ကျွန်တော့်ဘဝမှာ လုပ်ငန်းတာဝန်အမျိုးမျိုး လုပ်ဆောင်ခွင့်ရ ခဲ့ပါတယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တာဝန်ယူခဲ့တယ်။ ဒါကြောင့်လည်း ပြည်သူ့ ဝန်ထမ်းရေးရာအရပ်ရပ်ကို စိတ်ဝင်စားတယ်။ လေ့လာဆည်းပူး ခဲ့တယ်။ သုတေသနတွေလုပ်ဖြစ်ခဲ့တယ်။ အလုပ်တာဝန် အမျိုးမျိုးဆောင်ရွက်ခဲ့ပေမယ့် ကျွန်တော်အမြတ်နိုးဆုံး၊ တန်ဖိုး အထားဆုံးအလုပ်က ဆရာပဲဖြစ်တယ်။ ကျောင်းဆရာဘဝကို ခုံမင်တယ်။ ကျောင်းသားကျောင်းသူတွေနဲ့ ထိတွေ့ရတာကို ကျေနပ်တယ်၊ အားရတယ်။ ” မင်းမဖြစ်ချင်ဘူး၊ မင်းဆရာပဲ ဖြစ်ချင်တယ်” လို့ ရင်းနှီးတဲ့သူတွေကို အမြဲပြောမိတယ်။ ကံကောင်းလို့ထင်ပါရဲ့ အခုအချိန်အထိ စာသင်ခွင့်ရနေတာ။ တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက် သင်ခွင့်ရတယ်။ သင်ခွင့်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ရတယ်။ သူတို့ခွင့်ပေးမှ၊ သူတို့ လက်ခံမှ ဖြစ်နိုင်တာ။ နိုင်ငံခြားတက္ကသိုလ်မှာလည်း သွား ရောက်ပြီး သင်ကြားခွင့်ရတာမို့ ပိုပြီးကျေနပ်ရတယ်။ စာသင် နေရရင်ပျော်နေမိတယ်။ အမှန်တော့ ကျောင်းဆရာအလုပ်ဟာ ဝါသနာပါမှ လုပ်လို့ရတဲ့အလုပ်မျိုးဖြစ်တယ်။ အမှန်တော့ ကျောင်းဆရာအလုပ်သာမကပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် စိတ်ပါဝင်စားမှုရှိမှဖြစ်တာ။ ဒီအလုပ်ကို မလုပ်ရင်မနေနိုင်တဲ့ စိတ်ရှိမှ အောင်မြင်မှာ။ ဝင်ငွေကောင်းလို့ အခွင့်အရေးရလို့ ဆိုရင် ခဏပဲ။
ကျွန်တော်လေ့လာတဲ့ စီမံခန့်ခွဲမှုဘာသာမှာ လူ တစ်ယောက် ဘာကြောင့်အလုပ်လုပ်သလဲ၊ ဒီလူအလုပ်ပေါ် စိတ်ဝင်စားလာအောင် ဘာတွေလုပ်ရမလဲဆိုတာကို လေ့လာ ခွင့်ရခဲ့တယ်။ လူတိုင်းလူတိုင်းလိုအပ်ချက်ရှိလို့ အလုပ်လုပ်ကြ တာဖြစ်တယ်။ ဒီလိုအပ်ချက်တွေကို အဆင့်(၅)ဆင့်ခွဲခြား လို့ရတယ်။ ပထမအဆင့်က အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ် နေရေးအဆင်ပြေဖို့ အလုပ်လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် လုပ်ခလစာကို မျှော်လင့်ကြတယ်။ ရာထူးတိုးမြှင့်မှုကိုလိုလား ကြတယ်။ ဒါပေမယ့် အခုလိုစားဝတ်နေရေးပြေလည်မှု သာမက၊ ဒုတိယအဆင့်လိုအပ်ချက်က လုံခြုံလိုတဲ့ လိုအပ်ချက် ဖြစ်တယ်။ ဝင်ငွေကောင်းရင်၊ ချမ်းသာရင် စီးပွားရေးအရ လုံခြုံတယ်။ ပူပန်သောက၊ တောင့်တမှုမရှိဘူးလို့ ပြောနိုင်တယ်။ တတိယအဆင့်ကတော့ လူမှုရေးလိုအပ်ချက်ပြည့်မီဖို့ ဖြစ် တယ်။ အလုပ်လုပ်ခြင်းက ရလာတဲ့ပေါင်းသင်းဆက်ဆံမှုတွေ၊ လူမှုရေးထိတွေ့မှုတွေကို ခုံမင်ကြတယ်။ စတုတ္ထအဆင့်ကတော့ အထင်ကြီးလေးစားခြင်းကို ခံယူလိုတဲ့ဆန္ဒ။ လိုအပ်ချက်ဖြစ် တယ်။ နာမည်ကြီးချင်ကြတယ်။ လူတွေရဲ့ လေးစားမှုကို ခံယူလို ကြတယ်။ နောက်ဆုံးအဆင့်ကတော့ ကိုယ့်ကိုယ်ကိုယ်လက်ခံ ပြီး ကျေနပ်အားရတဲ့အဆင့်ဖြစ်တယ်။ လူတိုင်းမှာ အခုလို လိုအပ်ချက်အဆင့်တွေရှိတာကိုသိရင် လစာလုပ်ခတိုးပေးပြီး အလုပ်လုပ်ချင်အောင် တာဝန်ပေးတာမျိုးကို ပြန်လည်သုံးသပ် ရမှာဖြစ်တယ်။
အလုပ်လုပ်ချင်တဲ့စိတ်ဟာ ပြင်ပပယောဂတွေဖြစ်တဲ့ လုပ်ခလစာတိုးမှု၊ အခွင့်အရေးပေးမှုတွေက တွန်းအား ပေးသလို မိမိရင်တွင်းက ပေါ်လာတဲ့၊ လုပ်ချင်တဲ့စိတ်ကလည်း အရေးကြီးတာကို သတိပြုရမယ်။ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပတ်သက်လာရင် လုပ်ခလစာတိုးမြှင့်မှု၊ အခွင့်အရေးပေးမှု စတာတွေကိုပဲ မစဉ်းစားဘဲ အလုပ်ခွင်မှာ လုပ်ပိုင်ခွင့်ပေးမှု၊ အပြန်အလှန်အထက်အောက်လေးစားယုံကြည်မှု၊ အသိအမှတ် ပြုမှု၊ နေရာပေးမှုတွေကိုသာ စဉ်းစားသင့်တယ်။ ဝင်ငွေတစ်ခု တည်းကြောင့် အလုပ်လုပ်နေတာမဟုတ်ဘူးဆိုတာ သတိပြုဖို့ လိုအပ်မှာဖြစ်တယ်။ လုပ်ခလစာတွေတိုးမြှင့်တိုင်း ဝန်ထမ်း ရေးရာ ပပျောက်ပြီလို့  ယူဆလို့မဖြစ်နိုင်ဘူး။ လူတစ်ဦးချင်းရဲ့ ဆန္ဒ၊ လိုအပ်ချက်တွေကိုသိအောင် ကြိုးစားဖို့လိုအပ်တယ်။ ဒါမှလည်း လူရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာ။ ဒီနေရာမှာ ဝန်ထမ်းတွေ ဝင်ငွေနည်းပါးလို့ အဂတိလိုက်စားရပါတယ်။ မလုံလောက်လို့ လုပ်ကြရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော်က ဘဝင်မကျဘူး။
ဒီလိုသာစဉ်းစားရင် အဂတိ လိုက်စားမှုလုံးဝမရှိအောင် လုံလောက်အောင် ဘယ်လောက်ပေးရမလဲ၊ ပေးနိုင်ဖို့လဲ မဖြစ်နိုင်ဘူး။ အမှန်က ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အကျင့်သီလ၊ သိက္ခာနဲ့ဆိုင်တယ်။ ကျွန်တော်ရင်းနှီးတဲ့ တက္ကသိုလ်ကျောင်း ဆရာလောကကို ပြန်သုံးသပ်ရင် စဉ်းစားစရာတွေ အများကြီး။ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်နေချိန်မှာ ဒီအချက်တွေ စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ တတ်ကျွမ်းလိမ္မာတဲ့ ဆရာကြီးတွေ ဦးစီးနေတာမို့ စဉ်းစားကြလိမ့်မယ်လို့ ထင်တယ်။ တက္ကသိုလ်မှာ ဆရာတစ်ယောက်ရဲ့ တာဝန်ဟာ သုံးရပ်ရှိတယ်။ ပထမတာဝန်က သင်ကြားရေး တာဝန်ဖြစ်တယ်။ မိမိလေ့လာ ထားတဲ့ ဘာသာကို ကျောင်းသူ ကျောင်းသားတွေကို မျှဝေ ပေးတဲ့အလုပ်။ ဒါပေမယ့် ထူးဆန်းတာက အခုလို သင်ကြားရေး တာဝန်ပေးတဲ့ ဆရာဆရာမတွေ ကို သင်ကြားမှုနဲ့ပတ်သက်ပြီး စနစ်တကျလေ့ကျင့် သင်တန်းပေးတာ၊ ပို့ချတာမျိုး လုံးဝ မရှိဘူး။
တက္ကသိုလ်မှာ ဆရာတစ်ယောက်ဖြစ်ဖို့ အောင်မှတ် ကောင်းပြီး စာတော်ရင် ဆရာ ဖြစ်တာပဲ။ နည်းပြဆရာဘဝမှာ နည်းပြသင်တန်းတွေ ဘယ်လိုယူရမလဲ၊ ကျောင်းသားတွေ နားလည်သဘောပေါက်အောင် ဘယ်လိုပို့ချရမလဲ၊ သင် ထောက်ကူပစ္စည်းတွေ ဘယ်လိုအသုံးပြုရမလဲ ဒါတွေကို လုံးဝ မသင်ခဲ့ရဘူး။ ဒါက ကိုယ်တွေ့၊ မိမိရဲ့ ဆရာဆရာမတွေကို အတု ခိုးပြီး ဆောင်ရွက်ခဲ့ကြတာသာ ဖြစ်တယ်။ စာအသင်ကောင်းဖို့ ဘာတွေသတိထားရမယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာကို စနစ် တကျသင်ဖို့ အရေးကြီးတယ်။ အခုတော့ ဒီကွက်လပ်ကအကြီး ကြီး။ စာတော်တိုင်း စာသင်တတ်တယ်လို့ ယူဆလို့မရဘူး။
ဒါကြောင့်လည်း တချို့ဆရာတွေဟာ စာတော်ပေမယ့် သင်ကြားရေးမှာ အဆင်မပြေတာတွေ တွေ့ရတယ်။ သင်ကြားမှု ကို ကျွန်တော် ဘွဲ့လွန်သင်တန်းနိုင်ငံခြားမှာ တက်တဲ့အချိန်မှ စနစ်တကျသင်ရတာ။ စာသင်ကြားမှုတင်မက၊ ဝတ်စားပုံ အသံနေ၊ အသံထား၊ ကိုယ်လက်လှုပ်ရှားမှု ဒါတွေကို စနစ်တကျ သင်ကြားခွင့်ရခဲ့တယ်။ သင်ကြားပို့ချသူတွေအထဲမှာ ရုပ်ရှင် ဒါရိုက်တာတွေလည်းပါတယ်။ အမှန်တော့ ကျောင်းဆရာ တွေဟာ ကျောင်းပရိသတ်အရှေ့မှာ လှုပ်ရှားနေကြတဲ့ သရုပ် ဆောင်တွေဖြစ်တယ်။ ပရိသတ်ဆွဲဆောင်မှုရှိအောင် ကြိုးစား ရမှာ။ ကျောင်းသူကျောင်းသားတွေအပေါ် အာရုံအပြည့် ထားပြီး သူတို့စိတ်ဝင်စားအောင်၊ နားလည်အောင် ကြိုးစား ရမှာသာဖြစ်တယ်။ ကျောင်းသားတွေ ပျော်အောင်လည်း သင်တတ်ဖို့အရေးကြီးတယ်။ အတန်းကိုတက်ချင်တဲ့စိတ်ရှိ အောင် ဆရာလုပ်သူက ဆွဲဆောင်ရမှာ။ အခုတော့ အချို့ အတန်းတွေကို မတက်မဖြစ်လို့ သည်းခံပြီးတက်နေရသလို ”ဒီဆရာ သိပ်တော်တာပဲ၊ တစ်လုံးမှ နားမလည်ဘူး” ဆိုတဲ့ အဖြစ်များနဲ့ ကြုံတွေ့နေရတာ။ သင်ကြားမှုနဲ့ ပတ်သက်လို့က တက္ကသိုလ်တိုင်းမှာ တာဝန်ယူကြတဲ့ ဆရာဆရာမတွေကို စနစ်တကျပို့ချဖို့လိုတယ်။
ကျောင်းသားတွေပြည့်နေတဲ့အတန်းဟာ သင်ကြားမှု ပေတံတစ်ခုဖြစ်တယ်။ သင်ကြားမှုဟာ မွေးရာပါအရည် အချင်းပါရမီရှိမှ ရမယ်လို့ ပြောကြပေမယ့် ကျွန်တော်ကတော့ သင်ယူ၊ ခံယူရတယ်လို့ ယူဆမိတယ်။ စာအသင်ကောင်းတဲ့ ဆရာဆရာမတွေကိုလည်း အသိအမှတ်ပြုပြီး အားပေးရမယ်။ ရာထူးတိုးဖို့ ဆုံးဖြတ်တဲ့နေရာမှာ စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်တယ်။ တက္ကသိုလ် ဆရာဆရာမရဲ့ ဒုတိယတာဝန်က သုတေသနမလုပ်တဲ့ဆရာဟာ မပြည့်စုံနိုင်ဘူး။ သုတေသန လုပ်ပြီး ရရှိလာတဲ့ တွေ့ရှိချက်တွေကို စောစောက သင်ကြားရေး မှာ အသုံးချနိုင်တယ်။ သုတေသနတွေ့ရှိချက်တွေဟာ အသစ် အဆန်းတွေဖြစ်တာကြောင့် မိမိရဲ့ကျောင်းသူ ကျောင်းသား တွေကို နောက်ဆုံးပေါ် သုံးသပ်မှုတွေကို မျှဝေနိုင်မှာဖြစ်တယ်။ သုတေသနမလုပ်ဘဲ စာသာသင်နေလို့မဖြစ်ဘူး။ ဒါပေမယ့် လက်တွေ့မှာ ဒီကိစ္စက ပြဿနာ၊ ဆရာ/ကျောင်းသားအချိုးက အဆမတန်များလွန်းတဲ့အတွက် ဆရာ ဆရာမတွေမှာ သုတေသနလုပ်ဖို့ အချိန်မရှိကြဘူး။ မနက်မိုးလင်းကစပြီး မိုးချုပ်ချိန်အထိ စာသင်မှုနဲ့ပိနေတာမို့ သုတေသနလုပ်ဖို့ အချိန်မရှိကြတော့ဘူး။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့ တာဝန် ပေးမှုကိုလည်း ပြန်စဉ်းစားဖို့ လိုအပ်တယ်။ သုတေသနလုပ်နိုင်ဖို့ အချိန်အပါအဝင် ကျန်တဲ့စွမ်းအားစုတွေကို ဖြည့်ဆည်းပေး ဖို့လိုတယ်။ သုတေသနလုပ်လို့ပြောရုံနဲ့ မဖြစ်ဘူး။
နောက်ဆုံးတာဝန်က ထုတ်ဝေမှု၊ တစ်နည်းပြောရရင် ရေးသားမှုဖြစ်တယ်။ မိမိရဲ့ သုတေသနတွေ့ရှိချက်တွေ၊ စာတမ်း တွေပြုစုပြီး ထုတ်ဝေဖြန့်ချိရမယ်။ အခုတော့ အခုလိုထုတ်ဝေ နေတဲ့ ဆရာဆရာမတွေအတော်ရှားတယ်။ သုတေသနမလုပ်နိုင် တော့လည်း ရေးသားဖို့ မဖြစ်နိုင်ပြန်ဘူး။ တက္ကသိုလ်တွေမှာ ပညာရေးနဲ့ အုပ်ချုပ်ရေးတာဝန်တွေကို တိတိကျကျခွဲခြမ်းဖို့ လိုအပ်တယ်။ ရာထူးတိုးမြှင့်မှုပုံစံက အခြေအနေမပေးဘူး။ ထူးချွန်တဲ့ ပါမောက္ခတစ်ဦးကို ရာထူးတိုးပေးချင်ရင် ပါမောက္ခချုပ်ခန့်အပ်လိုက်တယ်။ ပါမောက္ခချုပ်ရဲ့တာဝန်က အုပ်ချုပ်ရေးတာဝန်။ ဒီတာဝန်တွေကလည်း ကြီးမားလှတယ်။ ပါမောက္ခချုပ်တစ်ယောက်မှာ စာသင်ဖို့အချိန်မရှိသလို၊ သုတေသနလည်း မလုပ်နိုင်တော့ဘူး။ ထုတ်ဝေဖို့ကတော့ အဝေးကြီး။ အုပ်ချုပ် ရေး လုပ်ငန်းတွေကလည်း အရေးကြီး တော့ မလုပ်လို့လည်း မဖြစ်တော့ဘူး။ နိုင်ငံခြားတက္ကသိုလ်တွေ မှာတော့ ပညာရေးနဲ့အုပ်ချုပ်ရေးလိုင်းကို ခွဲခြားထားတယ်။ သင်ကြားရေးလုပ်နေတဲ့ ပါမောက္ခတွေက ပါမောက္ခချုပ်မလုပ် ချင်ကြဘူး။ အုပ်ချုပ်ရေး တာဝန်ယူလိုက်ရင် ပညာရေးဘဝ ဆုံးရှုံးရတယ်။ ကျွန်တော် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် ရောက်တော့ ဆရာကြီးပါမောက္ခRonald Findlayကို ဂါရဝပြုခဲ့တယ်။ ဆရာကြီးက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦး။
ဒါပေမယ့် တစ်ခေတ်က အကြောင်းကြောင်းကြောင့် အနှိမ်ခံခဲ့ရတယ်။ ဒါနဲ့ဆရာကြီးက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ နာမည်ကြီးတဲ့ ကိုလံဘီယာတက္ကသိုလ် မှာ တာဝန်ပေးခြင်းခံခဲ့ရတယ်။ သူ့လောက်ထူးချွန်တဲ့ သူကို သူ့နိုင်ငံက အသိအမှတ်မပြုပေမယ့် နိုင်ငံခြားတက္ကသိုလ်ကတော့ လိုလိုလားလားကြိုဆိုပြီး ပါမောက္ခရာထူးကို ချက်ချင်းပေးအပ် ခဲ့တယ်။ သူနဲ့စကားပြောရင်း ကျွန်တော်ကစပ်စုပြီး ဆရာ- ပါမောက္ခချုပ် ဘာကြောင့်မလုပ်သလဲလို့မေးမိတယ်။ ကျွန်တော့် ရဲ့မေးခွန်းကိုသူကပြုံးပြီး သူရဲ့တက္ကသိုလ်မှာ ကျင့်သုံးတဲ့ စနစ်ကို ရှင်းပြတယ်။ ပါမောက္ခချုပ်ကို တက္ကသိုလ်မှာတာဝန် ယူတဲ့ ပါမောက္ခတွေက မဲနဲ့ရွေးချယ်ကြတယ်။ အခုလိုရွေးချယ် တဲ့အခါမှာ အမြင်ကပ်တဲ့၊ ကြည့်မရတဲ့ ပါမောက္ခကို ဝိုင်းမဲထည့် ကြတယ်တဲ့၊ အဆင်းဘီးတွန်းတဲ့သဘော။ အခုလိုအရွေးခံရတဲ့ ပါမောက္ခဟာ သင်ကြားရေးသုတေသနထုတ်ဝေမှုတွေလုပ်ဖို့ အချိန်မရှိတော့ဘဲ ရုံးစာရေးကြီးသာသာဖြစ်သွားတာကို ရှင်းပြ ပေးခဲ့တယ်။
ပါမောက္ခဖြစ်ဖို့ ပါရဂူဒေါက်တာဘွဲ့ရှိရမယ်ဆိုတဲ့ စည်းကမ်း ကိုလည်းထုတ်ပြန်ခဲ့တယ်။ ဘယ်လိုစဉ်းစားချက်နဲ့ လုပ်ခဲ့ သလဲဆိုတာတော့ မပြောတတ်ဘူး။ နိုင်ငံခြားတက္ကသိုလ်မှာ ပါမောက္ခတိုင်း ပါရဂူဒေါက်တာဘွဲ့မရှိကြဘူး။ စာတွေသင် တယ်၊ သုတေသနတွေ လုပ်တယ်၊ ရေးသားထုတ်ဝေကြတယ်။ ဒါပေမယ့် ပါရဂူဘွဲ့မယူကြဘူး။ ကျွန်တော်တို့ဆီမှာတော့ စေတနာကောင်းလွန်းလို့ထင်ပါရဲ့ ပါရဂူဘွဲ့ရှိမှ ပါမောက္ခရာထူး ပေးတဲ့စနစ်ကို ကျင့်သုံးနေကြတာ။
တစ်ဆက်တည်းမှာလည်း နယ်မှာရှိတဲ့တက္ကသိုလ်တွေမှာ အလှည့်ကျတာဝန်ယူ စေတဲ့ စည်းကမ်း။ မဲဇာအပို့ခံရတာကို ဆရာတိုင်းစိတ်ပူကြတယ်။ အနစ်နာခံတဲ့ လက္ခဏာအဖြစ် သတ်မှတ်ခဲ့တာမို့ တစ်ချိန်မှာ အကျိုးရှိလိမ့်မယ်ဆိုပြီး သည်းခံ ပြီး တာဝန်ယူကြရတယ်။ စိတ်ဝင်စားမှုကတော့ ရှိလှတာမဟုတ် ဘူး။ တက္ကသိုလ်မှာ ဆရာလုပ်ရတာဟာ ထူးခြားလှတဲ့ အခွင့် ရေးတစ်ရပ်ဖြစ်တယ်။ ဒီအခွင့်အရေးကိုယူဖို့ လိုအပ်တယ်။ ဆရာတစ်ယောက်အနေနဲ့ဝင်ငွေ၊ ရာထူး၊ အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားတာမဟုတ်ဘဲ မိမိစိတ်ဝင်စားတဲ့၊ ဝါသနာ ပါတဲ့ ပညာရပ်ကိုလေ့လာဆည်းပူးပြီး မိမိရဲ့တပည့်တွေကို မျှဝေပေးဖို့ဖြစ်တယ်။
ရန်ကုန်တက္ကသိုလ်ဝန်းထဲက ပါမောက္ခတွေရဲ့အိမ်ကို ကြည့်ရင် တစ်ချိန်ကတက္ကသိုလ်က ဆရာတွေရဲ့အဆင့်အတန်း ဟာ အင်းလျားလမ်းမှာရှိတဲ့ အခုဝန်ကြီးတွေနေထိုင်ကြတဲ့ ဝန်ကြီးတွေ၊ အတွင်းဝန်တွေနဲ့ တစ်တန်းတည်းရှိတာကိုမြင် နိုင်တယ်။ ဒီအထိတန်ဖိုးထားခဲ့တာ။ ဒါကြောင့်လည်းတက္ကသိုလ် မှာ စာသင်ခွင့်ရတာဟာ ထူးခြားတဲ့ အခွင့်အရေးတစ်ရပ်ဖြစ် ကြောင်း နှလုံးသွင်းပြီး ကျေနပ်နေမိပါတယ်။

ပါမောက္ခ၊ ဒေါက်တာအောင်ထွန်းသက်