ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်စေတီတော် ဌာပနာတိုက်အတွင်းရှိ မြတ်ဗုဒ္ဓရဲ့ ဆံတော်ဓာတ်မြတ်ကို ဒီနေ့ (ဧပြီလ ၁၉ ရက်) မနက် ငါးနာရီ မိနစ် ၄၀ အချိန်က စတင်ပြီး ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်ခဲ့ပါတယ်။

ဆံတော်ဓာတ်မြတ်ကို သံဃာတော်အပါး (၄၅၀၀)၊ သီလရှင်အပါး (၅၀၀) က ဦးဆောင်ပြီး ဗိုလ်တထောင်ကမ်းနားလမ်းတစ်လျှောက်ကနေ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ကနေ ခြေလျင်ပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်းဆောင်းမှာ ဧပြီလ ၁၉ ရက်ကနေ ၂၄ ရက်အထိ အများပြည်သူ လာရောက်ဖူးမျှော်နိုင်ဖို့ ငါးရက်ကြာ အပူဇော်ခံထားရှိမှာ ဖြစ်ပါတယ်။

“ရွှေတိဂုံစေတီတော်မှာ အပူဇော်ခံတာ ပထမဆုံးအကြိမ်ပါ။ ၁၉၉၀ ခုနှစ်လောက်တုန်းကတော့ ဗိုလ်တထောင် အနီးတစ်ဝိုက် မြို့နယ်တွေကို လှည့်လည် အပူဇော်ခံတဲ့ မှတ်တမ်းဓာတ်ပုံတွေရှိပါတယ်”လို့ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ဝင် ဦးမျိုးမြင့်က ဓူဝံမီဒီယာကို ပြောပါတယ်။

ဆံတော်မြတ်ကို ဧပြီလ ၂၄ ရက်မှာ ဗိုလ်တထောင်စေတီတော်ကို ခြေလျင် ပြန်လည်ပင့်ဆောင်မှာဖြစ်ပြီး ဗိုလ်တထောင်စေတီတော် နန်းဦးတန်းဆောင်မှာ ၃ ရက်ကြာ အပူဇော်ခံထားရှိမှာဖြစ်ကာ ၂၇ ရက်နေ့မှာတော့ ဌာပနတိုက် အတွင်း ပြန်လည် ပင့်ဆောင်မယ်လို့ သိရပါတယ်။

“ဖူးရခဲပါတယ်။ အသက် ၆၀ ကျော်နေပြီ အခုမှ ဒီတစ်ခါပဲ ဖူးရပါတယ်။ အင်မတန်ထူးမြတ်ပါတယ်”လို့ ဆံတော်ကို လာရောက် ဖူးမျှော်သူ ဒေါ်တင်နွဲ့က ပြောပါတယ်။

ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်အပူဇော်ခံခြင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ သာသနာရေး ၀န်ကြီးဌာနနဲ့ နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော်ကြီးများက စီစဉ်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်တာ ဖြစ်ပါတယ်။

Credit : Duwun