ရန်ကုန် မေ ၂၀
ရန်ကုန်မြို့၌ ခေတ္တပိတ်ထားသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည် ကို မေ ၁၉ ရက်က တွေ့ရသည်။ ကြည့်မြင်တိုင် မြို့နယ်နှင့် အခြားသော မြို့နယ်များတွင် ပြန်လည်ဖွင့်လှစ်မည့် စားသောက် ဆိုင်များသို့ သက်ဆိုင်ရာ မြို့နယ် ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီများက ကွင်းဆင်းလိုက်လံစစ်ဆေးလျက် ရှိသည်။

မေ ၁၉ ရက်က ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်နှင့် အအေးဆိုင်ကြီး တစ်ဆိုင်ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးလှမျိုးထွန်းက ‘‘ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာနက ညွှန်ကြားချက်အတိုင်း စားသောက်ဆိုင်တွေ ဆောင်ရွက်ထား ရမယ့်၊ လိုက်နာရမယ့်စည်းကမ်းတွေ ကို တိတိကျကျလိုက်နာဖို့ လိုက်လံ စစ်ဆေးတာပါ။ မိမိမြို့နယ်ထဲမှာ စားသောက်ဆိုင် ပြန်ဖွင့်မယ်ဆိုရင် မြို့နယ်စည်ပင်သာယာရေးကော်မတီကို သိလိုတဲ့အချက် စည်းကမ်းတွေကို မေးမြန်းနိုင်ပါတယ်’’ ဟု ပြောသည်။
တင်၀င်းလေး(ကြည့်မြင်တိုင်)