လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများ ဓာတ်အား သုံးစွဲနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းတွင် မဂ္ဂါဝပ် ၃၅၃၂ ခန့်အား ထုတ်လုပ်ပေးလျက်ရှိပါသည်။

ထို့အပြင် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ဖြန့်ဖြူး နိုင်ရန်နှင့် ဓာတ်အားစနစ် ပိုမိုတည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အတွက် ၁၁၆၆ မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံများ တိုးချဲ့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အသစ်ထပ်မံ တည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများအနက်မှ သာကေတဓာတ်အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်)မှာ မကြာမီဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ နိုင်ငံတော် ဓာတ်အား စနစ်ဖြင့် စမ်းသပ်ချိတ်ဆက်မောင်းနှင်နိုင်ရေး စီစဉ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ သာကေတဓာတ်အားပေးစက်ရုံနှင့် နိုင်ငံတော်ဓာတ်အား စနစ်တို့ စမ်းသပ်ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း (၁၀-၅-၂၀၂၀) ရက် (တနင်္ဂနွေနေ့)တွင် ၀၉:၀၀ နာရီမှ ၁၃:၀၀ နာရီ အထိ ၃၃ ကေဗွီမြင်တော်သာခွဲရုံ၊ သုမနခွဲရုံ၊ နဝရက်ခွဲရုံ၊ ရှုခင်းသာခွဲရုံ၊ ဒေါပုံခွဲရုံ၊ Asia World (ဒဂုံမြောက်) ခွဲရုံနှင့် ဒဂုံတောင်ခွဲရုံတို့မှ ဓာတ်အားပေးထားသည့် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် တောင်ဒဂုံ မြို့နယ်တို့ရှိ ရပ်ကွက်အချို့၌ လည်းကောင်း၊ စည်ပင်ပန်းဥယျာဉ် (Water Boom)၊ ဒဂုံမြောက်ရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ တောင်ဒဂုံစက်မှုဇုန်ရှိ အချို့သောနေရာများနှင့် မြင်တော်သာရှိ ပုဂ္ဂလိကပိုင်စက်ရုံတို့၌ (၄) နာရီ ခန့် ‌လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်နေမည် ဖြစ်ပါသည်။

ထိုသို့ (၁၀-၅-၂၀၂၀) ရက် (တနင်္ဂနွေနေ့)၌ ၀၉:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ ဓာတ်အားပိတ်စဉ်ကာလ အတွင်း ဓာတ်အားပြတ်တောက်၍ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ဓာတ်အားစနစ်၌ တည်ငြိမ်စေရန် အခြားခွဲရုံများကိုပါ ပေါင်းစပ်၍ ထိန်းညှိမောင်းနှင် ရမည်ဖြစ်ပါသည်။ ထိုသို့ ထိန်းညှိမောင်းနှင်ရန် အခြား ဓာတ်အားခွဲရုံများမှတစ်ဆင့် ဓာတ်အားများကို အဆင့်ဆင့် ပြန်လည်ပေးပို့ရမည်ဖြစ်ရာ ၎င်းဓာတ်အား အပိတ်/အဖွင့်ပြုလုပ်ချိန်အတွက် နာရီဝက်ခန့် ပြုလုပ်ရမည် ဖြစ်ပါသည်။ သို့ပါ၍ မရမ်းကုန်း၊ လှိုင်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မင်္ဂလာ တောင်ညွန့်၊ ပန်းဘဲတန်း၊ အရှေ့ဒဂုံနှင့် တောင်ဒဂုံ မြို့နယ်ရှိ ရပ်ကွက်အချို့/အိမ်ရာများ၌လည်း လျှပ်စစ် ဓာတ်အား နာရီဝက်ခန့် ပြတ်တောက်နေမည် ဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ သာကေတဓာတ်အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်) အား နိုင်ငံတော်ဓာတ်အားစနစ်နှင့် စမ်းသပ်ချိတ် ဆက်မောင်းနှင်နေစဉ် ဓာတ်အားပြတ်တောက်မှုကာလ အတွင်း အဆင်မပြေမှုများရှိပါက နားလည်ခွင့်လွှတ်ပေး နိုင်ပါရန် ပြည်သူများအား အသိပေးပန်ကြားအပ် ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန