အိန္ဒိယရုပ်ရှင်ကားကို အခြေပြုမှီငြမ်းထားသည့် ”တာတေကြီး ” ရုပ်ရှင်ဇာတ်ကားကြီးကို လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးထားပြီး အကယ်ဒမီနေတိုးနှင့် ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြကာ သရုပ်ဆောင် ဇော်ဦး၊ ညီဂျော်၊ ကိုကိုဦး၊ အောင်မိုး၊ ဦးဝင်းမြိုင်၊ သိင်္ဂီထွန်း၊ ဒေါ်နွဲ့နွဲ့စန်း၊ ချောချော၊ စင်သီယာ၊ အိစိကွေး၊ ဇာဇာဘုန်းမြတ်နှင့် သရုပ်ဆောင်များစွာတို့ကလည်း အားဖြည့်ပါဝင်ထားကြောင်း သိရသည်။
အဆိုပါဇာတ်ကားတွင် ဘွဲ့ရပြီးခါစ လူငယ်တစ်ယောက်ဖြစ် သည့် ရဲခေါင် (နေတိုး ) သည် အပေါင်းအသင်းမက်သူတစ်ယောက် ဖြစ်ပြီး သူငယ်ချင်းတွေကြားမှာလည်း ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ရှေ့ကဦးဆောင်ကာ ဖြေရှင်းတတ်သူတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ အားနည်းချက်က သရဲကြောက်တတ်သည့်စိတ်၊ ထိုအားနည်း ချက်ကြောင့်ပင် သူငယ်ချင်းတွေနှင့် မိသားစုတွေက သရဲဆိုတာ တကယ်မရှိကြောင်းပြောသော်လည်း ရဲခေါင်က လက်မခံနိုင်ဖြစ်ခဲ့ပြီး ကြောက်ရွံ့စိတ်ကသာ ကြီးစိုးနေသည်။ ထို့ကြောင့် ရယ်စရာ၊ စနောက် ချင်စရာဖြစ်နေခဲ့သည်။

သူမည်မျှအထိ သရဲကြောက်သနည်းဆိုပါက တူ၊ တူမလေးတွေက သရဲခြောက်တမ်းကစားမယ်ဆိုလာလျှင်ပင် နေစရာမရှိဖြစ်နေ သူ၊ အိမ်သာသွားရင်တောင်မှ မိခင်ကို မရမက ခေါ်တတ်သူတစ်ယောက် ပင်။ တစ်နေ့ ရဲခေါင်တို့ သူငယ်ချင်းတစ်စု ပိုက်ကျော်ခြင်းကစား နေကျနေရာကို ကွန်ဒိုဆောက်ဖို့ အသိမ်းခံလိုက်ရသည်မို့ ကစားရန် နေရာရှာရင်းက တခြားရပ်ကွက်မှာရှိသည့် လူမနေသောခြံအကျယ်ကြီး ထဲတွင် သွားရောက်ကစားခဲ့ကြသည်။ ယင်းခြံကြီးထဲကို ရပ်ကွက်ထဲမှ မည်သူတစ်ဦးတစ်ယောင်ပင် မဝင်ရဲကြပေ၊ သရဲခြောက်သည်ဟု နာမည် ကြီးနေသောခြံဖြစ်နေသည်။ ချောက်ချားစရာကောင်းလှသည့် ခြံထဲ သို့ ရဲခေါင်တို့ သူငယ်ချင်းတစ်သိုက် ပိုက်ကျော်ခြင်း ကစားဖို့အတွက် တိုင်များဆောက်ရန် သံငုတ်များတူးနေရင်း ထူးဆန်းသော ဖြစ်ရပ် အနေဖြင့် ညည်းတွားသံများကြားရပြီး ကောင်းကင်ကြီးမှာလည်း မှောင် မည်းသွားကာ တိမ်မိုးသားတို့က ရဲခေါင်တို့ သူငယ်ချင်းများရှိသည့်အပေါ် တည့်တည့်မှာ မှောင်နေပါတော့သည်။ သရဲဆိုရင် ကြောက်တတ် သော ရဲခေါင်တစ်ယောက် သုတ်ခြေတင်ပြေးရန်ပြင်ပြီး သံငုတ်သုံးချောင်း ကို ပြန်နုတ်ယူကာ ခြေဖဝါးနှင့်တင်ပါး တစ်သားတည်းဖြစ်အောင် ပြေးတော့သည်။

ရဲခေါင်တို့ အိမ်မှာလည်း မရီးဖြစ်သူ၏ ညီမအရင်းဖြစ်သည့် နန္ဒာဆိုသည့် မိန်းကလေးလည်းရောက်ရှိနေပြီး ရဲခေါင်၏လွယ်အိတ် ထဲမှ ထွက်လာသော ညှီစို့စို့ အနံ့တွေက တစ်အိမ်လုံးကို ပျံ့သွားပြီး ရဲခေါင်လည်း လွယ်အိတ်ကို ဆေးကြောသန့်စင်ဖို့ ဘေစင်ကို ယူသွား ချိန် လွယ်အိတ်ထဲမှ သွေးများထွက်လာပြီး ရဲခေါင်၏ လက်တွေကို ပေကျံ ကုန်တော့သည်။ ထိုဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်း သူတို့အိမ်တွင် ညဥ့်နက် သန်းခေါင်ယံအချိန်ဆိုလျှင် အောက်ထပ်ဧည့်ခန်းမှ ကလေးကစား စရာတွေကို ဆော့သည့် အသံတွေ၊ တံခါးဖွင့်သံတွေ စသဖြင့် အသံ ပေါင်းစုံကြားနေရတာကို ရဲခေါင်တို့ မိသားစု သတိထားမိခဲ့ကြသည်။ ရဲခေါင်မသိဘူးထင်၍ မပြောဘဲနေခဲ့ကြရာမှ အခြေအနေတွေ ပိုဆိုး လာပြီး ရဲခေါင်ကိုယ်တိုင်ကလည်း အပြောင်းအလဲတွေဖြစ်လာတာ ကြောင့် မိသားစုတွေကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဒုက္ခတွေရောက်၊ ခေါင်းတွေမီးတောက်ခဲ့ရပြီး ….. ရဲခေါင်ကို မကောင်း ဆိုးဝါးဝင်ပူးနေကြောင်း သတိထားမိလာကြသည်။ ထိုမကောင်း ဆိုးဝါးကြီးကို ”တာတေကြီး”ဟု အများခေါ်ကြသည်။ သရဲ ဖြစ်နေ သည်။ ထိုသရဲကလည်း တစ်ကောင်တည်းမဟုတ် သုံးကောင်ဖြစ်နေ သည်။ ရဲခေါင်အနေနှင့် ယင်းသရဲသုံးကောင်နှင့် မည်ကဲ့သို့ ရှေ့ဆက် သွားမည်ဆိုတာကို နိုဝင်ဘာလလယ်တွင် မြန်မာတစ်ပြည်လုံး ရုံတင် ပြသသွားမည့် တာတေကြီးရုပ်ရှင်ဇာတ်ကားကြီးတွင် ဆက်လက်ကြည့်ရှု ခံစားနိုင်ပြီး နေတိုး၏ ပီပြင်စွာသရုပ်ဆောင်မှုတွေကိုလည်း ကြည့်ရှု နိုင်ရန် ပဏာမတင်ဆက်လိုက်ရပါသည်။

Credit: ကိုလင်း (myanmaalin)