အရှိန် နဲ့မောင်းနှင်သော ကားပေါ်စီးလာရင်း
ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့ အသုံးဝင်မှုကို သတိပြုမိပါတယ်။ လမ်းကြော ရှင်းမှု၊ တစ်လမ်းမောင်းစနစ်နဲ့ လမ်းကောင်းမှု တွေက ဒီနေ့ခေတ်အချိန်နဲ့အမျှ သွားလာနေ ကြတဲ့ ပြည်သူတွေ အတွက် အကျိုးသက်ရောက် မှု ရှိနေပါတယ်။ အန္တရာယ်ဖြစ်အောင် မောင်းနှင်ရင် ဘေးဥပဒ်ဖြစ်နိုင်တာလည်း ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ အချိန်ကုန် သက်သာမှု၊ သွားလာရေးအဆင်ပြေမှုတွေက တန်ဖိုးရှိပါတယ်။ အခုဆိုရင် ကားလမ်းတွေ ကျယ်ပေမယ့် ယာဉ်ကြောပိတ်ဆို့မှုနေ့စဉ် ကြုံတွေ့နေရတဲ့ရန်ကုန်မြို့မှာ အမြန်လမ်း သစ်ဖောက်လုပ်ဖို့ စီမံကိန်းရှိနေပြီ ဖြစ်ပါတယ်။
ခြောက်လမ်းသွား အမြန်လမ်းဖြစ်
ဒီအမြန်လမ်းသစ်က ရန်ကုန်-မန္တလေး အမြန်လမ်းမှနေပြီး ရန်ကုန်မြို့အမှတ် (၇)လမ်းမကြီးအတိုင်း သီလဝါအထူး စီးပွားရေးဇုန် ကို ဖောက်လုပ်မှာဖြစ်ပါတယ်။ ရန်ကုန်အမြန် လမ်းသစ်လို့လည်း ခေါ်တဲ့ ဒီစီမံကိန်းဟာ ခြောက်လမ်းသွား အမြန်လမ်းဖြစ်ပြီး စုစုပေါင်း အရှည်မိုင် ၄၀ ခန့်ရှိမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မြန်ဆန်ဆန်မောင်းနှင်သွားလာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှု ဇုန် ၂၉ ခုနဲ့ သီလဝါအထူးစီးပွားရေးဇုန်တစ်ခုရှိတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အတွက်ရော ခရီးသွားလာရေးအတွက်ပါ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အခက်အခဲတွေ ရှိနေပါတယ်။ နေ့စဉ် ကိုယ်ပိုင်အိမ်စီးမော်တော် ယာဉ်တွေ၊ ခရီးသည်တင် ဘတ်စ်ကားတွေ၊ တက္ကစီတွေနဲ့ ကုန်တင်ယာဉ်တွေအပြင် ကျောင်းဖွင့်ရာသီမှာ ကြို၊ ပို့ကျောင်းကား တွေကြောင့် ရန်ကုန်မြို့ရဲ့ ကားလမ်းတွေဟာ မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်မြို့ဧရိယာ အတွင်းမှာ မော်တော်ယာဉ်ကို မြန်မြန် ဆန်ဆန်မောင်းနှင်သွားလာနိုင်ဖို့ မလွယ်ပါဘူး။
ဒါကြောင့်လည်း ရန်ကုန်မြို့ရဲ့ အနားသတ် ဧရိယာမှာ ရန်ကုန်မြို့ရဲ့ အပြင်ပတ်လမ်းလို့ အမည်ပေးထားတဲ့ စီမံကိန်းရဲ့ အရှေ့ဘက်ခြမ်း ကို ခြောက်လမ်းသွား အမြန်လမ်းအဖြစ် ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီစီမံကိန်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းကနေပြီး သီလဝါအထူးစီးပွားရေးဇုန်ကိုဖောက်လုပ်မယ့် အမြန်လမ်း စီမံကိန်းကို လာမယ့် ၂၀၂၅ ခုနှစ်မှာ အပြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ရည်မှန်း ထားပါတယ်။
JICA က ငွေထုတ်ချေးဖို့ စီစဉ်
ဒီအမြန်လမ်းဟာ သီလဝါအထူးစီးပွားရေး ဇုန်ကတစ်ဆင့် ဒလအထိ ဆက်လက် ဖောက်လုပ်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက် အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီစီမံကိန်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တင်သွင်ပြီး JICA က ငွေထုတ်ချေးဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်က ထုတ်ပြန်တဲ့ ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်းရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအမြန်လမ်း ဖောက်လုပ်တဲ့အခါ လှည်းကူးမြို့နယ် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ် တွေကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ ဒီလို ဖြတ်သန်းဖောက်လုပ်မှာ ဖြစ်တာမို့ အဲဒီမြို့နယ် တွေရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည် သယ်ယူပို့ဆောင်ရေးတွေ တိုးတက်လာမယ့် အပြင် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေလည်း မြင့်တက်လာဖို့ရှိနေပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလည်း ပေါ်ထွက်လာဖို့ ရှိနေတာမို့ အမြန်လမ်း ဖောက်လုပ်ပြီးစီးသွားရင် ဒေသဖွံ့ဖြိုးရေးတွေ လည်း တစ်ဆက်တစ်စပ်တည်း ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
ဟန်ချက်ညီညီဆောက်လုပ်
ဒီလိုအမြန်လမ်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါအထိဖောက်လုပ်တဲ့ အပိုင်းမှာ ပဲခူးမြစ်ကူးတံတား တစ်စင်း တည်ဆောက်ရမယ့် စီမံကိန်းလည်း ပါဝင်နေ ပါတယ်။ အရှည်ပေ ၄၅၀၀ ကျော်ရှိမယ့် ဒီပဲခူး မြစ်ကူးတံတားကို သပြုနဲ့ဒါးပိန်းဘက်နားမှာ ဖော်ဆောင်ဖို့ လုပ်ငန်းတွေ အကောင်ထည် ဖော်တဲ့အခါ တစ်ပြိုင်နက်တည်း စနစ်တကျ ဟန်ချက်ညီညီ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမြန်လမ်းစီမံကိန်း ကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင် အကောင်ထည်ဖော်သွားဖို့ စီစဉ်နေပါတယ်။
အခုအမြန်လမ်းကို ခြောက်လမ်းသွား အဖြစ်ဖော်ဆောင်ပြီး တစ်နာရီကီလိုမီတာ ၁၀၀ နှုန်းအထိ မောင်းနှင်းသွားလာနိုင်မယ့်လမ်းဖြစ်တာမို့ ကုန်ကျစရိတ်လည်း များပြား မှာဖြစ်ပါတယ်။ ဒီလမ်းပိုင်းမှာ လမ်းနယ်က ပေ ၃၀၀ ထားရှိမှာဖြစ်ပြီး လမ်းလွှဲ ခုနစ်ခုနဲ့ လမ်းဆုံ နှစ်ခုပါဝင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာ အမြန်လမ်းစံချိန်စံညွှန်းတွေ နဲ့အညီ ဖောက်လုပ်မှာဖြစ်တာမို့ အားနည်းချက် အနည်းဆုံးနဲ့ ပေါ်ထွက်လာမယ့် အမြန်လမ်း လည်း ဖြစ်လာပါလိမ့်မယ်။
ရန်ကုန်မြို့မှာ မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစီမံကိန်း အဖြစ် ဖော်ဆောင်တဲ့အခါ ရန်ကုန်မြို့အပြင် ပတ်လမ်းနဲ့ ရန်ကုန်မြို့ အတွင်းပတ်လမ်းဆိုပြီး စီမံကိန်း နှစ်ခုအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုအမြန်လမ်းစီမံကိန်းဟာ ရန်ကုန်မြို့ အပြင်ပတ်လမ်း စီမံကိန်းမှာပါဝင်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အပြင်ပတ်လမ်း စီမံကိန်းမှာလည်း အပိုင်း လေးပိုင်းခွဲပြီး တည်ဆောက်ဖို့ အစီအစဉ်ရှိနေပါတယ်။
အဲဒီအပိုင်း လေးပိုင်းပါရှိပြီး သီလဝါအထူး စီးပွားရေးဇုန်- လှည်းကူးမြို့နယ်အထိ အရှေ့ ဘက်ခြမ်း၊ လှည်းကူးမြို့နယ်မှ လှိုင်သာယာ မြို့နယ်အထိမြောက်ဘက်ခြမ်း၊ လှိုင်သာယာ မြို့နယ်မှ ဒလမြို့နယ်အထိ အနောက်ဘက် ခြမ်း၊ ဒလမြို့နယ်မှ သန်လျင်မြို့နယ်အထိ တောင်ဘက်ခြမ်းဆိုတဲ့ အပိုင်း လေးပိုင်း ပါဝင်တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ စတင်မှာဖြစ်
အခုအမြန်လမ်းက အရှေ့ဘက်ခြမ်းဖြစ်တဲ့ လှည်းကူးမြို့နယ်မှ သီလဝါအထူးစီးပွားရေးဇုန် အပိုင်းမှာ ပါဝင်နေတာဖြစ်ပြီး ပထမဆုံးဦးစားပေးအကောင်အထည်ဖော်မယ့် စီမံကိန်း အပိုင်းလည်းဖြစ်ပါတယ်။ ဒီအမြန်လမ်းအပိုင်း ကို ၂၀၂၁ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပြီးစီးဖို့ မျှော်မှန်းထားသလို သီလဝါ အထူးစီးပွားရေးဇုန်မှ ဒလအပိုင်းကိုတော့ လာမယ့် ၂၀၃၅ ခုနှစ်ခန့်မှာ အပြီးသတ် ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းရဲ့ အချိန် နေရာတွေမှာ မိုးပျံလမ်း ပုံစံမျိုးတွေ ဆောက်လုပ်သွားမှာဖြစ်သလို လမ်းပိုင်း အများစုကတော့ အမြန်လမ်းပုံစံမျိုး တည်ဆောက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုဆိုရင် ရန်ကုန်မြို့ပြင်ပတ်လမ်းမှာ ကားလမ်းဖော်ဆောင်ရင်တော့ အမြန်လမ်း အစိတ်ပိုင်းတွေ ထွက်ပေါ်လာမှာမို့ ရန်ကုန်မြို့ ပြင်ပတ်ကားလမ်းလာအသွင်သစ် ဖြစ်ပေါ် လာမှာ သေချာနေပါတယ်။
အမြန်လမ်းသစ်ဖြစ်လာ
ယာဉ်ကြောပိတ်ဆို့မှုတွေအပြင် မြို့တွင်း ကားလမ်းမတွေပေါ်မှာ မော်တော်ယာဉ်မျိုးစုံ ပြည့်ကျပ်နေမှုအတွက်ကြောင့် ရန်ကုန်မြို့ပြရဲ့ မွန်းကျပ်မှုဟာ အခုလို ရန်ကုန်မြို့ပြင်မှာ အမြန်လမ်းသစ် ပေါ်ထွက်လာရင်တော့ ယာဉ်ကြောပိတ်ဆို့မှု‌တွေ၊ မွန်းကျပ်မှုတွေ လျော့ကျပြီး ကုန်စည်စီးဆင်းမှုတွေ လျင်မြန်လာကာ အချိန်ကုန်သက်သာလာမှာ ဖြစ်တာမို့ ရန်ကုန်မြို့ရဲ့ အသွင်သစ်တစ်ရပ် ဖော်ဆောင်မယ့် အမြန်လမ်းသစ်ဖြစ်လာမှာအမှန်ပါပဲ။

ဆွေဦးဝေ
Credit to: myanmaralin