ရန်ကုန် မြို့က မြို့နယ်အချို့မှာရှိတဲ့ လက်ဖက် ရည်ဆိုင်ကြီးတွေနဲ့ စားသောက်ဆိုင်ကြီးတွေတရား၀င်ပြန်ဖွင့်လာတာကို ယနေ့တွေ့မြင် နေရပါပြီ။ ဒါဟာ ကောင်းတဲ့ လက္ခဏာဖြစ်လို့ ဝမ်းသာစရာပါပဲ။
ပေါ့ပေါ့ပါးပါး စကားပြောဆို
စာရေးသူတို့အပါအဝင် လက်ဖက်ရည် ကြိုက်ကြသူအတော်များများက ချိုင့်ဆွဲ (ပါဆယ်) ဝယ်သောက်ရတာထက် ဆိုင်မှာ ထိုင်သောက်ရတာကို ပိုနှစ်သက်ကြပါတယ်။ ဖျော်တဲ့လက်ဖက်ရည်က တစ်ဦးတည်း လက်ရာဖြစ်ပေမယ့် ချိုင့်ဆွဲ(ပါဆယ်)ထက် ဆိုင်မှာ ထိုင်သောက်ရတာက ပိုလို့အရသာ ရှိတယ်လို့စွဲလမ်းမှုတွေ ရှိနေကြပါတယ်။ နောက် မိတ်ဆွေအချင်းချင်းတွေ့ဆုံပြီး ပေါ့ပေါ့ပါးပါး စကားပြောဆိုလို့ ရတာလည်း ပါပါတယ်။
ဆရာကြီး မင်းသိင်္ခရေးခဲ့တဲ့ ဝတ္ထုတစ်ပုဒ် ထဲကလို မုန့်ဟင်းခါးစားပြီးကာမှ မုန့်ဟင်းရည် နည်းနည်းလောက်ဆိုပြီး တောင်းသောက် တာကို ဘယ်သူကစခဲ့တာလည်း မသိဘူး ဆိုသလို လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အကျင့်ကို ဘယ်သူတွေက စခဲ့တာလည်း မေးရမလို ဖြစ်နေပါပြီ။ ဟိုတုန်းက လက်ဖက်ရည်ဆိုင်လို့ မခေါ်ပါဘူး။ “ကာကာဆိုင်” လို့ပဲ ခေါ်ပါတယ်။
ပိုစုရုံးခြင်း လုပ်လို့မရ
အခုတော့ ကိုဗစ်-၁၉ ကြောင့် လက်ဖက် ရည်ဆိုင်တွေမှာ ထိုင်သောက်လို့ မရတော့ပါ ဘူး။ အခြားနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ကြီးက မြန်မာနိုင်ငံကို မတ် ၂၃ ရက်က စတင်ရောက်ရှိလာလို့ပါပဲ၊ အဲဒါကြောင့် လူစု လူဝေးဖြစ်စေတဲ့ ပွဲလမ်းသဘင်နဲ့ အစည်း အဝေးများအပြင် လူငါးယောက်ထက် ပိုစုရုံး ခြင်း လုပ်လို့မရတော့ပါဘူး။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးမှုတွေ၊ သတိပေးမှုတွေ၊ တားမြစ် ညွှန်ကြားမှုတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ က ဒေသန္တရအမိန့်တွေ နေ့စဉ်ရက်ခြားဆိုသလို ထွက်လာခဲ့ပါပြီ။
လက်ဖက်ရည်ဆိုင်ကအစ စားသောက် ဆိုင်တွေအဆုံး ဆိုင်တွေမှာ ထိုင်ပြီးစားသောက် ခြင်းကို လုံဝခွင့်မပြုတော့ဘဲ ချိုင့်ဆွဲ(ပါဆယ်)စနစ်နဲ့သာ အရောင်းအဝယ်လုပ်စေခဲ့ပါတယ်။ အဓိက ဆိုင်ထိုင်စားသုံးသူတွေ များလာမှသာအရောင်းအဝယ်ကောင်းတာမို့ ရန်ကုန်မြို့က ဆိုင်ကြီးဆိုင်ငယ်တွေအားလုံး ပိတ်သိမ်းထား ကြပါတယ်။
မြန်မာပြည်က အများကြီး ကံကောင်းပါ တယ်။ တကယ့်ကို အဘက်ဘက်က တိုးတက် နေတဲ့ နိုင်ငံကြီတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုဟာ ကြောက်စရာကောင်းလောက် အောင် မြင့်မားမှုတွေနဲ့အတူ ကမ္ဘာအဝန်း သုံးသိန်းကျော် သေဆုံးမှုတွေ ရှိနေတဲ့အကြား က မြန်မာနိုင်ငံအနေနဲ့ မေ ၂၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၂၀၁ ဦးပဲ ရှိခဲ့ပြီး ခြောက်ဦးပဲ သေဆုံးမှုရှိခဲ့တာ ဟာ ဘုရား တရား သံဃာရတနာသုံးပါးဂုဏ် ကျေးဇူးကြောင့်ပါ။
ထင်တိုင်းမပေါက်
ဓိဋ္ဌဓမ္မတွေ့မြင်ရမှုအပိုင်းကို ပြန်ကြည့်ရင် လည်း နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာန အသီးသီးရဲ့ စီမံကွပ်ကဲမှု စောင့်ရှောက်မှု ဆိုတာကလည်း မျက်ဝါးထင်ထင်ပါ၊ ဒါ့အပြင် ပြည်သူအများစုကလည်း သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ လိုက်နာနေထိုင်မှု ကြောင့် ဒီ ကိုဗစ်-၁၉ က ထင်တိုင်းမပေါက် ဝင်တိုင်းမရောက်နိုင်ခဲ့တာလည်း အကြောင်း အချင်းအရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် နေရပ်ပြန်အပြင် လူစု လူဝေးတစ်ရပ်ကတစ်ဆင့် ရန်ကုန်က ပိုခံစား လိုက်ရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန် ချက်အရ မေ ၂၃ ရက် ည ၈ နာရီအထိ ရောဂါပိုး တွေ့ရှိသူ ၂၀၁ ဦးအနက် ရန်ကုန်က ၁၅၅ ဦး အထိ ရှိလာတာကို တွေ့ရှိရပါတယ်။ သေဆုံးသူ ခြောက်ဦးမှာတော့ ရန်ကုန်ကတစ်ဦးတည်းပဲ စာရင်းပေါက်ခဲ့ပါတယ်။
ပြန်နာလန်ထူနိုင်
ဒီကပ်ဆိုးကြီးဟာ မြန်မာနိုင်ငံအပေါ် အခြားအခြားသော နိုင်ငံကြီးတွေက တွက်ချက် တဲ့အဖြေနဲ့ဆို ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ၊ အခု ဆိုရင် ရန်ကုန်မြို့က ပိတ်ထားခဲ့တဲ့ ဈေးကြီး တွေ ပြန်ဖွင့်နေပါပြီ။ ထိုဈေးကြီးတွေကို မျက်ခြည်မပြတ် စောင့်ကြည့်မှုများ ရှိနေရာ ယနေ့တိုင် စိုးရိမ်စရာမတွေ့ရဘဲ မကြာမီ အရောင်းအဝယ် ပြန်နာလန်ထူနိုင်တော့မယ် ဆိုတာကို ယုံကြည်မိပါတယ်။
တစ်ဆင့်တိုးလို့ လက်ဖက်ရည်ဆိုင်များက အစပြုပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့်နိုင်ရေး အတွက်ကို ဆိုင်တွေက လိုက်နာရမယ့် စည်းကမ်း၊ စားသုံးသူတွေဘက်က လိုက်နာရ မယ့် အချက်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေ ၁၇ ရက်က ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
စားသောက်ဆိုင်တွေမှာ ပြင်ဆင်ထားရ မယ့်အချက်က ၁၁ ချက်၊ စားသောက်ဆိုင်မှ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ လိုက်နာရမယ့် အချက်ကလည်း ၁၁ ချက်ပါ၊ နောက်ပြီး စားသုံးသူများ လိုက်နာရမယ့်အချက်က ရှစ်ချက်ပါဝင်ပြီး ဆိုင်များက သန့်ရှင်းရေး ဆိုင်ရာ အထူးပြုဂရုစိုက်ရမယ့် အချက်က လေးချက်ရှိတာကို တွေ့ရပါတယ်။
မျက်နှာတစ်ခုလုံးကို အကာအကွယ်ပေး
ဆိုင်ထဲကိုမဝင်မီ အပြင်လက်ဆေးကန် မှာ လာတဲ့သူ တစ်ဦးမကျန် လက်ဆေးရပါ တယ်။ ဝန်ထမ်းတစ်ယောက်ကို ပုံသေထားပြီး အပူချိန်တိုင်းတာစေပြီးမှ ဆိုင်ထဲ ဝင်ခွင့် ပေးတာကို တွေ့ရပါတယ်။ ဆိုင်ဝန်ထမ်းများ အားလုံးက နှာခေါင်းစည်းကိုယ်စီတပ်ထားတဲ့အပြင် မျက်နှာတစ်ခုလုံးကို အကာအကွယ်ပေး နိုင်တဲ့ မျက်နှာအကာကိုယ်စီနဲ့ပါ။ စားသုံးသူ တွေအတွက် စိတ်ပိုရှင်းရတာပေါ့။
လေးခုံခွဲထိုင်လိုက်ကြရ
ဆိုင်ရဲ့အပြင်အဆင်က အတော့်ကို ပုံစံ ပြောင်းသွားပါတယ်။ အရင် ရောက်ခဲ့ဖူးစဉ်က လေးပေ နှစ်ပေခွဲခန့် စားပွဲအမြင့်ကို(အရင်ကမိသားစုလေးငါးယောက် တစ်စုတည်းထိုင်လို့ ရပါတယ်) အခုစားပွဲအရှည်ဟိုဘက်ထိပ်မှာ ကုလားထိုင်တစ်လုံး၊ ဒီဘက်ထိပ်မှာ ကုလား ထိုင်တစ်လုံးသာ ချထားပေးပါတယ်။ စားပွဲရဲ့ အလယ်မှာ အမြင့်နှစ်ပေခန့်ရှိ ပလတ်စတစ် အဖြူ(အကြည်) တစ်ချပ်ကို ပိုက်များနဲ့ ချိတ်ဆက်ကာပေးထားပါတယ်။ စားပွဲခုံ တစ်လုံးနဲ့တစ်လုံးကိုလည်း သုံးလေးပေခန့် ခြားထားတာကို တွေ့ရပါတယ်။ အဲဒီနေ့က လေ့လာရင်း စားဖို့သွားတဲ့ မိသားစုက ခုနစ် ယောက်ဆိုတော့ လေးခုံခွဲထိုင်လိုက်ကြရတယ်။
ကောင်းပါတယ်။ စနစ်တကျ ပြင်ဆင် ထားတာကို တွေ့ရပါတယ်။ အဲဒီလိုသာ ရေရှည်သွားနိုင်ရင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလို လုပ်ငန်းရှင်(ဆိုင်ရှင်)၊ ဆိုင်ဝန်ထမ်း၊ စားသုံးသူတွေအတွက် အဆင်ပြေလှပါတယ်။ ဒီစနစ်၊ ဒီစည်းကမ်းတွေ ကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်းသွားဖို့ပဲ လိုပါတော့တယ်။
အဲဒီလိုမှမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ လျော့နည်းလာမယ်၊ ပျက်လာမယ်ဆိုရင်တော့ ပထမအကြိမ်မှာ သတိပေးမယ်၊ ဒုတိယအကြိမ် မှာ ဒဏ်ငွေရိုက်မယ်၊
တတိယအကြိမ်အထိ ဖြစ်လာရင်တော့ ကာလတစ်ခုအထိ ဆိုင်ကို ပိတ်မယ်၊ ခြွင်းချက်အနေနဲ့ အရင်လိုပဲ သတ်မှတ် စည်းကမ်းချက်တွေကို လိုက်နာပါ့မယ်လို့ တင်ပြလာရင်တော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး သတ်မှတ်စည်းကမ်းတွေနဲ့ ညီမှသာ ပြန်ဖွင့် ခွင့်ရကြမှာပါ။
အစဉ်မပြတ်ကြီးကြပ်
အဲဒီလိုစည်းကမ်းတွေကို စနစ်တကျ လိုက်နာကြစေဖို့ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်တွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူတွေက အစဉ်မပြတ် ကြီးကြပ်သွားဖို့တော့ လိုပါ လိမ့်မယ်။
အဲဒီလိုမှမဟုတ်ဘဲ ဆိုင်တွေကလည်း လျော့၊ စားသုံးသူတွေကလည်း ပေါ့၊ တာဝန်ရှိ သူတွေကလည်း ဂရုမမူရင်တော့ မူလအတိုင်း ချိုင့်ဆွဲ(ပါဆယ်)အဆင့်ကို ပြန်ရောက်သွားမှာ ပါ။ ချိုင့်ဆွဲ(ပါဆယ်)အဆင့် ပြန်ရောက်ရတာက အရေးမကြီးပါဘူး။ ရောဂါပိုး ပျံ့နှံ့တာ ပိုအရေးကြီးပါတယ်။ ဒါက ဆိုင်ကြီးတွေ အပိုင်းပါ၊ ငွေကြေးတတ်နိုင်ပြီး ခမ်းခမ်းနားနား ဖွင့်နေတဲ့ ဆိုင်ကြီးတွေရဲ့ အခြေအနေပါ။ ရပ်ကွက်အတွင်း၊ ရုံးနားဝန်းကျင်၊ ဈေးများ အတွင်းက တစ်ပိုင်တစ်နိုင် ဖွင့်နေတဲ့ ဆိုင်တွေကလည်း ရန်ကုန်မြို့မှာ အများ ကြီးပါ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန် နေရသလို အခြေခံလူတန်းစားအများစု စုစည်းရာ ရပ်ဝန်းလည်းဖြစ်ပါတယ်။ အဲဒီလို ဆိုင်ငယ်လေးများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စဉ်းစားစီစဉ်မှုက ကွက်လပ် လေးတစ်ခုပမာ ဖြစ်နေတယ်လို့ အခြေခံ လူတန်းစားများ ပြောနေကြပါတယ်။
ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဈေး အတွင်းရှိ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် က “လူကြီးတွေက ဆိုင်အကြီးကြီးတွေ အတွက် အဓိကစဉ်းစားသွားတာပေါ့နော်၊ ဆိုင်ကြီးတွေအနေနဲ့က လုပ်နိုင်တယ်လေ ငွေကြေးပြည့်စုံကြတယ်၊ ဆိုင်ကလည်း ကျယ်ကျယ်ဝန်းဝန်းဆိုတော့ အဆင်ပြေတာ ပေါ့။ ကျွန်မတို့လို တစ်နေ့ရောင်းရတဲ့ငွေကနောက်တစ်နေ့အတွက် အရင်းအနှီးလို ဖြစ်နေတဲ့ ဆိုင်လေးတွေက အခက်အခဲတွေ အများကြီးရှိပါတယ်။ ပါဆယ်ဆိုတာကလည်း နဂိုကတည်းက အနည်းစုပဲ ဝယ်ကြတာပါ၊ ဆိုင်သောက်များတာပါ။ ကြာလာတော့လည်း မခံနိုင်တော့ဘူး” ဟု လက်ရှိတွေ့ကြုံနေရသော အခက်အခဲကို ရင်ဖွင့်ပြောပြပါတယ်။
အဲဒီအကြောင်းတွေနဲ့ ပတ်သက်လို့ စည်ပင်ကရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ကိုစေ့ငုကြည့်တော့ “ကျွန်တော်တို့လည်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အကြီးအသေး အားလုံးကို တစ်ပြိုင်နက်တည်း ပြန်ဖွင့်ပေး လိုက်ရင်မဖြစ်ဖူး။ ဖြစ်လာခဲ့သော် ဆိုသလိုပါပဲ သတိကြီးကြီးထားရမယ့် အခြေအနေမှာပဲ ရှိနေပါသေးတယ်။ အားလုံးကောင်းဖို့အတွက် နားလည်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။ အခြေအနေကောင်းတစ်ခု ရောက်လာတာနဲ့ မြို့နယ် ကိုဗစ်ကော်မတီနဲ့ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေက ပူးပေါင်းပြီး အကောင်းဆုံးဖြစ် အောင် စီစဉ်ပေးလာနိုင်မှာပါ”လို့ စကားစပ်လို့ ပြောခဲ့ကြဖူးပါသေးတယ်။
ဒါ့ကြောင့် ဒီကနေ့ ဒီအချိန်၊ ဒီအခါ၊ ဒီအဆင့်အထိ ရှိနေတာလေးကနေ ပိုလို့ ကျမသွားဖို့က အရေးကြီးပါတယ်။ အားလုံးမှာ လည်း တာဝန်ကိုယ်စီ ရှိကြပါတယ်။ စည်းပေါက်ရင်တော့ ချိုင့်ဆွဲ(ပါဆယ်)အဆင့် ကို ပြန်ရောက်သွားနိုင်ပါတယ်။
ဇာတ်စကားနဲ့ပြောရရင်တော့ အားလုံးပဲ“အောင်မောင်းတောင့်ထား” လို့ပဲ ပြော ပါရစေ။ ။
သျှင်၀င်းသျှင်၊ ဓာတ်ပုံ – တင်၀င်းတင်