ကျန်းမာရေးညွှန်ကြား ချက်နှင့် ကိုက်ညီခြင်းရှိ၊ မရှိ စက် ရုံ၊အလုပ်ရုံများကို စစ်ဆေး သည့်ကာလကို မေလ ၁၅ ရက် အထိ တိုးမြှင့်လိုက်ကြောင်း အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ကြေညာသည်။

စက်ရုံ၊ အလုပ်ရုံနှင့် အလုပ် ဌာနများတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ချမှတ်ထားသည့် လမ်းညွှန်ချက်များကို လိုက်နာခြင်းရှိ၊ မရှိ စစ်ဆေးခြင်းကို ဧပြီ ၃၀ ရက်အထိ ပြုလုပ်ရန် မူလက သတ် မှတ်ခဲ့သည်။

သို့သော် ဧပြီ ၃၀ ရက်အထိ စစ်ဆေးရန် စက်ရုံ၊ အလုပ်ရုံများ ကျန်နေသေးသဖြင့် ရက်ထပ်တိုး လိုက်ခြင်းဖြစ်ကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆို သည်။

ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စံသတ်မှတ်ချက်နှင့် ညီညွတ်ပါက တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်)တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန (သို့မဟုတ်)အလုပ်ရုံနှင့် အလုပ် သမားဥပဒေ စစ်ဆေးရေးဦးစီး ဌာန တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးရုံးများသို့ အကြောင်းကြား ရန် ညွှန်ကြားထားသည်။

တိုးမြှင့်ထားသည့်ကာလအ တွင်း အကြောင်းကြားမှုမရှိခြင်း၊ စစ်ဆေးခံနိုင်မှုမရှိခြင်းတို့ကို တွေ့ရှိပါက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များ ရရှိ မည်မဟုတ်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတိပေးထားသည်။

အဆိုပါ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ကို စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး ပြီးနောက် ဖွင့်လှစ်ခွင့်ရသည့် စက်ရုံ၊ အလုပ်ရုံမှာ ဖွင့်လှစ်ခွင့်ပြုခဲ့ သည့်နေ့အထိလည်းကောင်း၊ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပြီး နောက် ဖွင့်လှစ်ခွင့်မရရှိဘဲ ပြင် ဆင်ပြီးမှ ပြန်လည်ဖွင့်လှစ်ရမည့် စက်ရုံ၊ အလုပ်ရုံများအတွက် စစ်ဆေးပြီးစီးသည့်ရက်မှ နောက်  အများဆုံး ငါးရက်အထိလည်း ကောင်း ခံစားခွင့်ရရှိမည်ဟု ဆို သည်။

‘‘အချိန်ထပ်တိုးပေးလိုက် တော့ စစ်ဆေးရေးအဖွဲ့တွေအ တွက်လည်း အလျင်စလို စစ်ဆေး စရာမလိုတော့ဘူး။ အချိန်ပိုရ တော့ အသေးစိတ်စစ်ဆေးသွား နိုင်တာပေါ့’’ဟု အလုပ်သမား အဖွဲ့ခေါင်းဆောင် ကိုစည်သူခန့် က ပြောသည်။

အဆိုပါ စက်ရုံ၊ အလုပ်ရုံများ ကို စစ်ဆေးခြင်းကို ဧပြီ ၂၀ ရက် ကစတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသ ကြီးတွင် စက်ရုံ၊ အလုပ်ရုံ၆,၀၀၀ ကျော်ရှိသည့်အနက် ဧပြီ ၃၀ ရက်အထိ ရုံ ၁,၅၀၀ ကျော် စစ်ဆေးပြီးဖြစ်ကြောင်း ထုတ်ပြန်  ချက်များအရ သိရသည်။

Credit to: 7Day News