ဘာသာရေးကိုလွဲမှားစွာအသုံးချနေမှုမှန်သမျှကို အများပြည်သူသိရှိအောင် ဆန့်ကျင်ထုတ်ပြဖို့ အားလုံးမှာတာဝန်ရှိတယ်လို့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌ ဆရာတော်ကြီးက မိန့်ကြားလိုက်ပါ တယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနဲ့ ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံရာမှာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌ ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။

မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား အပြန်အလှန်နားလည်မှု လေးစားမှုနဲ့ ယုံကြည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံသာယာတဲ့လူ့ဘောင်တည်ဆောက်နိုင်ဖို့ အရေးတကြီးလိုအပ်တယ်လို့ ဥက္ကဌဆရာတော် ဗန်းမော်ဆရာတော်ဘုရားကြီးက မိန့်ကြားဆွေး နွေးခဲ့တာဖြစ်ပါတယ်။

ဘာသာရေးကိုခုတုံးလုပ်ပြီး အမုန်းစကားပြောဆိုတာ မမှန်မကန်ဝါဒဖြန့်တာ အဲဒါတွေကြောင့် ခိုက်ရန်ဖြစ်ပွားတာ ဆူပူသောင်းကျန်းတာ စစ်မက်တိုက်ခိုက်တာမှန်သမျှနဲ့ ဒီလိုပြဿနာတွေဖြစ်ပေါ်အောင် ထောက်ပံ့ကူညီသူတွေကို ပြင်ထန်စွာရှုတ်ကြရပါမယ်လို့ လည်း မိန့်ကြားခဲ့ပါတယ်။

ကိုးကွယ်ရာဘာသာတွေဟာ လူသားကောင်းကျိုးချမ်းသာကို ညွှန်ပြကြသောကြောင့် အဲဒီအကြမ်းဖက် ဝါဒနဲ့အစွန်းရောက်ဝါဒတွေဟာ ဘာသာရေးယုံကြည်ကိုးကွယ်ကျင့်သုံးမှုတွေကို အခြေခံတယ်လို့ ယူဆ လက်ခံခြင်းမရှိဘူးလို့လည်း ဆက်လက်မိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာနဲ့ နတ်ကိုးကွယ်မှုဘာသာတွေကိုလည်း နိုင်ငံအတွင်းတည်ရှိတဲ့ ဘာသာတွေအဖြစ် အသိအမှတ်ပြု ကူညီစောင့်ရှောက်ပေးလျက်ရှိပါတယ်လို့ လည်း ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးကလည်း ဒီမြေပေါ်မှာငြိမ်းချမ်းခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်း မျိုးစေ့တွေကို စိုက်ပျိုးဖို့ခရီးလမ်းကို ဆရာတော်တို့နဲ့အတူ လျောက်လှမ်းလိုပါတယ်လို့ ကတ်သလစ်ညီအစ်ကိုမောင်နှမတွေကိုယ်စား လျောက်ထားပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာလိုပဲ ပင်လုံညီလာခံနဲ့ပတ်သက်လို့ ငြိမ်း ချမ်းရေးညီလာခံရဲ့ လုပ်ဆောင်ချက်တွေကို ထပ်မံဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူတွေအားလုံး ပိုပြီး အားတက်သရောပါဝင်နိုင်ဖို့ ဆုတောင်းပေးပါတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်သို့ ၄ ရက်ကြာ ပထမဆုံးသမိုင်းဝင်ခရီးစဉ်ဟာ ဒီနေ့ပြီးဆုံးပြီဖြစ်ပါတယ်။ ဒီနေ့ညပိုင်းမှာ မြန်မာပြည်ကနေပြန်လည်ထွက်ခွာက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ဆက်သွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ – ရိုက်တာ
Credit: 7Days