COVID -19 ကြောင့်ပြည်သူတွေအနေနဲ့ လက်ရှိအခြေနေကို ငြီးငွေ့လာပြီး စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာမှာ ကိုစိုးရိမ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မွန်၊ ကရင်၊ တနင်္သာရီက ဝန်ကြီးချုပ်တွေနဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုမှာ ပြောလိုက်တာပါ။

မနက်ဖြန်ကျရောက်မယ့် ကဆုန်လပြည့်နေ့မှာ ကျင်းပကြမယ့် ကဆုန်ညောင်ရေသွန်းပွဲကို မလုပ်ကြဖို့၊ လူတွေစုသွားရင် ကုသိုလ်အတွက် လုပ်တယ်ဆိုပေမယ့် ကိုယ့်ကြောင့်တခြားသူတွေ ရောဂါရသွားရင် အကုသိုလ်ဖြစ်သွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နာရီပိုင်း ပျော်ပျော်ရွှင်ရွှင်နေရလိုက်ရလို့ ရောဂါရသွားရင် မတန်တဲ့အတွက် ကိုယ်ရှုံးတာနဲ့အမြတ်နဲ့က လုံးဝကို ကွာခြားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒီနေ့ မွန်၊ ကရင်၊ တနင်္သာရီက ဝန်ကြီးချုပ်တွေနဲ့ အပြန်အလှန်ဆွေးနွေးရာမှာ နယ်စပ်က ပြန်ဝင်လာမယ့် အလုပ်သမားတွေရဲ့ အရေးကိစ္စကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။

အလုပ်သမားတွေ ပြန်ဝင်လာမယ့် စိန်ခေါ်မှုလှိုင်းကို အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အကောင်းဆုံးကိုင်တွယ်နိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နယ်စပ်ကနေ ပြန်ဝင်လာမယ့် အလုပ်သမားက သောင်းဂဏန်းရှိပြီး လက်ရှိထိတော့ အနည်းငယ်သာ ပြန်ဝင်လာသေးတယ်လို့လည်း သိရပါတယ်။

မေ − ၅ ၊၂၀၂၀
Credit to 7 Day News
ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်