နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ဂျပန်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၀၈ ဦးအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ယနေ့တွင်လည်း မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ ဖြစ်နေကြသည့် မြန်မာနိုင်ငံသား ၉၃ ဦးအား Myanmar Airways Interna-tional-MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။ ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသည့်
မြန်မာနိုင်ငံသား ၁၀၄ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံသား ၁၆ ဦး စုစုပေါင်း ၁၂၀ တို့အားလည်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Myanmar Airways Inter-national-MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၉ နာရီ ၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ်ပေး ထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ ၂၁ ရက်တာ အသွား အလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၉၃ ဦးအား Myanmar Airways International-MAI လေကြောင်းလိုင်းမှ အခမဲ့ခေါ်ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ မေ ၉ ရက်တွင် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေကြ သည့် မြန်မာနိုင်ငံသား ၁၄၆ ဦး ခန့်အားလည်း ဒုတိယအသုတ်အဖြစ် ကယ်ဆယ် ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

နေပြည်တော် မေ ၈