Coronavirus Disease COVID-19 သက်ရောက်မှု ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ကျန်အဖွဲ့ဝင် များက သက်ဆိုင်ရာ နေရာဒေသများမှ လည်းကောင်း ပါဝင်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း (၃) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် အခြားဝန်ဆောင်မှု ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် အိမ်ရာ၊ အဆောက်အဦကဏ္ဍတို့မှ လုပ်ငန်းအသစ် (၅)ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၅၉၄ သန်းနှင့် ငွေကျပ် ၁၀၈၄၀ ဒသမ ၁၃၄ သန်းရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၄၄ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီး မြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၂၆ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

နေပြည်တော် ဧပြီ ၂၈