ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၁) တွင် နှစ်ပေါင်းတစ်ရာခန့်ရှိရှေးမူလက်ရာမပျက် နှစ်ထပ်တိုက်အိမ်ကြီးက ပျက်စီးယိုယွင်းမှုမရှိဘဲအကောင်းပကတိအတိုင်း ယနေ့တိုင် တည်ရှိနေသည်။
နှစ်ထပ်တိုက်အိမ်ကြီးထဲ ဝင်လိုက်သည်နှင့် ဧည့်ခန်းမ အနီးတွင် သစ်သားဘောင်ကွပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားဓာတ်ပုံနှင့် အသက်ကြီးကြီး အမျိုးသမီးဓာတ်ပုံ တို့ကအတူယှဉ်တွဲကာ ခန့်ညားထည်ဝါစွာရှိနေသည်။
အဆိုပါ လူလတ်ပိုင်းအရွယ် အမျိုးသားဓာတ်ပုံကား မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက်ကြိုးပမ်းရင်း မသမာ သူတို့လက်ချက်ဖြင့် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း မကွယ်လွန်ခင်က ရိုက်ကူးထားသည့်ဓာတ်ပုံဖြစ်ပြီး အသက် ကြီးကြီးအမျိုးသမီးဓာတ်ပုံကား ၂ဝဝ၇ ခုနှစ်တွင် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ¤င်း၏ ဇနီးဓာတ်ပုံတို့ပင် ဖြစ်သည်။
နှစ်ထပ်တိုက်အိမ်ကြီးတွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းသည် လုပ်ကြံမခံရမီအချိန်အထိ မိသားစုနှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ကျန်ရစ်သူ သားသမီးများနေထိုင်လျက်ရှိသည်။
”ဒီအိမ်ကနေပဲအဖေကရုံးတက်တယ်၊ အိမ်ပေါ်ထပ်မှာ ဘုရားခန်းရှိတယ်။ ဘုရားခန်းနားမှာပဲ အဖေကစာရေး၊ စာဖတ်လုပ်တယ်။ အဖေလုပ်ကြံခံရတော့ ကျွန်တော်က ရှစ်လသားပဲရှိသေးတယ်။ အဖေနဲ့ပတ်သက်ပြီး အမေပြောပြ လို့ သိရတာပါ”ဟု အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ အငယ်ဆုံးသားထွေးဖြစ်သူ ဦးထွေးဝင်းက ပြောသည်။

အမြဲသွန်သင်ဆုံးမတတ်သူ
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူဒေါ်ခင်စောနှင့် သားသမီးခြောက်ယောက် ကျန်ရှိခဲ့ပြီး ထိုစဉ်အချိန်က အကြီးဆုံးသမီးဖြစ်သူမှာ ၁၁ နှစ်ရှိပြီး အငယ်ဆုံးသားထွေးမှာ ရှစ်လသားအရွယ်သာရှိနေသည်။ ယခုအငယ်ဆုံးသားထွေးဖြစ်သူ ဦးထွေးဝင်းမှာ အသက် ၇၂ နှစ်အရွယ်ရောက်ရှိနေပြီ ဖြစ်သည်။
ဦးဘဝင်းသည် ဖခင်ရှေ့နေဦးဖာ၊ မိခင်ဒေါ်စုတို့မှ မွေးဖွား သည့် သားသမီးကိုးယောက်တွင် သားအကြီးဆုံးဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကိုကြီးလည်းဖြစ်သည်။ ဦးဘဝင်းသည် ရိုးသားကြိုးစားသည့် လူငယ်တစ်ဦးဖြစ်ပြီး အစ်ကိုကြီး အဖရာဆိုသလိုပင် ငယ်စဉ်ကပင်ညီ၊ ညီမငယ်များအပေါ် လူတော်လူကောင်းများဖြစ်စေရန် အမြဲသွန်သင်ဆုံးမတတ်သူ ဖြစ်သည်။
”အဖေကသနားဖို့ ကောင်းတယ်။ ကောလိပ်တက်ပြီး အလုပ်ဝင်ခဲ့တာ။ ညီတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးအောင်သန်းကို ထောက်ပံ့ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆို ငါးတန်းကနေ ဆယ်တန်းအထိ ထောက်ပံ့ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုခေါ်ပြီး အင်္ဂလိပ်ရုပ်ရှင်ကားတွေ သွားကြည့်တယ်။ ပြီးရင် ဘာသာပြန်ခိုင်းတယ်”ဟု မိခင်ဖြစ်သူ ပြန်လည်ပြောပြခဲ့သည့် ဖခင်ဦးဘဝင်းနှင့်ပတ်သက်၍ အမှတ် တရဖြစ်စရာများကို သားဖြစ်သူ ဦးထွေးဝင်းက ပြောပြသည်။
ဦးဘဝင်းသည် မန္တလေးဥပစာကောလိပ်မှ ဥပစာတန်း အောင်မြင်သူများတွင် ပထမရရှိခဲ့ပြီး သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကာ ၁၉၂၉ခုနှစ်တွင် ဘီအက်(စ်)စီသင်္ချာဂုဏ်ထူးတန်းအောင်မြင် ခဲ့သည်။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ
နိုင်ငံရေးလှုပ်ရှားမှုအနေဖြင့် ရေနံချောင်းမြို့ ဖ-ဆ-ပ-လ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီတွင်လည်း ပါဝင်ခဲ့ ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းဆောင် ရွက်ခဲ့သူဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးပြီး နောက်ပိုင်း ကျန်ရစ်သူဇနီးသည်များအား လုပ်ကိုင်စားသောက်နိုင်ရန် ထိုစဉ်အချိန်ကBOC ကုမ္ပဏီက ဆီရောင်းချခွင့်ပါမစ်ချထားပေးခဲ့ကာ နိုင်ငံတော်ကလည်းထောက်ပံ့ငွေကျပ် တစ်သိန်း$ ထောက်ပံ့ပေးခဲ့ပြီး အဆိုပါထောက်ပံ့ငွေများ မပျောက်ပျက် စေရန် မြန်မာ့အလင်းဦးတင်တို့ပါဝင်သည့် အမွေထိန်းအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ကြောင်း ဦးထွေးဝင်းက ပြောပြ သည်။
ဦးနေဝင်း တက်လာပြီးနောက်ပိုင်းတွင် အဆိုပါဓာတ်ဆီ ဆိုင်နှင့် မြေနေရာကို ပြည်သူပိုင်အဖြစ်သိမ်းယူပြီး တစ်လငွေ ကျပ် ၁ဝဝဝသာထောက်ပံ့ငွေအဖြစ်ပေးခဲ့ရာ တရိပ်ရိပ်တက်လာ သည့် ကုန်ဈေးနှုန်းကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများမှာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။
”ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က မယူခဲ့ဘူး။ ရဲဘော် ကိုထွေးလည်း မရဘူး။ ကျန်တဲ့ခေါင်းဆောင်တွေရဲ့ မိသားစုဝင် တွေတော့ရတယ်။ အဲဒီတုန်းကတော့ အဆင်ပြေတာပေါ့။ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်လာကြတယ်။ ပြန်ရဖို့အတွက် အကြိမ်ကြိမ်ပြန်လျှောက်ခဲ့ပေမယ့် မရခဲ့ပါ ဘူး”ဟု ဦးထွေးဝင်းက အတိတ်အကြောင်းကို ပြန်ပြောင်း ပြောပြသည်။
ဦးထွေးဝင်းအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီး၏သားဖြစ်သော်လည်း ထိုခေတ်အခါက ဘွဲ့ရပြီးအလုပ်အကိုင် အတည်တကျ မရှိသေးချိန်တွင် တက္ကစီယာဉ်မောင်းအဖြစ် ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း ပြောပြ သည်။
”ရုက္ခဗေဒနဲ့ဘွဲ့ရတယ်။ သစ်ပင်တွေစိုက်တယ်။ နောက်တော့ သူငယ်ချင်း လေးဘီးကားနဲ့ တက္ကစီဆွဲတယ်။ အာဇာနည် ခေါင်းဆောင်ကြီးသား ဖြစ်ပေမယ့် တက္ကစီမောင်းရတာ မရှက်ပါဘူး။ ရိုးရိုးသားသားလုပ်စားတာပဲ သိမ်ငယ်တဲ့ စိတ်မရှိပါဘူး။ နောက်တော့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တယ်။ မိန်းမကလည်း ရနေပြီဆိုတော့ အလုပ်ကလည်းရွေးလို့မရတော့ဘူး”ဟု ပြောသည်။
ဦးထွေးဝင်းအရွယ်ရောက်ချိန်တွင် မိခင်ဖြစ်သူက အာဇာနည်နေ့ရောက်တိုင်းအာဇာနည်ဗိမာန်သို့ ဖခင်ဖြစ်သူအား ဂါရဝပြုရန် ခေါ်ဆောင်သွားရာ ယနေ့တိုင် အာဇာနည်နေ့တိုင်း နှစ်စဉ်မပျက်မကွက် သွားရောက်ဂါရဝပြုကြောင်း ပြောပြသည်။

အာဇာနည်နေ့ရောက်တိုင်း ကောင်းမှုကုသိုလ်ပြုပေး
”အဖေ့အကြောင်းကိုကျောင်းတက်တဲ့ အရွယ်ကျမှ သိခဲ့ရတာ၊ အာဇာနည် နေ့ရောက်တိုင်း အမေက အမြဲတမ်းအာဇာနည်ဗိမာန်ကို ခေါ်သွားတယ်။ အာဇာနည်နေ့ရောက်တိုင်း အဖေ့အတွက် ကောင်းမှုကုသိုလ်ပြုပေးတယ်။ သံဃာတော် တွေကိုဆွမ်းကပ်တယ်။ အမေနဲ့အစ်မကြီးဆုံးသွားပေမယ့် ကျန်တဲ့ မောင်နှမတွေကတော့ ဒီခြံကြီးထဲမှာပဲ သိုက်သိုက်ဝန်းဝန်းနဲ့ နေထိုင်ကြပါတယ်”ဟု ဦးထွေးဝင်းက ပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၇၁ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သေသောသူ ကြာရင်မေ့ဆိုရိုးစကားရှိသော်လည်း ကာယကံရှင်မိသားစု ဝင်များအဖို့ မေ့ပျောက်နိုင်မည်မဟုတ်သလို မြန်မာပြည်သူ ပြည်သားများသည်လည်း မေ့နိုင်မည်မဟုတ်ပေ။
ဖခင်ဖြစ်သူနောက်ဆုံးနေခဲ့သည့် နှစ်ထပ်တိုက်အိမ်ကြီးကို ငေးကြည့်ရင်း ဦးထွေးဝင်းက ”အဖေ့အတွက် ကောင်းမှု ကုသိုလ်လုပ်မယ်။ အာဇာနည်ဗိမာန် ကိုတက်ရောက်ဖို့လည်း စာရင်းပေးထားတယ်။ အစ်ကိုကြီးဒေါက်တာစိန်ဝင်း လည်း ဒီနှစ်ပြန်လာမယ်ပြောတယ်။ နိုင်ငံခြားမှာမွေးခဲ့တဲ့ သူ့သားလေးကိုလည်း အာဇာနည်ဗိမာန်ခေါ်ပြီး သူ့အဘိုးအကြောင်း ပြောပြချင်နေတယ်”ဟု ပြော သည်။ ။

ဦးဘဝင်း
(၁၁ ဇွန် ၁၉ဝ၁-၁၉ ဇူလိုင် ၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း၏အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် ဦးဘဝင်း ပါဝင်ခဲ့သည်။
နတ်မောက်မြို့ ရှေ့နေဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ကိုးယောက်အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုကြီးဖြစ်ပြီး ၁၉ဝ၁ ခုနှစ်၊ ဇွန်လ ၁၁ ရက် အင်္ဂါနေ့တွင် ဖွားမြင်သည်။
မန္တလေးဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူ များတွင် ပထမရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်များတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဘီအက်(စ်)စီ သင်္ချာဂုဏ်ထူးတန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့မှ ဦးအံ့၊ ဒေါ်ရွှေ မေတို့၏ သမီးဒေါ်ခင်စောနှင့် လက်ထပ်ခဲ့သည်။
ရေနံချောင်းမြို့ ဖ-ဆ-ပ-လအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ် ရေးကြိုးပမ်းမှုများကိုလည်း အားပေးကူညီခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြု ပြည်ပြု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီ တွင်းလည်း ပါဝင်ခဲ့သည်။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁ဝနာရီ ၃၇ မိနစ်အချိန်တွင် လုပ်ကြံခံရပြီး ကွယ်လွန်သည်။
ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်စောနှင့် သားသမီး ခြောက်ယောက်ကျန်ရစ်သည်

သတင်းဆောင်းပါး- မင်းသစ် (MNA)၊ ဓာတ်ပုံ- မင်းထက်