အမေရိကန်၊ ဗြိတန်၊ ပြင်သစ် သုံးနိုင်ငံပူးပေါင်းပြီး ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက် ထုတ်လုပ်သိုလှောင်ရာ နေရာတွေကို ဒုံးကျည်များဖြင့်တိုက်ခိုက်မှု စတင်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီ ၁၃ ရက် နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။

ယခုတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က သူပုန်တွေထိန်းချုပ်ထားတဲ့ အရှေ့ဂူတားဒေသရှိ ဒူမာမြို့ကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့မှုအတွက် တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။ ဒူမာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

“ပြင်သစ်နဲ့ ဗြိတိန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေး စတင်နေပြီ ဖြစ်ပါတယ်” လို့ သမ္မတထရန့်က နိုင်ငံကိုမိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့ပါတယ်။ သတင်းတွေအရလည်း ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်မြို့အနီးမှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ သိရပါတယ်။

“အခု တုံ့ပြန်မှုကို ဆီးရီးယားအစိုးရက တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေမှု ရပ်ဆိုင်းတဲ့အချိန်ထိ ဆက်လက် လုပ်ဆောင်သွားမှာပါ” လို့လည်း သမ္မတထရန့်က ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကလည်း ဆီးရီးယားကို ပူးပေါင်းတိုက်ခိုက်မှုမှာ ဗြိတိန်နိုင်ငံ ပါဝင်နေကြောင်း အတည်ပြုခဲ့ပါတယ်။

စစ်အင်အားသုံးမှုကလွဲပြီး အခြား လက်တွေ့ကျတဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ပြောပါတယ်။ သို့သော် ယခုတိုက်ခိုက်မှုတွေဟာ ဆီးရီးယားအစိုးရ ဖြုတ်ချရေးအတွက် မဟုတ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။
ဗြိတိန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအဖြစ် Tornado တိုက်လေယာဉ်လေးစီးက ဆီးရီးယားနိုင်ငံ Homs မြို့အနီးရှိ စစ်တပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ အဆိုပါ စစ်စစန်းမှာ ဓာတုလက်နက်ထုတ်လုပ်တဲ့ ပစ္စည်းများသိုလှောင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခ်ရွန်ကလည်း ဆီးရီးယားကိုတိုက်ခိုက်တဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ ပြင်သစ်ပါဝင်ကြောင်း အတည်ပြုခဲ့ပါတယ်။ ယခု တိုက်ခိုက်နေတဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်နဲ့ ဆက်စပ်နေတဲ့ နေရာတွေကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတထရန့်က ပြောခဲ့ပါတယ်။

ဆီးရီးယားကိုတိုက်ခိုက်တဲ့ ပူးပေါင်းစစ်ဆင်ရေး ရည်ရွယ်ချက်မှာ ‘ဓာတုလက်နက်များ ထုတ်လုပ်မှု၊ ဖြန့်ဝေမှုနဲ့ အသုံးပြုမှုကို ပြင်းထန်စွာ ဟန့်တားရေး’ ဖြစ်တယ်လို့လည်း သမ္မတထရန့်က ဆိုပါတယ်။

“ဒီလူရဲ့ လုပ်ရပ်တွေက ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်တွေမဟုတ်ဘူး၊ လူသတ်သမားရဲ့ ပြစ်မှုကျူးလွန်တာတွေပဲ” လို့ ဆီးရီးယားသမ္မတ အာဆတ်ကို သမ္မတထရန့်က ရည်ညွှန်းပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေက တိုမာဟော့ခ်ခရုစ်ဒုံးကျည်များ (Tomawawk cruise missiles) ဖြင့် ဆီးရီးယားနိုင်ငံအတွင်း ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကက်ရှိ မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း မြို့ထဲမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ခြောက်ကြိမ်ထက်မနည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရ ရုပ်မြင်သံကြားဌာနကလည်း ဒမတ်စကက်မြို့ကို လေကြောင်းမှတိုက်ခိုက်နေကြောင်း အတည်ပြုခဲ့ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကို ဒမတ်စကက်မှာ ဖြန့်ကျက်ချထားတယ်လို့လည်း ဆီးရီးယားအစိုးရက ပြောပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရန်လိုကျူးကျော်မှုဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆန့်ကျင်မှုဖြစ်ပြီး ကျရှုံးလိမ့်မယ်လို့ ဆီးရီးယားအစိုးရ သတင်းဌာန SANA က ပြောပါတယ်။

ဗြိတိန်အခြေစိုက် Syrian Observatory for Human Rights စောင့်ကြည့်အုပ်စုရဲ့ အဆိုအရ တိုက်ခိုက်မှုတွေဟာ ဒမတ်စကက်မြို့ရှိ ဆီးရီးယားသိပ္ပံသုတေသန အဆောက်အအုံနဲ့ အခြား စစ်စခန်းအချို့ကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားအစိုးရကတော့ ဒူမာမြို့မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကို ငြင်းဆိုထားပါတယ်။ ဆီးရီးယားရဲ့မဟာမိတ် ရုရှားနိုင်ငံက အနောက်အုပ်စုအနေနဲ့ ဆီးရီးယားကို တိုက်ခိုက်ခြင်းက စစ်ပွဲအစပျိုးမှု ဖြစ်လာနိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စုနဲ့ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးတင်မာမှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိနေပါတယ်။

ယခု တိုက်ခိုက်မှုတွေ မစတင်မီမှာ ဆီးရီးယားအရေး စစ်ရေးတင်းမာမှု မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေး ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

Credit to: duwun