့် တစ်ဦး ထိတွေ့မှုကို လျှော့ချပေးနိုင်ရုံသာမက ဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို့ ငွေလွှဲရန်ကိစ္စအတွက် ဘဏ်ခွဲများသို့ ကူးချည်သန်းချည် သွားရသည့် အခြေအနေမှလည်း လွတ်ကင်းနိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် ဘဏ်အချင်းချင်းကြား ငွေလွှဲလိုပါက မိမိ၏ OnePay ပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်ပြီး လွယ်ကူစွာ ငွေလွှဲနိုင်မည်ဖြစ်သည်။ ငွေဖြည့် ခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍သော်လည်းကောင်း၊ e-commerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်၏ MPU ကတ်ကိုမဆို အသုံးပြု၍ သော်လည်းကောင်း၊ Visa သို့မဟုတ် Master Card များ အသုံးပြု၍ သော်လည်းကောင်း ပြုလုပ်နိုင်သည်။
ထို့အပြင် ဘဏ်စာရင်းနှင့် ကတ်များမရှိဘဲနှင့်လည်း နီးစပ်ရာ 123 ဝန်ဆောင်မှုရသည့်ဆိုင်များနှင့် နိုင်ငံတစ်ဝန်းရှိ OnePay ၏ တရားဝင် ကိုယ်စားလှယ်ဆိုင်များတွင် ငွေဖြည့်နိုင်သည်။ ငွေဖြည့်ပြီးသည့် နောက်တွင် မိမိ၏ OnePay ပိုက်ဆံအိတ်ထဲမှ အထက်ဖော်ပြပါ ဘဏ်များထဲက မိမိငွေလွှဲလို သည့် ဘဏ်သို့ ငွေလွှဲခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ သုံးစွဲသူတွေအတွက် ရိုးရှင်းလွယ်ကူပြီး လုံခြုံတဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဘဏ်ဖြစ်တဲ့ AGD ဘဏ်ရဲ့ နည်းပညာအထောက်အပံ့နဲ့ မိုဘိုင်းမှတစ်ဆင့် ဘဏ်အချင်းချင်း ငွေလွှဲတဲ့ ဝန်ဆောင်မှုကို စတင်နိုင်ပါပြီ။ ဒါဟာကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်သွားဖို့ ခြေလှမ်းနောက် တစ်လှမ်းပဲ ဖြစ်ပါတယ်။ ဒီဘဏ်အချင်းချင်း ငွေလွှဲတဲ့ဝန်ဆောင်မှုကို အသုံးပြု တဲ့အခါမှာ သုံးစွဲသူတွေက ဝန်ဆောင်ခအပိုကုန်ကျစရိတ်တွေ ထပ်ပေးဖို့မလိုပါ ဘူး။ ငွေလွှဲတဲ့အခါမှာ သက်ဆိုင်ရာဘဏ်တွေက သတ်မှတ်ထားတဲ့ ငွေလွှဲခ အတိုင်းပဲ ကျသင့်မှာဖြစ်ပြီး OnePay app က သုံးစွဲသူတွေ ငွေလွှဲမှုကို အတည် မပြုခင်အဆင့်မှာ ကျသင့်မယ့် ငွေလွှဲခပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ OnePay app ကနေ ငွေလွှဲလိုက်ပြီး တစ်ဖက်က လက်ခံသူရဲ့ဘဏ် account ထဲကို ငွေရောက်ဖို့ ရုံးဖွင့်ရက် နှစ်ရက် အချိန်ယူမှာ ဖြစ်ပါတယ်” ဟု OnePay Company Limited ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးအောင်ဇေယျမျိုးက ပြောသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ၊ တိုးတက်လာသည့် နည်းပညာ၊ မြင့်တက် လာသောမိုဘိုင်း အသုံးပြုမှုနှင့် ပြည်တွင်းတွင် အင်တာနက်အသုံးပြုနိုင်သည့် ဧရိယာကျယ်ပြန့်လာမှုတို့သည် မြန်မာလူထုကို သမားရိုးကျငွေပေးချေမှုစနစ်မှ ငွေသားမဲ့ မိုဘိုင်းငွေပေးချေမှုစနစ်သို့ ကူးပြောင်းရန် တွန်းအားပေးလျက် ရှိသည်။ OnePay app သည် သုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းများကို မိုဘိုင်းဘဏ် လုပ်ငန်းနှင့် ငွေပေးငွေယူလုပ်ငန်းများ ပေါင်းစပ်ထားသော ပလက်ဖောင်းတစ်ခု တည်းပေါ်တွင် ဆက်သွယ်ချိတ်ဆက်ပေးသော အက်ပလီကေးရှင်းဖြစ်သည်။ Onepay သည် ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် အရေးပါသော လူနေမှု လုပ်ငန်း ဆောင်တာများအတွက် လိုအပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ဝယ်ယူ ရာတွင် ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေနိုင်သည့် ဝန်ဆောင်မှု ပေးအပ်ခြင်း ဖြင့် သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူသော လူနေမှုပုံစံ ဖန်တီးပေးရန် ရည်ရွယ်သည်။ OnePay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံး ပြုနိုင်မည်ဖြစ်ပြီး အက်ပလီကေးရှင်းကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်‌ကြောင်း၊ OnePay အကြောင်းကို ပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် application ကို download လုပ်ရန် OnePay၏ တရားဝင် စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ မောင်စိန်လွင်(မြန်မာ့အလင်း)