မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ကျင့်သုံးတော့မည်ဖြစ်ရာ ကုမ္ပဏီဥပဒေသစ်နှင့် ပတ်သက်သော အမိန့်ကြေညာစာများကို ဇူလိုင် ၉ ရက် ညပိုင်းနှင့် ဇူလိုင် ၁ဝ ရက်များတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။
”ပထမတစ်ခုအနေနဲ့က ကုမ္ပဏီ တွေမှတ်ပုံတင်တဲ့အခါ ဆက်စပ်တဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ မှတ်ပုံတင်ကြေးနှုန်းထား သတ်မှတ်ချက် အသေးစိတ်ပါ။ ဒုတိယအနေနဲ့က အများ နဲ့ သက်ဆိုင်တဲ့ကုမ္ပဏီတွေ ဖွဲ့စည်း တည်ထောင်တဲ့အခါ လုပ်ကိုင်ရမယ့် အမိန့်ကြေညာစာပေါ့။ တတိယအနေနဲ့ က အသင်းအဖွဲ့တွေ ထူထောင်တဲ့အခါ ဘယ်လိုလိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ အမိန့်ကြေညာစာကို ဒီညထုတ်ပြန် ပါမယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင် နိုင်ဦးက ပြောကြားသည်။
ဆက်လက်၍ ဇူလိုင် ၁ဝ ရက်တွင် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် ကုမ္ပဏီလုပ်ငန်းစဉ်သတ်မှတ်ပုံစံ ၁ဝဝ ကျော်ကို အမိန့်ကြေညာစာထုတ်ပြန်ပြီး အများပြည်သူသိရှိအောင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ဇူလိုင် ၇ ရက်တွင် ကျင်းပသော အစည်းအဝေးအပါအဝင် ရက်သတ္တပတ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းသုံးခု၊ အတည်ပြုလုပ်ငန်း ၁၅ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းတစ်ခုအပါအဝင် စုစုပေါင်း လုပ်ငန်း ၁၉ ခု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုခဲ့ပြီး အတည်ပြုလုပ်ငန်း ၁၅ ခုအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သုံးခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ကိုးခု၊ ပဲခူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ မှ တစ်ခု၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ တစ်ခုနှင့် နေပြည် တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တစ်ခုတို့ဖြင့် အစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၁၂၃ သန်းကို ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါခွင့်ပြုလုပ်ငန်း ၁၉ ခု မှာ စက်မှုကဏ္ဍမှ ၁၆ ခု၊ လယ်ယာ ကဏ္ဍမှ တစ်ခုနှင့် အခြားကဏ္ဍမှ နှစ်ခု တို့ ဖြစ်သည်။
၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ခြောက်လအတွင်း ယခုဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၄ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၅ ဒသမ ၆၇၅ သန်းဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံ မှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၉၂ ဒသမ ၉ဝ၈ သန်းဖြစ်သည်။ ထို့ပြင် အထူးစီးပွားရေးဇုန် ဥပဒေအရခွင့်ပြု ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၄၉ ဒသမ ၁ဝဝဖြစ်ရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၈၄၂ ဒသမ ဝဝ၈ သန်း ဖြစ် သည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အတည်ပြုလုပ်ငန်းငါးခုကို လည်း ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းတို့မှာ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ နှစ်ခု၊ ပဲခူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တစ်ခု၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ တစ်ခုနှင့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တစ်ခုတို့ဖြစ်ပြီး အတည်ပြုလုပ်ငန်း ငါးခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝဝ၆ သန်းအပါအဝင် ကျပ်သန်း ၁၁၆၉၈ ဒသမ ၄၄ဝ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အဆိုပါအတည်ပြုလုပ်ငန်း ငါးခုမှာ ဟိုတယ်ကဏ္ဍတွင် တစ်ခုနှင့် စက်မှုကဏ္ဍတွင် လေးခုတို့ဖြစ်သည်။
၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ခြောက်လအတွင်း ယခုဇူလိုင်လအထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု ပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အခု ၅ဝ အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၁၃၂ သန်းအပါအဝင် ကျပ် ၇ဝဝ၅၄၄ ဒသမ ၁၂၉ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၃၆ ဒသမ ၂၈ဝ အပါအဝင် ကျပ် ၇၁ဝ၆၃၅ ဒသမ ၁၂၉ သန်းကို ခွင့်ပြုပြီးဖြစ် သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များမှ ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၁ဝ၉၂၂ ခု ဖန်တီးပေးမည်ဖြစ်ပြီး ယခင် ခွင့်ပြုပြီးလုပ်ငန်းများမှ ပြည်တွင်း လုပ်သားအင်အားတိုးမြှင့်မှုမှာ ၃ဝဝ ဖြစ် သည်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၃၆၄ ခုကို ဖန်တီးပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်း-ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ-ထိန်လင်း