ပဋိပက္ခများထံ ဦးတည်သွားစေမည့် အရေးအသားများ၊ ဝါဒဖြန့်မှုများနှင့် သတင်းမှားများကို Facebookက ထိထိရောက်ရောက် စိစစ် ဖယ်ရှားသွားတော့မည်ဟု သိရသည်။

နိုင်ငံအချို့တွင် Facebookကို အခြေပြု၍ ပဋိပက္ခ ဖြစ်လာအောင် လှုံ့ဆော်မှုများ ဖြစ်ပွားခဲ့သည်ကို အကြောင်းပြုပြီး ယခုလို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အခြေစိုက် လူမှုကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီက ဇူလိုင် ၁၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ မူဝါဒသစ်အရ Facebookက စံသတ်မှတ်ထားသည့် သတင်းတု၊ သတင်းမှားများ၊ အန္တရာယ် ဖြစ်နိုင်လောက်သည့် ရေးသားမှုများ ရှိလာပါက ဝက်ဘ်ဆိုက်ပေါ်မှ ချက်ချင်း ဖြုတ်ချ၍ ဖယ်ရှားမည် ဖြစ်သည်။ သီရိလင်္ကာ၊ မြန်မာနှင့် အိန္ဒိယတို့တွင် လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်းများ ဖြစ်လာအောင် Facebookပေါ်မှ သွေးထိုးမှုများ ရှိခဲ့သည့်နောက် ယခုလို ကြပ်မတ်ကိုင်တွယ်မှုမျိုးဖြင့် တုံ့ပြန်ရန် စီစဉ်ခဲ့ကြောင်း Facebook၏ ထုတ်ကုန်မန်နေဂျာ တစ်ဦးဖြစ်သည့် တက်ဆာ လိုင်ယွန်စ်က ရှင်းပြသည်။

Facebookသည် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုတွင် အမုန်းစကား ဖြန့်ချိသည့် ကြားခံ ကိရိယာ တစ်ခုသဖွယ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချ ခံနေရခြင်းကို ထိရောက်စွာ ကြပ်မတ်ကိုင်တွယ်မှု အားနည်းသည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီ အရေးနှင့် ဆက်စပ်သည့် နောက်ဆက်တွဲ သွေးထိုး လှုံ့ဆော်မှုများကို Facebookက စီမံ အရေးယူပုံ လျော့နည်းလွန်းခဲ့ခြင်းအပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက မေးခွန်းထုတ်ခဲ့ကြသည်။

သီရီလင်္ကာတွင်လည်း ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မွတ်ဆလင်များကြား အထင်အမြင် လွဲမှားစေမည့် သတင်းတုများ Facebookပေါ်မှ စတင်ပျံ့နှံ့လာသည့်နောက် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ဖူးသည်။

Ref: New York Times

Credit: 7daynews