ကပ်ရောဂါ ဖိစီးမှု ကြုံနေရတဲ့ လက်ရှိ ကာလမျိုးမှာ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ကျင့်ကြံ လိုက်နာကြဖို့ ပိုပြီး အရေးကြီးလာကြောင်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ် သတင်းစကားအဖြစ် ကုလသမဂ္ဂ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
မေလ ၆ ရက်ဟာ ကဆုန်လပြည့် ကျရောက်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့သလို ဂေါဓမ ဗုဒ္ဓ ဘုရားပွင့်တဲ့၊ ပရိနိဗ္ဗာန်ပြုတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓ ဖွားမြင်မှု၊ ဘုရားပွင့်မှုနဲ့ ပရိနိဗ္ဗာန် ပြုမှုတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓရဲ့ အဆုံးအမတွေကိုလည်း မှတ်မှတ်ထင်ထင် လေးစား လိုက်နာကြဖို့ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က တိုက်တွန်းခဲ့ပါတယ်။
ဗုဒ္ဓ ဘုရားရှင်က ကိုယ်တော်တိုင် အပါအဝင် သက်ရှိ သတ္တဝါတိုင်း ဖျားနာနိုင်၊ နေပြန်ကောင်းနိုင်တဲ့ တရားသဘောတွေကို ပြသခဲ့ဖူးကြောင်း၊ အခုလို ကျန်းမာရေး ပြဿနာကြီး ကြုံနေရတဲ့ ကာလမှာ ဗုဒ္ဓရဲ့ နူးညံ့တဲ့ သွန်သင် ဆုံးမမှုတွေကို လေးစား လိုက်နာရင်း လူသားအားလုံး စုစုစည်းစည်းနဲ့ ဒီရောဂါဆိုးကြီးကို တွန်းလှန်ပြီး နေပြန်ကောင်းလာအောင် အားထုတ်ကြစေလိုကြောင်း ဂူတာရက်စ်က ပြောကြားသွားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက် ကတည်းက ဗုဒ္ဓဘာသာဝင်တွေ အစဉ်တစိုက် အထွဋ်အမြတ် ထားလာတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြု နေ့တစ်နေ့ အနေနဲ့ ကုလသမဂ္ဂက သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။