မကွေးတိုင်းဒေသကြီး စလင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဝက်သည်းကန်ကြီး ပိုမို သာယာလှပလာရေးနှင့် ပြည်သူများ အပန်းဖြေရင်း မိသားစုများနှင့်အတူ အပျော် စီးနင်းနိုင်ရန် နှစ်ယောက်စီး ခြေနင်းဘဲငန်းလှေများကို သြဂုတ်လဆန်းမှစ၍ ထားရှိ ပေးထားခဲ့ပြီးနောက် ရွှေမုဋ္ဌောဘုရားကြီးနှင့် ဝက်သည်းကန်အတွင်း ယခင်ကထက် လာရောက်လည်ပတ်သူ ပိုမိုများပြားကာ နေ့စဉ် လူစည်ကားလျက်ရှိကြောင်း သိရ သည်။
စလင်းမြို့ ဝက်သည်းကန်ကြီးအတွင်းတွင် ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်က သိရိဓမ္မာ အသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော် ကြီးအား တံတား၊ စောင်းတန်းများဖြင့် ဘက်စုံပြုပြင်လျက်ရှိသလို ဘုရားကြီးအနီး ကန်ရေပြင်ထဲတွင် အပျော်စီး ခြေနင်းဘဲငန်းလှေများကိုလည်း ပြည်သူများ အပန်းဖြေ စီးနင်းနိုင်ရန် သြဂုတ်လဆန်းမှစတင်၍ ဂေါပကအဖွဲ့က စီစဉ်ပေးခဲ့သည်။
အပျော်စီး ခြေနင်းဘဲငန်းလှေများမှာ စက်ဘီးခြေနင်းကဲ့သို့ နင်းရပြီး ဘေး ဘယ်ညာကွေ့ခြင်း၊ နောက်သို့ ဆုတ်ခြင်းများ ပြုလုပ်နိုင်သည်။ လှေစီးသူများ အ္တရာယ်မဖြစ်ပေါ်စေရေးအတွက် အသက်ကယ်အင်္ကျီများလည်း လှေပေါ်တွင် ထားရှိပေးထားပြီး လှည့်လည်စီးနင်းရန် နယ်နိမိတ်ကိုလည်း သတ်မှတ်ပေးထား ကြောင်း သိရသည်။