ဆလုံလူမျိုးတို့၏ ဓလေ့စရိုက်၊ ရိုးသားဖြောင့်မတ်မှုသည် မြိတ်ကျွန်းစု၏ တန်ဖိုးမဖြတ်နိုင်သော ပြယုဂ်ဖြစ်သည်။ ၄င်းတို့ကို လူသိများစေခြင်းပင်ဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တွင် ဝမ်းစာအတွက် ကဗန်း(ခေါ်)လှေငယ်တို့ဖြင့် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ထို့ကြောင့်Sea Gypsy or Men of the sea အဖြစ် အမည်တွင်ခြင်းဖြစ်ပေသည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနင်းတိုက်ခိုက် လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။

၎င်းတို့သည် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် လူနည်းစုအဖြစ် သီးခြားနေထိုင်ကြသည်။ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လန်းပိကျွန်း နှင့် ပုလောမြို့နယ်အတွင်းရှိ ဒုန်းကျွန်း၊ ဇာဒက်ကြီးကျွန်း၊ မကြုံကလက်ကျေးရွာနှင့် ညောင်ဝိကျေးရွာတို့၌ အများအပြား တွေ့ရတတ်သည်။

ပင်လယ်တွင် နစ်သူ
ဆလုံဟူသောအခေါ်မှာ မြန်မာတို့က ခေါ်သောအခေါ် ဖြစ်သည်။ ဆလုံတို့ကမူ သူတို့ကိုယ်သူတို့ မော်ခင်ဟုခေါ်ကြ သည်။ မော်ခင်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ ပင်လယ်တွင် နစ်သူဟူ၍ ဖြစ်သည်။ မောရစ်ကောလစ်ရေးသည့် ‘ယိုးဒယား ဝှိုက်’ ဟူသောစာအုပ်တွင် ခရစ်(၁၆၇၅)ခုနှစ် နေ့စွဲဖြင့် ဗေါင်းရေးဆိုသူ ရေးသားသော ခရီးစဉ်မှတ်တမ်းတစ်ခုကို ကိုးကား၍ ဆလုံတို့ကို ဆီလီတာဟုခေါ်ကြောင်း ဖော်ပြထား သည်။ ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဆလုံကို ဆီလုန်ဟု ဖော်ပြထားသည်။ ¤င်းတို့၏ရုပ်ရည်မှာ မလေးလူမျိုး နှင့်လည်းကောင်း၊ မြန်မာလူမျိုးနှင့်လည်းကောင်း ခပ်ဆင်ဆင် ပင် ဖြစ်သည်။ ဆလုံတို့သည် မလေးကျွန်းဆွယ်တွင် နေထိုင်ခဲ့ ရာမှ မလေးလူမျိုးတို့ ဝင်ရောက်လာကြသောအခါ မူလဇာတိ ဒေသကို စွန့်ပစ်၍ ပင်လယ်ပြင်ရှိ ကျွန်းများတွင် လှည့်ပတ် နေထိုင်ကြသည်ဟု ယူဆဖွယ်ရာရှိလေသည်။

ထို့ကြောင့် ‘မြန်မာနိုင်ငံရှိ လူမျိုးများ’ စာတမ်းတွင် လောင်းဝစ်ဆိုသူက ဆလုံတို့သည် တိဗက် မြန်မာလူမျိုး၊ မွန် ခမာလူမျိုး၊ ယိုးဒယားတရုတ်လူမျိုးဟူသော လူမျိုးအုပ်စုကြီး သုံးစုထဲတွင် မပါဝင်ဘဲ မလေးလူမျိုး အဆက်အနွှယ်ဖြစ်သည်ဟု ရေးသားထားလေသည်။ လူမျိုးတို့၏ သမိုင်းကြောင်းရပ်ကို လေ့လာသော စကိနှင့်ဗလက်ဂဒင်ပညာရှိ နှစ်ဦးကမူ ရှေးလွန် လေပြီးသောအခါက အင်ဒိုချိုင်းနား တောင်ပိုင်းဒေသ၌ ဆလုံနှင့်မွန်ခမာတို့သည် လူမျိုးချင်း အဆက်အနွှယ်ဖြစ်ခဲ့ဖူး လိမ့်မည်ဟု ထင်မြင်မှုသဘောရှိခဲ့ကြပေသည်။ ထိုသို့ယူဆ ခြင်းမှာ ဆလုံတို့သည် မလေးကျွန်းဆွယ်ရှိ ဂျာကွန်လူမျိုးနှင့် ဆက်စပ်နေသည်ဟု ယူဆခြင်းကြောင့် ဖြစ်သည်။ ဂျာကွန် တို့မှာ မလေးကျွန်းဆွယ်ရှိ ခေတ်ဦးမလေးလူမျိုးများဖြစ်သည်။ ၄င်းတို့တွင် သြရန်ဗူကစ်(ခေါ်)တောင်တန်းသားများနှင့် သြရန်လောက်(ခေါ်)ပင်လယ်သားများဟူ၍ ရှိကြပေရာ သြရန် လောက်လူမျိုးထဲတွင် ဆလုံတို့သည် အပါအဝင်ဖြစ်သည်။

မလေးလူမျိုးတို့ ကိုယ်တိုင်က ဆလုံတို့ကို သြရန်ဗီဆင်ဟု ခေါ်သည်။ သြရန်ဗီဆင်ဟူသော ဝေါဟာရမှာ ဆီလန်ဂါနှင့် မလက္ကာကမ်းခြေရှိ ဂျာကွန်လူမျိုးအပါအဝင် သြရန်ဗီဆီဆီခေါ် ပင်လယ်သားတို့၏ အမည်နှင့် အနည်းငယ်ဆင်သည်။ ဆလုံ တို့ပြောသောစကားမှာ မလေးစကားနှင့်နွှယ်သည်ဟု စကိ နှင့်ဗလက်ဂဒင်က အယူရှိသည်။ ထိုအယူအဆကို များသော အားဖြင့် လက်ခံကြသည်။ အမှန်ဆိုလျှင် ဆလုံတိုင်းရင်းသားတို့ ပြောဆိုသောစကားမှာ လေးမျိုးရှိပြီး လောတ၊ လဘီ၊ ဂျအိ၊ ဒန်းဘာသာစကားတို့ဖြစ်ပြီး ထိုလေးမျိုးတွင် ဒန်းဘာသာ စကားသည် စံဘာသာစကား (သို့)မူရင်းဘာသာစကား ဖြစ်ကြောင်းကိုWalter Grainge white ဆိုသူကThe sea Gypsies of Malaya စာအုပ်တွင် ဖော်ပြထားပေ သည်။ မြန်မာပြည်တွင် တိဗက်မျိုးရိုးနှင့် သြစထရစ်မျိုးရိုးဟူ၍ ဘာသာစကားမျိုးရိုးတွင် ဆလုံဘာသာစကားသည် သြစထ ရစ်မျိုးရိုးတွင် ပါဝင်လေသည်။ သြစထရိုနီရှန်းဘာသာစကား ကို ပြောဆိုသောလူမျိုးမှာ တောင်ဘက်စွန်းရှိ ကျွန်းများတွင် နေထိုင်သော မော်ခင်(ခေါ်) ဆလုံတိုင်းရင်းသားများနှင့်ပသျူး တိုင်းရင်းသားတို့ ဖြစ်ကြပေသည်။

ကိုယ်ပိုင်စာပေမရှိ
ဆလုံတိုင်းရင်းသားများတွင် ကိုယ်ပိုင်စာပေမရှိချေ။ ခရစ် ၁၈၄၆ ခုနှစ်တွင် ဒေါက်တာဗရေကန်ဆိုသူက မစ္စတာ စတီဗင်၏မှတ်စုတို့ကို မှီငြမ်းပြု၍ ဆလုံသင်ပုန်းကြီး တစ်စောင် ကို ပြုစုပြီးလျှင် အေ၊ ဘီ၊ အမ် စာပုံနှိပ်တိုက်တွင် ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးသည်။ သို့ရာတွင် ဆလုံတို့သည် စာသင်ကြား ရေး၌ စိတ်ပါဝင်စားခြင်း မရှိခဲ့ကြပေ။ ၁၉ဝဝ ပြည့်နှစ်တွင် ခရစ်ယာန် သာသနာပြုဆရာမကြီး ဒေါက်တာဒေစီအဖွဲ့က လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ခရစ်ယာန်သာသနာပြု ဆရာမကြီး နော်ဆေးဘေနှင့် နော်ဖိုးလတို့က လည်းကောင်း အင်္ဂလိပ်အက္ခရာ၊ ပိုးကရင်အက္ခရာတို့ဖြင့် ဆလုံစာပေကို တီထွင် ပေးခဲ့ကြသည်။ ၁၉ ရာစုနှစ်ဦးပိုင်းတွင်လည်း အမေရိကန် နှစ်ချင်း ခရစ်ယာန်သာသနာပြု မစ္စတာစတီဗင်ဆိုသူက ရောမအက္ခရာကို အသုံးပြုကာ စာပေတီထွင်ပေးခဲ့ပြီး ခေါင်းစဉ်မှာ A Primer of the Salone Language ဖြစ်ပေသည်။ ၄င်းစာအုပ်မှာ ဖတ်စာအုပ်ငယ်ဖြစ်ပြီး အတော်အတန်ပင် ပြည့်စုံမှုရှိ ကြောင်း၊ ယခုအခါတွင်တော့ ရှာဖွေမတွေ့ရှိနိုင်တော့ကြောင်း သိရှိရပေသည်။ ဆလုံတိုင်းရင်းသားလူမျိုးတို့သည် စာပေသင် ကြားခြင်းထက် ပင်လယ် လုပ်ငန်းခွင်သို့ သွားရောက်ခြင်းကိုသာ စိတ်ဆန္ဒပြင်းပြကြပေသည်။ ယခုအချိန်ထိ စာပေဟူ၍ တိကျ ခိုင်မာစွာ ပေါ်ထွက်လာခြင်း မရှိသေးပေ။

မွေးဖွားခြင်းအစကိုလေ့လာရာတွင်
ဆလုံတိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစကိုလေ့လာရာ တွင် ၁၉၆၄ ခုနှစ်က မှတ်သားတွေ့ရှိချက်များအရ ဆလုံတို့ သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုးဖြတ်ပြီး သည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှုပ်လိုက်၊ နှစ်လိုက် ပေါ်လိုက် သုံးကြိမ်ခန့်ပြုလုပ်သည်။ ၄င်းအယူအဆမှာ မွေးစ ကလေးငယ်ကို ရေကျွမ်းကျင်စေရန်၊ မကြောက်ရန်ဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့လွဲမှားသော အယူအဆကြောင့် တချို့ ကလေး ငယ်များမှာ မွေးစကပင် သေဆုံးသွားကြပေသည်။ ၄င်းအယူ အဆသည် ယခင်ကအယူအဆများသာဖြစ်ပြီး ယခုအခါတွင် ဆလုံလူမျိုးတို့မှာ ခေတ်မီလာပြီဟု ဆိုရမည်ဖြစ်သည်။ မွေးစ ကလေးငယ်ကို ရေထဲတွင်မနှစ်ကြတော့ပေ။ မီးဖွားမည့် ဆလုံ အမျိုးသမီးကို မွေးဖွားပေးသည့် လက်သည်မှာ ဆလုံ အမျိုးသမီး များပင်ဖြစ်သည်။

ယခုအခါတွင်တော့ ခက်ခဲစွာ မွေးဖွားရမည့် ကိုယ်ဝန်ဆောင်သည်အား သူနာပြုဆရာမထံတွင် သွားရောက် ပြီး မီးဖွားမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ဆလုံတို့၏ နေထိုင်မှု ပုံစံကို လေ့လာရပါက ဆလုံတို့သည် ကဗန်းဟု ခေါ်သော ကြိမ်ဖြင့်ချုပ်ထားသော လှေကို ဓနိရွက်တို့စပ်၍ ရက်ထား သောပေါင်းမိုးဖြင့်မိုးကာ အိမ်ကဲ့သို့ နေထိုင်လေ့ရှိကြသည်။ ရာသီဥတုသာယာသမျှ ကာလပတ်လုံး ဆလုံတို့သည် လှေငယ် တွင် သားမယားများကိုပါ တင်ဆောင်၍ လှည့်လည်နေထိုင် ကြသည်။ မိုးကာလကျရောက်သောအခါ၌ သုံးလေးလမျှ မိုးခို၍ နေထိုင်ကြသည်။ ထိုအခါ ခြေတံရှည်သောတဲများကို ကမ်းစပ် တွင် ဆောက်လုပ်နေထိုင်ကြသည်။
ဆလုံတို့သည် ရေကူး ရေငုပ်ကျွမ်းကျင်ကြသည်။ ယခင် အခါက သဘာဝအတိုင်းသာ ရေငုပ်ကြသော်လည်း ယခုအခါတွင် ရေငုပ်မျက်မှန်များတပ်ဆင်၍သော်လည်းကောင်း၊ အောက်ဆီ ဂျင်ဘူးများ ဝတ်ဆင်၍သော်လည်းကောင်း ငါးဖမ်းခြင်း၊ ပုလဲ ငုပ်ခြင်း၊ ခရင်းခွာခြင်း၊ ကျောက်ပန်းကျောက်ခက်ခူးခြင်း၊ ငါးကြီး အန်ဖတ်ရှာဖွေခြင်း၊ ပင်လယ်မျှော့ရှာဖွေခြင်း၊ ငှက်သိုက်နှိုက် ခြင်း၊ ပျားရည်နှင့် ဖယောင်းများ ရှာဖွေခြင်းစသည်တို့ကို လုပ်ကိုင်ကြပေသည်။ ဆလုံတိုင်းရင်းသားတို့သည် ငါးဖမ်းသည် ဆိုရာ၌ ငါးဖမ်းပိုက်များဖြင့် ဖမ်းလေ့ဖမ်းထ နည်းပါးကြသည်။ သို့သော် ယခုအခါတွင် ငါးဖမ်းပိုက်အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြပြီဖြစ်သည်။ ကမ်းခြေနှင့် ကျွန်းများတွင် မိုးခို နေစဉ် ကာလအတွင်း၌ နီးစပ်ရာ ခဲမဖြူသတ္တုတွင်းတို့တွင် အလုပ်ဝင်ရောက် လုပ်ကိုင်လေ့ရှိကြပေသည်။ ပင်လယ်ကမ်းခြေ တစ်လျှောက် ကနစိုတောများရှိရာ အချို့ဆလုံတို့သည် ကနစို ခေါက်ခွာခြင်းဖြင့် အသက်မွေးကြပေသည်။ စိုက်ပျိုး မွေးမြူရေး ဖြင့် အသက်မွေးလေ့ မရှိကြပေ။ ဆလုံတိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်းဝိုင်းဝန်း၍ လုပ်ဆောင် လေ့ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပြီး လှေထွင်းကြသည်။ ကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေသို့ သယ်ဆောင်ထုတ်ယူ သည်မှာလည်း တက်ညီလက်ညီရှိကြသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု ညီညီညာညာထပ်ကာ ပြုလုပ် ထားသော ရင်ကမ်းလှေမှာ အလွန်ပင် လက်ရာမြောက်လှပေ သည်။ ထိုရင်ကမ်းလှေတွင် သံချက်တစ်ချက်မျှမပါဝင်ဘဲ ကြိမ် ဖြင့်သာ ရစ်ပတ်ခြင်း၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခံ့ သေသပ်စနစ်ကျလှပေသည်။ ရေတစ်စက်တစ်လေမှ လှေဝမ်း ဗိုက်ထဲသို့ မဝင်ပေ။ လှိုင်းဒဏ်၊ လေဒဏ်လည်း ကြောက်ရွံ့စရာ မလိုကြောင်း လေ့လာသိရှိရသည်။

အဝတ်အစား ဝတ်ဆင်လာကြ
ဆလုံတိုင်းရင်းသားတို့သည် မွေးကင်းစကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အဝတ်အစား ဝတ်လေ့ ဝတ်ထမရှိသော်လည်း ယခုအခါတွင် အဝတ်အစား ဝတ်ဆင်လာ ကြပေသည်။ အမျိုးသမီးများမှာ ၄င်းတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်သည်ဆိုသော်လည်း အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်းဗလာကျင်း နေတတ်သည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသော အဘွားအရွယ် များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံဝတ်ဆင်လာကြပြီဖြစ်သည်။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်)ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်း ဗလာကျင်းနေတတ်သည့် သဘာဝရှိခဲ့သည်။၎င်းတို့သည် တော်ရုံတန်ရုံနှင့် ဖျားနာခြင်း မရှိဘဲ ကြံ့ခိုင်သည့် လူမျိုးသာဖြစ်သည်။ သို့သော်လည်း ယခုအခါ ၄င်းတို့သည် အပေါ်ပိုင်းအင်္ကျီများ ဝတ်ဆင်လာကြပြီ ဖြစ်ပေ သည်။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်တွင် ကျက်စားကြ သောသူများဖြစ်၍ ၄င်းတို့၏ အသားရောင်မှာ ညိုရောင်သမ်းနေ သည်။ ယခုအခါတွင် ဆလုံတို့သည် ခေတ်မီလာသည်နှင့်အမျှ ပါတိတ်၊ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်ပမှုများ ရှိလာပြီ ဖြစ်သည်။

ဆလုံလူမျိုးတို့သည် ပင်လယ်စာများကိုသာ စားသုံးကြ သည်မဟုတ် ကုန်းပေါ်မှရရှိသော တိရ္ဆာန်များကိုလည်း ချက်ပြုတ်ကင်ပြီး စားသောက်ကြသည်။ ဆီစားသုံးမှု နည်းကြ ပြီး ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့ကို စားသုံး ကြသည်။ ထိုဟင်းသီးဟင်းရွက်တို့သည် ဆလုံဒေသ တော တောင်များတွင် သဘာဝအတိုင်း ပေါက်ရောက်သော အပင် များဖြစ်ပေသည်။

ဆလုံလူမျိုးတို့သည် အခြားလူမျိုးများနှင့် ရောနှော နေထိုင်လေ့မရှိကြချေ။ သူတို့၏လူနေထိုင်မှုစနစ်ကို ယုံကြည် စွာ တန်ဖိုးထား ထိန်းသိမ်းတတ်ကြသည်။ ဆလုံတို့သည် အယူဝါဒအားဖြင့် နတ်ကိုးကွယ်သော ဓလေ့ရှိကြပေသည်။ ဆလုံတို့ကိုးကွယ်သော နတ်တို့တွင် တူးဒါးဟူသောနတ်မှာ လောကကို ဖန်ဆင်းသော နတ်ကောင်းနတ်မြတ်ဖြစ်သည်ဟု ယူဆကြသည်။ နတ်ကောင်း နတ်မြတ်ဖြစ်သည့်အားလျော်စွာ ယင်းကိုမပူဇော်မပသလျှင် အပြစ်မရောက်နိုင်ဟု အယူရှိကြ သည်။ သို့ရာတွင် ကျွန်းစောင့်နတ်များနှင့် ရေနတ်များမှာ မကောင်းကျိုးကို ပေးနိုင်သောနတ်များဖြစ်သည်ဟု အယူရှိ သောကြောင့် ဆလုံတို့သည် ၄င်းနတ်တို့ကို ပူဇော် ပသလေ့ ရှိကြပေသည်။ နတ်ပသပုံမှာ နတ်တိုင်ထူပြီးလျှင် နတ်တိုင်၌ တံခွန်ကုက္ကားများ တပ်ဆင်ပြီးနောက် ဘဲ၊ ကြက်၊ ငှက်၊ လင်းပိုင်၊ တောတိရ္ဆာန် စသည်တို့၏သွေးကို နတ်တို့အား တိုင်တည်၍ တင်မြှောက်လေ့ရှိသည်။ ထို့နောက် နတ်ပွဲတွင် ပါဝင်သော နတ်ကသူတို့သည် တစ်ယောက်နောက်၌ တစ်ယောက်တန်းစီ၍ ထိုင်ပြီးလျှင် လှေလှော်ဟန်ပြုကာ ငြာသံပေးလျက် ပင်လယ်ကမ်းစပ်ဘက်သို့ တရွေ့ရွေ့ သွားကြ ရသည်။ ပင်လယ်ကမ်းစပ်သို့ ရောက်သောအခါ သံကုန် ဟစ်အော်ကြွေးကြော်၍ မကောင်းဆိုးဝါးတို့ကို တောထုတ်ကြ ပေသည်။

ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကို တိုင်တည်ပူဇော်ပြီးနောက် နတ်ပူးလာပြီ နတ်ဝင်လာသည်ဟု ဆိုကာ တုန်တက်လာသည်။ ထို့နောက် အရက်နှင့် အသား၊ ငါးများကို စားသောက်ပေသည်။ ထို့နောက် နတ်ဆရာနှင့် အတူ လူများပါလိုက်ကပြီး နတ်ကိုပူဇော်ကြသည်။ တစ်နာရီခန့် အကြာ နတ်ထွက်သွားပြီးနောက် နတ်ဆရာမှာ မေ့မြော မောဟိုက် ကျန်ခဲ့ပေသည်။ ဤသည်မှာ ဆလုံရိုးရာနတ်ပူဇော်ပွဲ ဓလေ့တစ်ခုလည်း ဖြစ်ပေသည်။

ဆလုံလူမျိုးတို့၏ထုံးစံ
ဆလုံတို့သည် တစ်လင်တစ်မယားစနစ်ဖြင့် အိမ်ထောင်ပြု လေ့ရှိသည်။ ဆလုံလူငယ်လူရွယ်တို့၌ နှစ်ရှည်လများ လူပျို လှည့်သော အလေ့ရှိသည်။ လူငယ်ဘဝ ချစ်ကြိုက်ကြပြီဆိုလျှင် အောင်သွယ်မှတစ်ဆင့် လူကြီးမိဘတို့ကို နားဖောက်သည်။ မြန်မာတို့နှင့်နီးစပ်သော ဆလုံလူမျိုးတို့၏ထုံးစံ၌မူ သတို့သမီး ၏ မိခင်၊ ဖခင်၊ ဆွေမျိုးညာတိတို့အား နားဖောက်သည့်အခါ ကွမ်း ကမ်းလှမ်းရသည်။ သတို့သမီးဘက်မှ ထိုသို့ကမ်းလှမ်း သော ကွမ်းကိုလက်ခံလျှင် မိဘသဘောတူသည်ဟု ဆိုရာ ရောက်သည်။ ထို့ပြင် သတို့သားနှင့် သတို့သမီးတို့ ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယားအရာမြောက်သည်ဟု ဆလုံတို့က ယူဆကြသည်။ ထိုအခါ သတို့သမီးသည် သတို့သားနေထိုင်ရာ လှေသို့ လိုက်ပါသွားရလေသည်။ ထို့နောက် သတို့သားသည် ၄င်းတို့အိမ်ထောင်စုံနှစ်ဦး နေထိုင်ရန်အတွက် လှေကိုတည်ရ သည်။ များသောအားဖြင့် သားဦးရလျှင် မိဘနှင့်ခွဲ၍ နေထိုင် လေ့ရှိကြသည်။ ဆလုံလူမျိုးတို့သည် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံပေ။ အိမ်ထောင်ရေးဖောက်ပြန် သူများကို သူတို့အစုအဝေးမှ ရာသက်ပန် နှင်ထုတ်ကာ သူတို့ နှင့်လုံးဝအဆက်အသွယ် မလုပ်တော့ပေ။ ၄င်းတို့သည် အစု အဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့အပြစ်ဒဏ် မျိုးကို အလွန်ပင်ကြောက်ရွံ့ကြသည်။

ဆလုံတိုင်းရင်းသားတို့သည် ကိစ္စများအားလုံးတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် ၄င်းတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု ယူဆကြသဖြင့် နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ် တင်မြှောက်လေ့ရှိကြသည်။ သို့သော်လည်း ယခုအခါတွင် ဆလုံတိုင်းရင်းသားအချို့မှာ နေထိုင်မကောင်းဖြစ်သော သူများကို ဆေးခန်းသို့သွားရောက်ပြသပြီး ကုသမှုခံယူလာ ကြပေသည်။ အချို့ကလည်း နတ်ဆရာနှင့် ပူဇော်ပသ ခြင်းကို လုပ်ဆောင်နေကြဆဲဖြစ်သည်။ ဆလုံအများစု တွင်ငှက်ဖျားရောဂါနှင့် အာဟာရချို့တဲ့ခြင်းများ အဖြစ်များ သည်။
ဆလုံတိုင်းရင်းသားတို့သည် ၄င်းတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ရှိကြ သည်။

ပင်လယ်မှ သဲသောင်ပေါ်သို့ လွန်းတင်ရာတွင် လွန်းတင် ရန် ပြင်ဆင်ထားသော ရိုးရာလှေမှ ပေါက်ပြဲနေသည့်နေရာများ ကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပွဲ့လျက် များ ကွာကျလာသည်။ ပေါက်ပြဲယိုစိမ့်ကျနေသည့် ပွဲ့လျက် အဟောင်းနေရာတွင် ပွဲ့လျက်အသစ်ဖြင့် ဖာထေးသည်။ လှေကိုလွန်းတင်ရာတွင် စုပေါင်းလုပ်ဆောင်ကြသဖြင့် မည်မျှ ပင်ကြီးမားစေကာမူ အများဆုံးဖာထေးရလျှင် ငါးရက်ခန့် သာ ကြာမြင့်မည်ဖြစ်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေများနှင့်စာလျှင် သက်သာပေသည်။ လိုအပ်သော နေရာတွင် ပွဲ့လျက်အသစ်ဖြင့် ဖာထေးခြင်းပင်ဖြစ်သည်။ ဤအချက်သည် ဆလုံတိုင်းရင်းသားတို့၏ ရိုးရာလှေ လွန်းတင် ခြင်း ဓလေ့ပင်ဖြစ်ပေသည်။

ဆလုံတိုင်းရင်းသားတို့၏ အယူအဆ
ရှေးအခါက ဆလုံတို့သည် လူသေလျှင် မြေတွင်မြှုပ်နှံလေ့ မရှိပေ။ သေသူ၏ ရုပ်ကလာပ်ကို လူသူမနီးသော ကျွန်းငယ် တစ်ခုသို့ယူဆောင်၍ လင့်စင်ပေါ်တွင် တင်ထားပြီးလျှင် စွန့်ပစ်ခဲ့ လေသည်။ ထို့နောက် လူသေစွန့်ရာကျွန်းကို ခပ်ဝေးဝေး ရှောင်ကြဉ်ကြလေသည်။ လှေကိုပိုင်ဆိုင်သူတစ်ဦး အနိစ္စရောက် လျှင် ထိုလှေကို ထက်ခြမ်းခွဲစိတ်၍ ထိုလှေထက်ခြမ်းကွဲဖြင့် အသုဘကောင်ကို ဖုံးလွှမ်းပြီးလျှင် စွန့်ပစ်လေ့ရှိကြသည်။ သို့ရာတွင် ထိုဓလေ့ထုံးစံမှာ တဖြည်းဖြည်းပပျောက်သွားပြီးလျှင် ယခုအခါတွင် များသောအားဖြင့် သေဆုံးသူကို မြေမြှုပ် သင်္ဂြိုဟ်ခြင်း ပြုကြလေသည်။ ဆလုံတို့သည် တ္ဆေကြီးပွဲကိုလည်း ဆင်နွှဲလေ့ရှိကြသည်။ တ္ဆေကြီးပွဲဆိုသည်မှာ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင်ဖြစ်သည်။ ဆလုံတိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာမွန်ရာ ရောက် သူ ရှိသကဲ့သို့ ကောင်းရာမွန်ရာသို့ မရောက်ရှိသူများ ရှိသေး သည်ဟု ယူဆကြကာ ၄င်းတို့ကိုရည်မှန်း၍ ကျွေးမွေးသော၊ ဆုတောင်းပေးသော ပွဲတစ်ခုပင်ဖြစ်ပေသည်။

ယခုအခါတွင် ဆလုံလူမျိုးတို့၏ ဘိုးဘွားမိဘများမြှုပ်နှံလေ့ရှိသောနေရာမှ မြေများကို သဲများတူးဖော်သောသူများကြောင့် ပျက်စီးခြင်း အဖြစ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ထိုနေရာသည် ဆလုံလူမျိုး တို့၏ ရိုးရာသင်္ဂြိုဟ်မြှုပ်နှံမှုဓလေ့ရှိသော နေရာဖြစ်သည်နှင့်အညီ ပျက်စီးခြင်းမှ ကာကွယ်ထိန်းသိမ်းနိုင်ရန် လိုအပ်လျက်ရှိနေပေ သည်။

လေ့လာလည်ပတ်စရာ နေရာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသရှိ ကျွန်းစုများ ၌ နေထိုင်ကြသော ဆလုံလူမျိုးစုများသည် ခေတ်ကာလ ရွေ့လျားလာသည်နှင့်အညီ ပျောက်ကွယ်စပြုလာပြီဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ ပူးပေါင်း၍ ဆလုံလူမျိုးတို့၏ ရိုးရာဓလေ့များကို ဖော်ဆောင် နေလျက်ရှိပေသည်။ ခေတ်မီလာသည်နှင့်အညီ နဂိုရှိရင်းစွဲ ဆလုံရိုးရာဓလေ့များ၊ ဝတ်စားဆင်ယင်မှုများက ပြောင်းလဲ နေကြောင်း သိရှိရသည်။
ဆလုံလူမျိုးစု၏ အရင်းအမြစ်များ မပျောက်ကွယ်အောင် ၄င်းတို့ကို အသိပညာပေး ဆောင်ရွက်ကြ ရမည် ဖြစ်ပေသည်။ ထို့ကြောင့် ဆလုံလူမျိုးတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့စရိုက်များ မပျောက်ကွယ်စေရန် ဆလုံလူမျိုးများရှိရာ သို့ သွားရောက်ကာ ၄င်းတို့၏ လိုအပ်ချက်များကို ထိရောက်သော ဖြည့်ဆည်း မှုများ ပြုလုပ်ပေးမည်ဆိုပါက လူမျိုးစုပျောက်ကွယ်မှုကို ထိန်းသိမ်းရာရောက်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက်လည်း လေ့လာလည်ပတ်စရာ နေရာ ဒေသအဖြစ် ဆလုံလူမျိုးတို့ ထင်ပေါ်လာတော့မည် ဖြစ်ပါ တော့သည်။ ။

 

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေန)