မြန်မာပြည်၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ခေတ်မီစွာ တည်ဆောက်လာသော ကုန်တိုက်ကြီးများက မြို့နေလူအများ လိုချင်သော အသုံးအဆောင်ပစ္စည်းမျိုးစုံကို တစ်နေရာတည်း တွင် အချိန်တိုအတွင်း ရရှိစေနိုင်ခဲ့သည်။

ထို့ထက် ဆယ်စုနှစ်တစ်စုအတွင်း အလွန်လျင်မြန်စွာ ပြောင်းလဲတိုးလက်လာသော ဆက်သွယ်ရေးစနစ်မှ မိုဘိုင်းဖုန်း များနှင့် အွန်လိုင်းစနစ်ချိတ်ဆက်မှုများ ပိုမိုကောင်းမွန် လာခြင်းက မြို့ရန်ကုန်၏ စီးပွားရေးစနစ်ကို Door to Door ဆီသို့ အဟုန်မြှင့် ပြောင်းလဲစေခဲ့သည်။ ထပ်ဆင့်၍ဆိုရသော် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုပွင့်လန်းစေခဲ့သည်။
မိမိလိုချင်သော အသုံးအဆောင်ပစ္စည်းတစ်ခုခုကို ဖေ့ဘုတ်မှသော်လည်းကောင်း၊ ဝက်ဆိုဒ်မှသော်လည်းကောင်း အလွယ်တကူရှာဖွေလာနိုင်ခဲ့ပြီဖြစ်ရာ ကြိုက်နှစ်သက်ပါက ဖုန်းဖြင့် ဆက်သွယ်စကားပြော၍သော်လည်းကောင်း၊Message မှသော်လည်းကောင်း မှာယူနိုင်ကြပြီဖြစ်သည်။ တစ်နိုင်တစ်ပိုင်တစ်ဆွဲဖြင့် မှာယူသူ၏အိမ်အရောက် ပို့ဆောင် ပေးနေကြသည်။ ကြိုတင်သိရှိပြီးသော ပစ္စည်းတန်ဖိုးနှင့် ပို့်ဆောင်ခကို လက်ဝယ်ပစ္စည်းရောက်မှ ပေးချေရခြင်းဖြစ်သည်။ လူငယ်အတော်များများ ထိုစီးပွားရေးကို စိတ်ဝင်တစားရှိကြပြီး ဆောင်ရွက်နေကြသည်ကို လေ့လာတွေ့ရှိရသည်။ ပို့ဆောင်ခ မှာလည်း ငွေကျပ် ၁၅ဝဝ မှ ငွေကျပ် ၂ဝဝဝ၊ ထို့ထက် ခရီးအကွာ အဝေးပေါ်မူတည်၍ အနည်းငယ်သာကွာသည်ကို စေ့ငုမိသည်။
၎င်းတို့ထက်ပို၍ ထူးခြားစွာတွေ့မြင်လာရသော ဝန်ဆောင် မှုတစ်ခုမှာ ရန်ကုန်မြို့အတွင်း စက်ဘီးငယ်လေးများစီးကာ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီနက်ပြာ၊ ဦးခေါင်းတွင် စက်ဘီးစီးဦးထုပ်ကိုယ်စီဆောင်းလျက် နောက် ကျောတွင် ပုံးငယ်လေးများကိုလည်းကောင်း၊ စက်ဘီးနောက်ခုံ တွင် တင်လျက်လည်းကောင်း သွားလာလှုပ်ရှားနေကြသော စက်ဘီးစီးလူငယ်လေးများကို နေ့စဉ်မြင်တွေ့လာရသည်။
ထိုလူငယ်လေးများအစပြုထွက်ခွာရာရပ်ဝန်းကို လိုက်လံ ရှာဖွေခဲ့သည်။ စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ အာရှတောင်ဝင် ဆေးရုံအနီးလမ်းအတွင်း ကွန်ဒိုတစ်ခုမှ မြစ်ဖျားခံထွက်လာကြ ခြင်းဖြစ်သည်ကို တွေ့ရသည်။

င်္Food 2u (food to you)” မင်းဆီသို့ အစားအစာများ ရောက်လာမည်”Always with you ” အမြဲတမ်း မင်းနဲ့ အတူရှိနေမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ငယ်ရွယ်နုပျိုသော လူငယ်လေးများ ဦးစီးဆောင်ရွက်နေသည့် အိမ်အရောက် အစားအစာပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည်။

ရုံးခန်းအတွင်းသို့ ရောက်ရှိသွားချိန်ဝယ် အံ့သြမှုတစ်ခု ဖြစ်ခဲ့ရသည်။ သာမန်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုမက တွေ့မြင် လိုက်ရသည်။ စားပွဲခုံအသီးသီးပေါ်ဝယ် အွန်လိုင်းချိန်ဆက်ရန် ကွန်ပျူတာများရှိပြီး ငယ်ရွယ်သော အမျိုးသမီးလေးများက မှာယူမှုအသီးသီးကို လက်ခံဖမ်းယူနေကြသည်။

အသက် ၂၅ နှစ်ကျော်ဝန်းကျင်ရှိ Chief Marketing ဒေါ်ရီမွန်ဟန်က ”ကျွန်မတို့ ဒီလုပ်ငန်းကို စတင်ခဲ့တာက ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလထဲကပါ။ အစက ဆိုင်တစ်ဆိုင်တည်းကပဲ အစားအစာ စာရင်း (Menu) ၅ဝ နဲ့ပဲ စားသုံးသူတွေမှာယူမှု ကို ပေးပို့ပေးပါတယ်။ နောက် စားသုံးသူတွေရဲ့ တောင်းဆိုချက် ကြောင့် အခြားစားသောက်ဆိုင်တွေက စားချင်တဲ့အစားအစာ သက်သတ်လွတ်ကအစ ပို့ပေးပါတယ်။ အခုဆို မတူညီတဲ့ ဆိုင်ပေါင်း ၁၂ဝ ကျော်နဲ့ ချိတ်ဆက်ပြီး ရန်ကုန်မြို့ ၁၈ မြို့နယ် အတွင်းမှာ နံနက် ၁၁ နာရီကနေ ည ၉ နာရီခွဲအထိ ပို့ဆောင် ပေးနေပါပြီ။ အကယ်၍ အလှူအတန်းရှိလို့ သတ်မှတ်အချိန်မှ မဟုတ် မှာယူချင်တယ်ဆိုရင်လည်း ဖြစ်အောင်ဆောင်ရွက်ပေး ပါတယ်။ အဓိကကတော့ အွန်လိုင်းစနစ်နဲ့ အများဆုံးချိတ်ဆက် ထားပါတယ်။ စတင်တည်ထောင်သူကလည်း ပြည်တွင်းကပဲ ဆိုတော့ ပြည်တွင်းမှာပဲ ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နေ ပါတယ်” ဟု ပြောသည်။
လူငယ်တစ်ဦးဖြစ်သည့် Chief Operating Officerကိုဇော်လင်းအောင်က ” မြို့တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း တစ်ခု ပေါ်ပေါက်လာခြင်းပါ။ လူငယ်လေးတွေနဲ့ အများကြီး သင့်လျော်ပါတယ်။ စက်ဘီးစီးဝါသနာပါတယ်ဆိုရင် အဆင်ပြေ ပါတယ်။ သင်တန်းတွေပေးပြီး လုပ်ငန်းဝင်နိုင်အောင် စီစဉ်ပေး ပါတယ်။ ပညာသင်ရင်း အချိန်ပိုင်းဝင်ပြီး ဆောင်ရွက်မယ်ဆို ရင်လည်း ရပါတယ်။ လူငယ်တော်များများက စိတ်ဝင်စားကြပါ တယ်။ အခုလို ယာဉ်ကြောကျပ်တည်းမှုများတဲ့ ရန်ကုန်မှာ စက်ဘီးလေးတွေ အလွယ်တကူဝင်ပြီး လိုရာခရီးကို အမြန်ဆုံး အရောက်ပို့ပေးနိုင်ပါတယ်။ ကျွန်တော်တို့လိုပဲ အခြားကုမ္ပဏီ နှစ်ခု၊ သုံးခုကလည်း ဆောင်ရွက်နေကြပါတယ်။ ရန်ကုန်မြို့ရဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုပါပဲ”ဟု ဆိုသည်။
ဒေါ်ရီမွန်ဟန်ကပင် ဆက်လက်၍ ” ရန်ကုန်မှာက အိမ်ရှိ လူအကုန်နီးပါးက အလုပ်ကိုယ်စီနဲ့ပါ၊ စီးပွားရေးအစ ကျောင်း အစပေါ့နော်၊ အခုလို အစားအသောက်အတွက်နဲ့ အချိန်ကုန် မခံနိုင်ကြတော့ဘူး။ အဲ့ဒါမျိုးဆိုရင် တစ်ပတ်စာ၊ တစ်လစာ အတွက် Menu နဲ့ မှာနိုင်သလို အိမ်ရှင်မတွေ၊ အသက်ကြီးရွယ်အို တွေ ဈေးဝယ်ဖို့ အခက်အခဲရှိရင်လည်းCity Shopper” ဈေးဝယ်အကူ” အဖြစ် လိုချင်တဲ့ဆိုင်က အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်ကအစဝယ်ပြီး ပို့ဆောင်ပေးတဲ့စနစ်လည်း စတင် နေပါပြီ။။ ကျွန်မတို့ ရဲ့ Website www.food2u.com.mm နဲ့ www.city shopper.com.mm နဲ့သာ ချိတ်ဆက်လိုက်ပါ။ စားသုံးသူတွေအတွက် အားလုံးအဆင်ပြေသွားမှာပါ” ဟု ထပ်ဆင့် ဆိုခဲ့သည်။

Credit To: Myanmaallin
တင်ဝင်းလေး(ကြည့်မြင်တိုင်)