စီးပွားရေးထိခိုက်သွားတဲ့ လုပ်ငန်းတွေကိုအစိုးရက ချေးငွေထုတ်ချေးရာမှာ ချေးသလောက်မရဘူးဆိုတဲ့ ပြောဆိုနေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျုးတစ်ခုမှာ ချေးငွေထုတ်ချေးပုံကို COVID -19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက ပြန်လည်ရှင်းပြခဲ့တာပါ။

ချေးငွေထုတ်ချေးရာမှာ ဘဏ်ချေးငွေ ပုံစံမျိုးမဟုတ်တာကြောင့် မြေပြင်ကိုကွင်းဆင်းဖို့ အစီအစဉ်မရှိ သလို စိစစ်ရေးအဖွဲ့ဟာ ချေးငွေ ချေးမယ့်သူ တင်ပြလာတဲ့စာရွက်စာတမ်းပေါ်စိစစ်ထုတ်ချေးပေးတာ လို့သိရပါတယ်။

စိစစ်မှုတွေလုပ်တဲ့အခါမှာ လျှောက်ထားသူတွေရဲ့ Financial Report အပြင် ဘဏ်ချေးငွေ ချေးယူထားသလား ဆိုတာကို စိစစ်တယ်လို့ ဆိုပါတယ်။

အချို့သော လုပ်ငန်းတွေဟာ ထိခိုက်တယ်ဆိုပေမယ့် ဘဏ်မှာလည်းအများကြီးချေးထားတာ ရှိသလို အခွန်ကလည်းသေချာမဆောင်ထားတာကိုတွေ့ရပြီး လုပ်ငန်းလည်ပတ်မှု ၊ ဝန်ထမ်းခန့်ထားမှု တွေကို ခြုံငုံစဉ်းစားတဲ့အခါ ချေးချင်သလောက် မဖြစ်နိုင်တာ လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

လုပ်ငန်းလည်ပတ် နိုင်အောင်နဲ့ လုပ်သားလစာပေးနိုင် အောင် အဓိကစဉ်းစားပေးတာဖြစ်ပြီး တကယ်လို့ အားလုံး ကိုက်ညီရင်တော့ တင်ပြသလောက် ရတာတွေလည်းရှိတယ်လို့သိရပါတယ်။

ဒါအပြင် ဒီချေးငွေဟာ နိုင်ငံတော်ရဲ့စေတနာဖြစ်ပြီး ပြည်သူတွေ ရဲ့ ထိခိုက်တဲ့ လုပ်ငန်းတွေကို မြန်မြန် ကူညီတာဖြစ်ကာ အတိုးနှုန်း တစ်ရာခိုင်နှုန်းကလည်း ဘဏ်စရိတ်ကျေရုံတာ ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အပေါင်ပစ္စည်းလည်းမယူထားသလို အဓိကရည်ရွယ်ချက်ကတော့ ကပ်ရောဂါကြောင့် ထိခိုက်သူတွေအတွက်ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရဟာ ထိခိုက်သွားတဲ့ နိုင်ငံသားပိုင်လုပ်ငန်းတွေကို ချေးငွေထုတ်ချေးဖို့ ကျပ်ဘီလီယံတစ်ရာ မတည်ထားတာဖြစ်ပြီး လုပ်ငန်းနှစ်ရာနီးပါးကို ငွေထုတ်ချေးပြီးပါပြီ။

ဒါအပြင် ချေးငွေ ထုတ်ပေး ဖို့ကျပ် ၉၀ ဘီလီယံလောက်ရှိသေးတယ်လို့သိရပါတယ်။

မေ − ၅ ၊၂၀၂၀
ရုပ်သံသတင်းထောက် − အောင်ကျော်ထွန်း