တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကို လုံးဝအုပ်စီးထိန်းချုပ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်နှင်းဆီဥယျာဉ်၌ပြုလုပ်သည့် မိန့်ခန်းပြောကြားရာတွင် တရုတ်ကို ပြင်းထန်စွာ အပြစ်တင်ပြောကြားရင်း မှတ်ချက်ချခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကို ပြုပြင်ပြောင်းလဲရေးလုပ်ရန် ၎င်းအနေနှင့် တောင်းဆိုခဲ့သော်လည်း WHO က မလိုက်နာခဲ့ကြောင်း သမ္မတထရန့်က ပြောကြားရာ၌ “ဒီကနေ့ကစပြီး ကျွန်တော်တို့ဟာ WHO နဲ့ ဆက်ဆံရေးအဆုံးသတ်တော့မှာ ဖြစ်ပြီး အဲဒီကိုပေးမယ့် ရန်ပုံငွေတွေကို အခြားအရေးတကြီးလိုအပ်နေတဲ့ ကမ္ဘာအနှံ့နေရာတွေကို လွှဲပြောင်း ပေးအပ်မယ်”ဆိုခဲ့သည်။

အမေရိကန်သည် WHO အဖွဲ့အစည်းတွင် ရန်ပုံငွေအများဆုံး ထောက်ပံ့သူဖြစ်ပြီး အဖွဲ့ဝင်အဖြစ်နှင့် အခြားသော အထူးအစီစဉ်များအတွက် ဒေါ်လာ သန်း ၄၅၀ ထည့်ဝင်နေသူဖြစ်သည်။ WHO အဖွဲ့ကြီးအနေနှင့် ရက်ပေါင်း ၃၀ အတွင်း အဓိကအခြေအမြစ်ကျသော တိုးတက်ပြောင်းလဲမှုများ မပြုလုပ်ပါက အမေရိကန်သည် WHO ကို ရန်ပုံငွေထည့်ဝင်မှု အမြဲတမ်းရပ်ဆိုင်းပြီး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတထရန့်က WHO အကြီးအကဲ တက်ဒရိုစ်အက်ဟာနွန်ဂေဘရီယေဆပ်အား စာမျက်နှာလေးမျက်နှာရှိ သတိပေးစာတစောင် မေလ ၁၉ ရက်နေ့က ပေးပို့ခဲ့သည်။ ယင်းကဲ့သို့ စာပို့ပြီး ၁၀ ရက်အကြာတွင် အမေရိကန်၏ WHO အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုလ စောစောပိုင်းကမူ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးညီလာခံကြီးမှ အသေးစိတ် သုံးသပ်တု့ံပြန်မှုများပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးညီလာခံအဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြသည်။

အမေရိကန်က အဆိုပါညီလာခံသို့ လေ့လာသူအဖြစ် ထိုင်ဝမ်ကို ဖိတ်ကြားရန် အဆိုပြုခဲ့ပြီး အနောက်နိုင်ငံ များ၏ ထောက်ခံမှုပေးရန် ပြောခဲ့သည်။ သို့သော်လည်း အမေရိကန်သည် ၎င်း၏ကြိုးပမ်းဆောင်ရွက်မှုတွင် စိတ်မပါခဲ့ကြောင်း တရုတ်နှင့်ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခဲ့ကြောင်း ဥရောပသံတမန်များက ပြောသည်။

အမေရိကန် ဗင်နီရာပိုလစ်မြို့တွင် လူမည်းအမျိုးသားတဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ဆူပူထကြွမှုများ ဖြစ်ပေါ် လျက်ရှိသည်။ ပြီးခဲ့သော သောကြာနေ့က ထရန့်၏မိန့်ခွန်းတွင် ယင်းကိစ္စနှင့်ပတ်သက်၍ အရေးတကြီးထည့် သွင်းပြောကြားခြင်းမရှိဘဲ တရုတ်၏ ကုန်သွယ်ရေးပေါ်လစီအပေါ် ဝေဖန်ပြောကြားခြင်း၊ တရုတ်ကြောင့် ကပ်ရောဂါ ပြန့်ပွားခဲ့ရမှု၊ ဟောင်ကောင်ကျွန်းအပေါ် တရုတ်၏ တင်းကျပ်သော ဥပဒေချမှတ်ထားမှုတို့ကိုသာ ဝေဖန်ပြောကြားပြီး တရုတ်ကို အပြစ်တင်ခဲ့သည်။ တရုတ်ကျောင်းသားများ အမေရိကန်ဝင်ခွင့်ကိုလည်း ကန့်သတ်မည်ဟုဆိုသည်။

ယခုကဲ့သို့ WHO မှ နုတ်ထွက်ခြင်းသည် သဘောတူစာချုပ်တခုကို ဖျက်သိမ်းပစ်လိုက်သည့်သဘောဖြစ်သည်။ အမေရိကန်သည် WHO မှ တရားဝင်ထွက်ခွင့်ရသော တခုတည်းသော နိုင်ငံဖြစ်သည်။ WHO ဖွဲ့စည်းပုံစည်း မျဉ်း စတင်ရေးဆွဲစဉ်က အမေရိကန်က ယင်းအခွင့်အရေးကို တရားဝင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထွဋ်ဝင်းထွဋ်
Ref : The Guardian
Credit: NewsWatch