ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်ခဲ့ရတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။ ကုမ္ပဏီငယ်များအပါအဝင် မိုက်ခရို၊ အသေးစား နှင့် အလတ်စားလုပ်ငန်းများ (MSME) တွေက အဓိက ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ MSME တွေဖြစ်ပြီး စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံရဲ့ စီးပွားရေးမထိခိုက်အောင် MSME တွေ မပြိုလဲဖို့က အဓိကကျတယ်လို့ ဆိုရပါမယ်။ ဒီလိုမပြိုကွဲဖို့ကို အသစ်ပြဋ္ဌာန်းလိုက်တဲ့ လူမွဲခံယူခြင်းဆိုင်ရာဥပဒေက အထောက်အကူပြုပါလိမ့်မယ်။
လူမွဲခံယူခြင်းဆိုင်ရာဥပဒေသစ်ကို ၁၄-၂-၂၀၂၀ ရက် နေ့က ပြဋ္ဌာန်းခဲ့ပြီး ၂၅-၃-၂၀၂၀ ရက်နေ့မှာ ဥပဒေ စတင်အာဏာတည်ကြောင်း နိုင်ငံတော်သမ္မတက အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေအရ ဖွဲ့စည်းရမယ့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေး ကောင်စီကိုလည်း နိုင်ငံတော်သမ္မတက ၂၆-၃-၂၀၂၀ ရက် နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေ များကိုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၈-၄-၂၀၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေဟာ နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုအစီရင်ခံစာ (Ease of Doing Business Report) ၏ အညွှန်းကိန်းတစ်ခုဖြစ်တဲ့ လူမွဲခံယူခြင်းကို ဖြေရှင်း ခြင်းအညွှန်းကိန်း (Resolving Insolvency Indicator) ရမှတ်များ တိုးတက်နိုင်မှာဖြစ်လို့ အချိန်မီပြဋ္ဌာန်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အသုံးဝင်လာတဲ့ ဥပဒေ
ဒီလိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြီးကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက် လာနိုင်တာမို့လို့ ဒီဥပဒေဟာ အလွန်အသုံးဝင်လာနိုင်တဲ့ ဥပဒေတစ်ခုဖြစ်လာခဲ့တာကတော့ ကျွန်တော်တို့နိုင်ငံ အတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတစ်ခုကို ရရှိခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ယခင်ဥပဒေမူဘောင် များအရ စီးပွားရေးလုပ်ငန်းတွေဟာ ကြွေးမြီပေးဆပ် နိုင်ခြင်းမရှိတော့ရင် ကုမ္ပဏီဆိုရင် စာရင်းရှင်းလင်း ဖျက်သိမ်းပြီး အခြားလုပ်ငန်းတွေဖြစ်ရင်တော့ လူမွဲခံ ယူခြင်းကို ဆောင်ရွက်ရမှာပါ။ ဆိုလိုတာကတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီး ကြွေးရှင်တွေ ကို ပေးဆပ်ရမှာပါ။ အခုဥပဒေသစ်ကတော့ ဒီလိုထုခွဲ ရောင်းချခြင်းမပြုမီ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်း တွေကို တတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားပြီး ကယ်တင်နိုင်ခြင်းမရှိတော့မှသာ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်းကို ဆောင်ရွက်ရ မှာပါ။
တတ်နိုင်သလောက် ကယ်တင်ဖို့ရည်ရွယ်
အဓိကကတော့ ကြွေးတင်နေတဲ့ စီးပွားရေးလုပ်ငန်း တွေကို တတ်နိုင်သလောက်ကယ်တင်ဖို့နဲ့ တရားမျှတပြီး စနစ်ကျတဲ့ စာရင်းရှင်းလင်းဖျက်သိမ်းရေးစနစ် ပေါ်ပေါက် လာဖို့ ရည်ရွယ်တာပါ။ ကယ်တင်တဲ့နေရာမှာလည်း စီးပွားရေးလုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့၊ ဝန်ထမ်းတွေ အလုပ်အကိုင် ဆက်လက်ရရှိစေဖို့နဲ့ မြီရှင်များနဲ့ အကျိုးတူဆောင်ရွက် နေတဲ့ မြီစားတွေကို ကယ်ဆယ်ပေးခြင်းဖြင့် မြီရှင်၊ မြီစား နှစ်ဦးနှစ်ဖက်အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်။ ကယ်တင် လို့မရရင်တော့ ဖျက်သိမ်းရတော့မှာပေါ့။ ဖျက်သိမ်းရာမှာ လည်း အာမခံအကျိုးခံစားခွင့်ရ မြီရှင်များရဲ့ အကျိုးစီးပွား ကို ကာကွယ်ပေးဖို့နဲ့ အာမခံအကျိုးခံစားခွင့်မရရှိတဲ့ မြီရှင်တွေကို တန်းတူအခွင့်အရေးပေးနိုင်ဖို့ ရည်ရွယ်တယ်။
ကုမ္ပဏီနဲ့ MSMEတွေ ဖျက်သိမ်းရရင် တည်ထောင်ခဲ့ ရတဲ့အချိန်တွေနဲ့ နည်းပညာတွေ အလဟဿဖြစ်မယ်၊ သူတို့ကိုမှီခိုနေတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်မယ်၊ မြီရှင် မြီစား အကျိုးတူ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ ဆုံးရှုံး မယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးရမယ်၊ နိုင်ငံတော်က ရနေ တဲ့ အခွန်ဘဏ္ဍာတွေ ဆက်မရနိုင်တော့ဘူး၊ နောက်ဆုံးမှာ နိုင်ငံတော်ရဲ့စီးပွားရေး ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ကယ်ဆယ်ခြင်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်သင့်တယ် လို့ နိုင်ငံတကာကလက်ခံပြီး ဥပဒေမူဘောင်တွေကို ပြင်ဆင်ခဲ့ကြတယ်။ ဒီဥပဒေကလည်း အဲဒီနိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ရေးဆွဲထားတာပါ။ ကုမ္ပဏီကယ်ဆယ် ခြင်းနဲ့ ပြန်လည်ထူထောင်ရေးကို ဥပဒေအပိုင်း (၅)၊ MSME ကိုတော့ ဥပဒေအပိုင်း (၆ ) မှာ ပြဋ္ဌာန်းထားပါတယ်။ အခြေခံ သဘောတရားတူညီပေမယ့် MSME အတွက်တော့ လုပ်ငန်းစဉ်အနည်းငယ် လျှော့ချထားပါတယ်။
ဒီဥပဒေရဲ့ ထူးခြားချက်တစ်ခုကတော့ ဥပဒေအရဆောင်ရွက်ရတဲ့လုပ်ငန်းအားလုံးမှာ လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူများက အဓိကဦးဆောင်မှာဖြစ်ပြီးတရားရုံးများပါဝင်မှု အခန်းကဏ္ဍကို အတတ်နိုင်ဆုံး လျှော့ချထားတယ်။ သူ့ရဲ့ဆောင်ရွက်ချက်ကို မကျေနပ်မှ သာ တရားရုံးက ပါဝင်လာမှာပါ။ ကယ်ဆယ်ခြင်းအဆင့်နဲ့ အစီအစဉ်အဆင့်ဆိုပြီး အဆင့်နှစ်ဆင့်ရှိကာ ကယ်ဆယ် ခြင်း အဆင့်ကစရမှာပါ။ ကယ်ဆယ်ခြင်းအဆင့်မှာ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ရရန်နှင့် ပေးရန် များ၊ ဈေးကွက်ပိုင်ဆိုင်ထားမှုအခြေအနေ၊ ရှေ့အလား အလာကောင်းခြင်း၊ ဆိုးခြင်းစတဲ့ အခြေအနေအားလုံးကို သုံးသပ်ပြီး ကယ်ဆယ်နိုင်ခြင်း ရှိ မရှိနဲ့ ရှိရင်ဘယ်လို နည်းနဲ့ ကယ်ဆယ်မလဲဆိုတဲ့ ကယ်ဆယ်ခြင်းအစီအစဉ်ကို ဦးစွာရေးဆွဲရပါမယ်။
အစီအစဉ် ရေးဆွဲပြီးရင်တော့ မြီရှင်တွေကို တင်ပြရ ပါမယ်။ သတ်မှတ်ထားတဲ့အရေအတွက်ရှိတဲ့ မြီရှင်တွေရဲ့ ထောက်ခံအတည်ပြုမှုကိုမရခဲ့ရင် အစီအစဉ်အတိုင်း မသွားတော့ဘဲ ကုမ္ပဏီဆိုရင် ဖျက်သိမ်းဖို့နဲ့ ကုမ္ပဏီမဟုတ် ရင် လူမွဲခံယူဖို့ ဆောင်ရွက်ရပါမယ်။ ထောက်ခံအတည်ပြု ခဲ့ရင်တော့ အစီအစဉ်အတိုင်း ဆောင်ရွက်ရမှာပါ။ အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ကုမ္ပဏီ၊ စီးပွားရေး လုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ပြီဖြစ်လို့ ဆက်လက် လည်ပတ်မှာပါ။ မအောင်မြင်ရင်တော့ ဖျက်သိမ်းဖို့၊ လူမွဲခံ ယူဖို့ ဆောင်ရွက်ရမှာပါ။
ကျွမ်းကျင်သူများ မွေးထုတ်ဖို့လို
အခုဆိုရင် ဥပဒေမူဘောင်တွေ အသင့်ဖြစ်နေပြီဖြစ်လို့ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေ မွေးထုတ်ဖို့ လိုအပ်နေပါပြီ။ သူတို့ကိုတော့ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီက မှတ်ပုံတင် လက်မှတ်ထုတ်ပေးရမှာပါ။ ဖြစ်နိုင်သူတွေကတော့ ရှေ့နေ ရှေ့ရပ်တွေနဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်တွေပါ။ သူတို့ရဲ့အရည်အချင်းတွေကို ကောင်စီက သတ်မှတ်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ရှေ့နေဖြစ်ရင် စာရင်း ရှင်းလင်းဖျက်သိမ်းတဲ့ အတွေ့အကြုံရှိရမှာ ဖြစ်ပြီး စာရင်း ကိုင်ဖြစ်ရင်တော့ ဒီဥပဒေသဘောတရားကို နားလည်သူ ဖြစ်ရမှာပါ။
ဒီဥပဒေအသစ်က နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ စီးပွားရေးလုပ်ငန်းတွေကို အများကြီးအထောက် အကူ ပေးမှာဖြစ်ပေမယ့် လက်ရှိဥပဒေတွေနဲ့ တော်တော်လေး ကွာခြားပါတယ်။ ဒါကြောင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်လိုသူများနဲ့ ငွေကြေး အခက်အခဲရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဒီဥပဒေကို အသေအချာလေ့လာကြဖို့ လိုအပ်ပါတယ်။ သို့မှသာ ဒီဥပဒေသစ်အရ ပေးထားတဲ့အခွင့်အရေးတွေကို လုပ်ငန်း ရှင်များသိရှိနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ မယ့် စီးပွားရေးဆိုင်ရာအခက်အခဲတွေကို တတ်နိုင် သလောက် ကျော်လွှားနိုင်မယ်လို့ ယုံကြည်စွာဖြင့် တင်ပြလိုပါတယ်။ ။
ဇော်သူရ (ချောက်ရေနံမြေ)