အီတလီမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေး တစ်မျိုးဟာ Covid-19အတွက် ပထမဆုံး ထိရောက်တဲ့ ကာကွယ်ဆေး ဖြစ်လာမယ်လို့ ထင်ကြေးပေး စောင့်ကြည့် ခံနေရပါတယ်။ ရောမမြို့တော်မှာရှိတဲ့ လာဇာရို စပယ်လန်ဇန်နီ ဆေးသုတေသန ဌာနက စမ်းသပ်နေတဲ့ ဆေးဟာ ဓာတ်ခွဲခန်း ရလဒ်တွေအရ အတော်လေး အလားအလာ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ကာကွယ်ဆေးကို ကြွက်တွေမှာ ထိုးနှံတဲ့အခါ Covid-19 ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ကို ဟန့်တားတဲ့ ကိုယ်ခံအား Antibodyဓာတ်တွေ လုံလုံလောက်လောက် ထုတ်ပေးပါတယ်။ တစ်ဆင့်တက်ပြီး လူသားဆဲလ်တွေမှာ စမ်းသပ်ကြည့်တဲ့ အခါမှာလည်း အလားတူ အစွမ်းထက် အာနိသင်မျိုး ပြသနေတယ်လို့ ဆိုပါတယ်။ အဲဒီ ဆေးသုတေသန ဌာနဟာ အီတလီက ကာကွယ်ဆေး စမ်းသပ်မှုတွေ အားလုံးမှာ ခရီးအပေါက်ဆုံး အခြေအနေကို ရောက်နေတယ်လို့ သိရပါတယ်။

အီတလီ ဆေးသုတေသန ပညာရှင်တွေက ပိုပြီး ထိရောက်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အစိုးရရဲ့ ထောက်ပံ့မှုရော၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းမှုကို လိုလားနေပါတယ်။ ကာကွယ်ဆေး ဖော်ထုတ်ဖို့ ဆိုတာဟာ ပြိုင်ပွဲတစ်ခု မဟုတ်ကြောင်း၊ နိုင်ငံတကာက ကျွမ်းကျင်မှုတွေ၊ အတတ်ပညာတွေ အားလုံးကို လိုအပ်မှာဖြစ်ကြောင်း အခုစမ်းသပ်မှုမှာ ပါဝင်နေတဲ့ အီတလီ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ အီတလီဟာ ဥရောပတိုက်မှာ Covid-19 ရောဂါဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။ အီတလီမှာ Covid-19 အတည်ပြု လူနာ နှစ်သိန်း တစ်သောင်းကျော် တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်သောင်း ကိုးထောင်ကျော်ထိ များပြားခဲ့ပါတယ်။