မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၃၀ ခုနှစ်ဝန်းကျင်က ရှိခဲ့သော လူမိုက်ဂိုဏ်းကြီးများအကြောင်းနှင့် လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တထောင်ငမိုးတို့ အပါအဝင် နာမည်ကျော် လူမိုက်ကြီးများ၏ ဘဝဖြတ်သန်းမှုများကို ရေးသားထားသည့် “The Guys of Rangoon, 1930” ဝတ္ထုကို အွန်လိုင်းပေါ်တွင် အပိုင်းများ ခွဲ၍ အစအဆုံး တင်ပေးခဲ့ရာ လူအများအပြား၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့သလို ထိုစာအုပ်ကို ပုံနှိပ်ထုတ်ဝေပြီး ရောင်းချရန် ကြိုတင်မှာယူ မှုများ လက်ခံခဲ့သည့်အခါတွင်လည်း အချိန်တို အတွင်း အုပ်ရေ ၁၆၀၀၀ ကျော် ရောင်းချရပြီး ရောင်းအားအကောင်းဆုံး စံချိန်တင်နိုင်ခဲ့ ကြောင်း သိရသည်။
The Guys of Rangoon, 1930 ဝတ္ထုကို ရေးသားသူ စာရေးဆရာခက်ဇော်က “ကျွန်တော် ဒီစာအုပ်ကို စရေးဖြစ်တာကတော့ ပြည်ပနိုင်ငံ တွေမှာဆိုရင်လည်း တကယ် နာမည်ကျော်တဲ့ လူဆိုးဂိုဏ်းတွေ၊ ဂိုဏ်းစတားကြီးတွေ ရှိတယ်၊ သူတို့အကြောင်းတွေကို ဝတ္ထုအဖြစ် ပြန်ရေး ကြတာမျိုးတွေလည်း အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း လမ်းမတော်ဖိုးတုတ် တို့၊ ဗိုလ်တထောင်ငမိုးတို့လို နာမည်ကြီးတဲ့ ဂိုဏ်းစတားကြီးတွေ ရှိခဲ့ကြတာမို့ အခုလို ရေးဖြစ်ခဲ့တာပါ၊ သူတို့နဲ့ပတ်သက်တာတွေကို အရင်တုန်းကလည်း ဆောင်းပါးတိုလေးတွေ ရေးဖူးတာ ရှိခဲ့ပါတယ်၊ ကျွန်တော်က သူတို့ အကြောင်းတွေ ဝတ္ထုရေးမယ်ဆိုတဲ့ ရည်ရွယ် ချက်တော့ ရှိပြီးသားပေါ့နော်၊ အဲဒီလိုအချိန်မှာ ကိုဗစ်-၁၉ ကလည်း ဖြစ်လာတော့ အိမ်တွင်း အောင်းနေသူတွေကို မပျင်းရအောင်၊ ဗဟု သုတလည်းရအောင် ဘယ်လိုကူညီရမလဲလို့ တွေးရင်းနဲ့ ဒီစာအုပ်ကို အပိုင်းဆက်လေးတွေ ရေးပြီး အွန်လိုင်းကနေ တင်ဖြစ်ခဲ့တာပါ”ဟု ပြောသည်။
အဆိုပါ ဝတ္ထုစာအုပ်သည် အွန်လိုင်းတွင် အစအဆုံး တင်ပေးပြီးဖြစ်သည့်တိုင် ပုံနှိပ် ထုတ်ဝေရန် အမှာစာ လက်ခံသည့်အချိန်တွင် ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်လာခဲ့သည်။ မေ ၁၈ ရက်တွင် ထုတ်ဝေရန် ပြင်ဆင်ထားခဲ့သည့် စာအုပ် ၁၆၀၀၀ လုံးမှာ ကြိုတင်ရောင်းချရန် အမှာစာဖြင့်ပင် အားလုံး ရောင်းကုန်သွား၍ ယခုအခါ ထပ်မံပုံနှိပ်ရန် လုပ်ဆောင်နေရကြောင်း သိရပြီး ယင်းစာအုပ် ကို ရုပ်ရှင်အဖြစ်ရိုက်ကူးရန်လည်း ဒါရိုက်တာ ဏကြီးက ဇာတ်လမ်းကို ဝယ်ယူထားကြောင်း သိရသည်။
“အခုတော့ စာအုပ်အမှာလေးကို ယာယီ ရပ်နားလိုက်ပါပြီ။ မေ ၁၃ ရက်အထိ မှာယူ ထားတဲ့ အမှာများအားလုံးဟာ ကြိုတင်အမှာ အဖြစ် အကျုံးဝင်ပါတယ်။ ပို့ခ အခမဲ့+ စာမှတ် ကတ် + စာရေးဆရာ အမှတ်တရလက်မှတ်များ သေချာပေါက် ရမှာပါ။ မေ ၁၃ ရက် ည ၉ နာရီမတိုင်ခင် မက်ဆေ့ပို့ထားသူများ၊ BOT ကနေ မှာထားသူများ အားလုံး မက်ဆေ့ Reply လုပ်သည်ဖြစ်စေ၊ မလုပ်ရသေးဘူးဖြစ်စေ အကျုံးဝင်ပါတယ်၊ မက်ဆေ့ပို့ထားတဲ့ အချိန် တွေ၊ နေ့ရက်တွေ မှတ်တမ်းရှိလို့ ဖြစ်ပါတယ်၊ အုပ်ရေ ၁၆၀၀၀ ကို အိမ်တိုင်ရာရောက် ပို့ဖို့ အတွက် အထုပ်ထုပ်ခြင်း၊ လိပ်စာဖြတ်ခြင်း အစရှိတဲ့ အဆင့်ပေါင်းများစွာ လုပ်ကိုင်ရပါ တယ်။ ဒါ့အပြင် အခုကာလဟာ ဝန်ထမ်း အင်အားအကန့်အသတ်နဲ့ လုပ်ဆောင်နေရတဲ့ ကာလ ဖြစ်ပါတယ်။ အားလုံး တစ်ပြိုင်တည်း ရောက်အောင် ပို့ဆောင်နိုင်စွမ်း မရှိပေမယ့် စာအုပ်အမှာများအားလုံးကို မေလကုန်မှာ အပြီးပို့ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်၊ ပို့မှာကို မစောင့်နိုင်တော့လို့ ချက်ချင်း ဖတ်ချင်သူများအနေနဲ့ စာအုပ်များကို လမ်းမတော် သံဈေး ငါးလွှာမှာရှိတဲ့ Yangon Book Plaza – ဖုန်း – ၀၉၉၆၆၈၁၀၈၀၀ ကို ကြိုတင်ဖုန်းဆက်ပြီး မနက် ၉ နာရီကနေ ညနေ ၅ နာရီ အတွင်း လာရောက်ထုတ်ယူနိုင် ပါတယ်။ ကြိုတင်အမှာတင်ထားတဲ့သူတွေပဲ ထုတ်နိုင်မှာပါ။ ပြင်ပစာအုပ်ဆိုင်များကို ဖြန့်ချိ မယ့် နေ့ရက်နဲ့ စာအုပ်အမှာ ပြန်လည်လက်ခံ မယ့်နေ့များကိုတော့ ထပ်မံကြေညာပါ့မယ်” ဟု စာရေးဆရာ ခက်ဇော်က ဆက်လက်ပြော ကြားသည်။
ကိုလင်း