ကျွန်တော် (၁၆)နှစ်သားဝန်းကျင် အရွယ်တုန်းက ည ၁၁ နာရီလောက်ဆို အိမ်သာထဲဝင်ကာ စာခိုးဖတ်ခဲ့ရသည်။ ညဘက် ၁၀ နာရီခွဲကျော် တစ်အိမ်လုံးအိပ်ကြပြီဆိုတာနဲ့ ခြင်ဆေးခွေယူ၊ ဆေးလိပ်နှင့်မီးခြစ်ယူ၊ ပြီးတော့ ဖတ်စရာ စာအုပ်တစ်အုပ်ယူကာ တိတ်တိတ်။

ကျွန်တော်တို့အိမ်မှာ အတန် ငယ်ကျယ်သလို အိမ်သာမှာ လည်း ခပ်ကျယ်ကျယ် ခပ်သန့် သန့်မို့ များသောအားဖြင့် ည ၂ နာရီကျော်အထိ ဖတ်ဖတ်မှတ် မှတ်။ ဘာကြောင့် အိမ်သာထဲဝင် စာခိုးဖတ်ရတာလဲဆိုတော့ ကျွန် တော့်အမေက မကြိုက်သော ကြောင့်ဖြစ်သည်။ အမေက ကျွန် တော်ဖတ်နေသော စာအုပ်များ သည် ကျွန်တော့်ကို ထောင်ထဲ ရောက်အောင် လှုံ့ဆော်နေသော အရာများဟု ရှုမြင်သလို ညဘက် မီးဖွင့်ထားသဖြင့် မီတာခတက် ခြင်းကိုလည်း လုံးဝမကြိုက်။ မီတာခချလန်ထွက်လာလို့ ယူနစ် နည်းနည်းများနေပြီဆို အမေက ကျွန်တော့် လက်ချက်ဆိုတာ ချည်း၊ ကျွန်တော့်ကိုမကြည်။

စစ်အစိုးရတက်ပြီးခါစ၊ အ ကြံရယ်အဖန်ရယ်၊ အောက်ဆိုဒ် ဆိုတာကြီးရယ်မရှိသော ဝန်ထမ်း မိသားစုအတွက် လတစ်လ၏ နောက်ဆုံး ၁၀ ရက်သည် ဈေးခပ်ပေါပေါ ဟင်းသီးဟင်းရွက်များကိုသာ အောင့်ကာနမ်းရရှာသည်။ ခြိုးခြံချွေတာခြင်းသည် ကျွန်တော်တို့ ဝန်ထမ်းမိသားစုများ၏ လူမှုဘဝတွင် အသားကျပြီးဖြစ်သည်။ ထို့ကြောင့် ညဘက် စာဖတ်ခြင်းကို မစွန့်နိုင်သဖြင့် လျှပ်စစ်မီး နည်းနည်းပါးပါးဖြုန်းတီးမိသည်ကလွဲ၍ မလိုအပ်ဘဲ လျှပ်စစ်မီး မသုံးစွဲခြင်းသည် ကျွန်တော့်အတွက် နေ့စဉ်သုံး ဘာသာစကားသဖွယ်ဖြစ်သည်။

ဝန်ထမ်းများသော ကျွန် တော်တို့ရပ်ကွက်တွင် မီးချွေတာ ခြင်းသည် အလေ့အထဖြစ်သလို မီတာဖတ်စာရေးနှင့် ပေါင်းပြီး လျှပ်စစ်မီးခိုးသုံးခြင်းသည်လည်း တွင်ကျယ်ခဲ့ဖူးသည်။ ဘယ်လိုခိုး သုံးကြတာလဲဆိုတော့ မီတာ ဘောက်စ်ကို လျှပ်စစ်မီးသုံးစွဲသ လောက် မီတာယူနစ်မတက်ရန် ပြုပြင်ခြင်းဖြစ်သည်။ ကိုယ့်ဘာ သာ လုပ်တတ်တာတော့မဟုတ်။မီတာဖတ်စာရေးက ပြင်ချင်လျှင် ငွေဘယ်လောက်ပေးဟု တောင်း ကာ ပြုပြင်ပေးခြင်းဖြစ်သည်။ မီတာဖတ်စာရေးကို ပြုပြင်ခငွေ အများကြီးမပေးရသလို လစဉ် မိမိသုံးစွဲမှု၏တစ်ဝက်မျှသာ မီ တာခကျသင့်သဖြင့် ကျွန်တော်တို့ ရပ်ကွက်သားများစွာ အကြံအဖန် လုပ်ကြသည်။

မီတာဖတ်စာရေး နောက် တစ်ယောက် ပြောင်းပြီဆိုလျှင် တော့ သူတို့စာရေးချင်း သတင်း ပေးသွား၍လားမသိ၊ နောက်စာ ရေးအသစ်က အိမ်မီတာများကို လိုက်စစ်ကာ ငွေပေးမလား၊ မီ တာဘောက်စ်သိမ်းလိုက်ရမလား ဟု ခြိမ်းခြောက်သည်။ စာရေး၏ ဆိုလိုရင်းကိုသိသဖြင့် အိမ်တိုင်း က တောင်းပန်တိုးလျှိုးကာ သူ တောင်းသည့်ငွေ ပေးလိုက်ကြ သည်။

မီတာဘောက်စ်ကို အကြံ အဖန်လုပ်ခိုးသုံးသဖြင့် မည်သူမျှ ပြဿနာတက်သည်ဟု မကြားမိ သလို ဘယ်မီတာဖတ်စာရေးမျှ လည်း ပြဿနာတက်သည်ဟု မကြားခဲ့မိ။ ထိုသို့ လေး၊ ငါးနှစ် ကြာခိုးသုံးပြီး နောက်ပိုင်း မိသားစု နေရာ အပြောင်းအရွှေ့များအရ မီတာခိုးသုံးခြင်းဆက်ရှိ၊ မရှိ မသိ တော့။

နယ်မြို့များကိုပြောင်းတော့ ဝန်ထမ်းအိမ်ရာတွင် နေရသဖြင့် မီတာခပေးစရာမလို။ ရန်ကုန် ကန်ထရိုက်တိုက်ခန်းပေါ်ရောက် တော့ မီတာခိုးသုံးခြင်းမျိုးမကြား မိ။ ငယ်စဉ်ကတည်းက မလိုအပ် ဘဲ လျှပ်စစ်မီးမသုံးခြင်းအလေ့မှာ မူ ယနေ့ထိတိုင် စွဲမြဲလျက်ရှိသည်။ အခန်းမီးကို မလိုအပ်တော့သည့်အချိန်တွင် လက်က အလိုလိုပြန်ပိတ်မိမြဲဖြစ်သည်။ မိုးလင်းနေ သည့်တိုင် အိမ်ရှေ့မီးလင်းနေ တာမျိုး၊ လမ်းမီးလင်းနေတာမျိုး မြင်လျှင် ကိုယ့်ပိုက်ဆံမကုန်သော် လည်း အလိုလိုနှမြောမိသည်။ ကြုံခဲ့ဖူးသော သူဌေးတစ်ဦးက ဘယ်အချိန် သူရုံးရောက်သည် ဖြစ်စေ၊ သူ့ရုံးခန်း အေးစေလိုသ ဖြင့် သူမရှိလည်း အဲကွန်းဖွင့်ထား ရန် ပြောကြားချက်အပေါ် အံ့အား သင့်ခဲ့ဖူးသည်။ ထားတော့။

ကျွန်တော့်အတွက်တော့ တိုက်ခန်းတစ်ခန်းထဲ တစ်ဦး တည်းနေထိုင်ခြင်းမို့ မီတာခက အလွန့်အလွန်ဆုံး ကျပ် ၄,၀၀၀ ထက် ပိုမကုန်။ သို့သော်၊ ပြီးခဲ့ သည့် သုံးနှစ်ဝန်းကျင်က တစ်လ စာမီတာခမှာ ကျပ်တစ်သောင်းခွဲ ခန့် ကျသင့်နေသဖြင့် လှိုင်မြို့နယ် လျှပ်စစ်ရုံးသို့သွားကာ အရေးဆို ခဲ့ဖူးသည်။

အရေးဆိုရတာကလည်း မလွယ်။ ပထမ၊ ရုံးစာရေးမများထံ သုံး၊ လေးလစာ မီတာခစာရွက် များသွားပြ။ စာရေးမက မှတ်ချက် ရေးပေးပြီးနောက် တာဝန်ခံအရာ ရှိရုံးခန်းသို့ဝင်။ ထိုအရာရှိက ဘယ်လောက်တောင် မောက်မာ သလဲဆိုတော့ ကိုယ့်ရုံးခန်းထဲဝင် လာသော ပြည်သူတစ်ဦးကို ထိုင်ပါဦးဟု ဖိတ်ခေါ်ရကောင်းမှန်းမ သိ။ မီတာခများရခြင်းပြဿနာကို အကျိုးအကြောင်း ရှင်းပြခြင်းမျိုး မရှိ။ မီတာကို စစ်ဆေးရန် ဝန် ထမ်းတစ်ဦး ထည့်လိုက်သည်။ နောက်ဆုံး ထွက်လာသောအဖြေ က မီတာစာရေးက မီတာကို အမှန်တကယ်မဖတ်ဘဲ နံကြား ထောက်၍ စိတ်မှန်းဖြင့် မီတာခ ထည့်လိုက်ခြင်းဖြစ်ကြောင်း သူ တို့ပြောသည့် စကားသွားစကား လာများကိုမှန်းဆကာ ကိုယ့်ဘာ သာ နားလည်လိုက်မိသည်။

ပြောရလျှင် ဝန်ထမ်းတစ်ဦး ၏ လုပ်ငန်းတာဝန် မကျေပွန်မှု ကြောင့် သာမန်ပြည်သူတစ်ဦး ဖြစ်သော ကျွန်တော့်မှာ လျှပ်စစ် ရုံးသွားရ၊ လျှပ်စစ်ရုံးအရာရှိ၏ မောက်မာမှုကို သည်းခံရ၊ အချိန် ကုန်ရ။ အင်မတန်စိတ်ပျက်ဖွယ် ကောင်းသောနေ့တစ်နေ့မို့ ယနေ့ ထိတိုင် အမှတ်ရနေဆဲဖြစ်သည်။

ယခုဧပြီလအတွက် မီတာခဖြတ်ပိုင်းများ ထွက်လာတော့ ပုံမှန်ထက်များစွာပို၍ မီတာခကျသင့်နေကြောင်း လူမှုကွန်ရက်ပေါ် ဆူဆူညံညံထွက်ပေါ်လာခဲ့သည်။ ယခုကဲ့သို့ ဆူဆူညံညံအသံမျိုး ယခုနှစ်အတွင်းလည်း မကြားခဲ့ဖူး၊ ၂၀၁၉ ခုနှစ်တုန်းကလည်း မကြားခဲ့ဖူး။ ပြီးတော့ နိုင်ငံတော်က လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုသည့်လကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆူညံပွက်ခဲ့သဖြင့် သတိထားကြည့်မိသည်။

ဘာကြောင့် ယခုလကျမှ ဆူညံပွက်ခဲ့သနည်း။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း မီတာခ လျှော့ပေးသည့်လကျမှ အသံ ထွက်ညံရခြင်း အကြောင်းကို တိတိကျကျ ရှင်းပြနိုင်ခဲ့ခြင်းမရှိ။

ပြည်သူတို့ မီတာခတွက်ချက်မှုအလွဲအမှားကြောင့်လည်း ဖြစ်နိုင်သည်တဲ့။ မီတာဖတ်စာ ရေးတို့ မီတာမှန်းဆဖတ်ခဲ့ခြင်း အမှားကြောင့်လည်း ဖြစ်နိုင်သည်တဲ့။ ယင်းနှစ်ချက်စလုံးမှာ ဖြစ်နိုင် ခြေရှိပြီး ဒုတိယ တစ်ချက်မှာ ပို၍ဖြစ်နိုင်ခြေရှိမည်ဟု ထင်၏။

မီတာ မှန်းဆဖတ်ခြင်းမှာ ကျွန်တော်ကြုံခဲ့ဖူးသကဲ့သို့ ယခင် လများကသုံးစွဲခဲ့မှုများကို မကြည့် ဘဲ ကြုံသလိုမှန်းလိုက်သဖြင့် ဈေးသိပ်များသွားခြင်းမျိုးလည်း ရှိနိုင်သည်။ ထို့ပြင် အရင်လများက မှန်းဆထည့်ခဲ့သော မီတာယူနစ် မှာ အမှန်တကယ် သုံးစွဲသည် ထက် ဆက်တိုက်နည်းနေသဖြင့် မီတာတကယ်သွားဖတ်သည့် တစ်လလတွင် ရှေ့ကလျော့ခဲ့သမျှ ပြန်ပေါင်းထည့်လိုက်သလို ဖြစ်သွားကာ မီတာခ သိသိသာသာ များသွားခြင်းလည်းဖြစ်နိုင်သည်။

မည်သည့် အကြောင်း ကြောင့် မီတာခများသည်ဖြစ်စေ၊ မီတာဖတ်စာရေး၏ တာဝန်ပျက်ကွက်မှုဖြစ်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်သာ လျှင်ဖြစ်သည်။ ယင်းအပေါ် ဝန် ကြီးဌာန၏ တာဝန်ယူမှုက ဝန် ထမ်းအင်အား မလုံလောက်မှု ကြောင့်ဟု အကြောင်းပြကာ ဝန် ထမ်းထပ်ခန့်ရန်လုပ်နေပြီဟု ဆို လိုက်ခြင်းက အင်မတန်အပေါ်ယံ ဆန်လွန်းလှသည်။ ဝန်ကြီးဌာန၏ တာဝန်မကျေပွန်မှုအပေါ် ပြည် သူအပေါင်းက နားလည်မှုကြီးစွာဖြင့် လက်ခံပေးကြပါဟု မပြောရုံတမယ်ဖြစ်သည်။ ထား။

ယခု မီတာခအသံ ဆူဆူ ညံညံထွက်လာပြီးမှ မကြားရတာ ကြာပြီဖြစ်သော အသံများကို တစ်စွန်းတစ်စ ထပ်ကြားရသည်။ ယင်းမှာ လျှပ်စစ်မီးသုံးသလောက်မီတာခ မကျအောင် မီတာဘောက်စ်ကို အကြံအဖန်လုပ်ပြုပြင်ခြင်းဟု ကြားရသည်။ ကျွန်တော် ငယ်ငယ်က မီတာဖတ် စာရေးကို ငွေပေးကာ ပြုလုပ်သ ကဲ့သို့ဟု သိရသော်လည်း ဘယ် ရွေ့ဘယ်မျှ ကျယ်ကျယ်ပြန့်ပြန့်ရှိ နေသလဲနှင့် အမှန်တကယ်ရှိနေ သလားဆိုသည်ကိုမူ အတည်မ ပြုနိုင်ပေ။

ယခုနောက်ပိုင်း အိမ်သုံးမီ တာများမှာ ဒစ်ဂျစ်တယ်မီတာ။ ဒီဂျစ်တယ်မီတာကိုဖွင့်ပြီး အကြံ အဖန်လုပ်တာလား၊ အဝေးထိန်း စနစ်ဖြင့် လုပ်တာလား။ အမှန်တ ကယ်ရော လုပ်လို့ရလို့လားမသိ။ ဒါနဲ့ EPC တွင် အမှုဆောင်အင်ဂျင် နီယာရာထူးအထိ တာဝန်ထမ်း ဆောင်ခဲ့ဖူးသော ပင်စင်စား ကျွန် တော့်ဦးလေးထံ ဖုန်းဆက်မေး ကြည့်တော့ ‘‘ဟေ့ကောင်၊ ဗမာ ပြည်ရောက်လာတဲ့ ဘာပစ္စည်း မဆို စစချင်းသာ ဘာမှမလုပ် တတ်တာမျိုးရှိတာ။ နည်းနည်း ကြာလာရင် လုပ်တတ်သွားတာ ချည်းပဲ’’ဟုပြောသည်။

ဦးလေးက နောက်ထပ်ဆက် ပြောသည်။ အရင့်အရင်တုန်းက စက်ရုံအချို့သည်လည်း သုံးစွဲသ လောက် မီတာခမပေးရအောင် အကျင့်ပျက်ဝန်ထမ်းများနှင့် ပူး ပေါင်း၍ အကြံအဖန်လုပ်ကြသော ကြောင့် ယနေ့အချိန်တွင်ရော ထိုသို့ ရှိ၊ မရှိ အသေအချာစောင့် ကြည့်စစ်ဆေးရန် လိုအပ်သည်ဟုဆိုသည်။

‘‘အိမ်သုံးမီတာကို အကြံအ ဖန်လုပ်တာထက် စက်ရုံတွေက အကြံအဖန်လုပ်တာ တိုင်းပြည် အတွက်  အများကြီးနစ်နာတယ်’’ ဟု ဦးလေးက ဆက်ပြောသည်။

မီတာဘောက်စ် အကြံအ ဖန်နှင့်ပတ်သက်၍ ကျွန်တော်၏ ဆိုလိုရင်းမှာ ကျိန်းသေပေါက် လုပ်နေသည်ဟု စွပ်စွဲနေခြင်းမ ဟုတ်။ ထိုသို့ အသံများကြားလာ ရသဖြင့် အကြံအဖန်များကြောင့် တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးမှုမရှိရ လေအောင် ပြန်လည်စိစစ်ရန်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တွင် စောင့်ကြည့်စစ်ဆေးသည့် စနစ်ရှိ၊ မရှိ။ မရှိသေးလျှင် ရှိ အောင် မည်သို့ဆောင်ရွက်မည် နည်းဆိုသည့်မေးခွန်းကို မြန်မြန် သွက်သွက် ဖြေဆိုဖော်ဆောင် နိုင်ရန်ဖြစ်သည်။    ။

(ဆောင်းပါးရှင် လင်းဆက်ငြိမ်း ချမ်းသည် နိုင်ငံရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

credit to: 7daynews