မန္တလေး ဧည့်လမ်းညွှန်များအသင်း နာယက ဦးရဲမြတ်ထွန်း၏ ဖိတ်ကြားချက်အရ မန္တလေးမြို့သို့သွားရောက်၍ မ္တလေးမြို့မှ ဧည့်လမ်းညွှန်များနှင့် ရှေးဟောင်းသုတေသနပညာ ကျောင်း သူများအား ကုန်းဘောင်ခေတ် မြန်မာဘုန်းတော်ကြီးကျောင်း၊ သစ်သား အဆောက်အအုံများ တည်ဆောက်ခဲ့ပုံစနစ်များကို ကျွန်တော် သွားရောက်ဟောပြောခဲ့ပါသည်။ ဟောပြောပွဲ အပြီးတွင် ရတနာပုံခေတ်လက်ရာ အမွေအနှစ်တစ်ရပ်ဖြစ် သည့် ရွှေကျောင်းသို့ဧည့်လမ်းညွှန်များ၊ ရှေးဟောင်းသုတေ သန ကျောင်းသူများနှင့်အတူ သွားရောက်၍ မိမိဟောပြော ချက်များကို လက်တွေ့ရှင်းလင်းပြောကြားခဲ့ပါသည်။
သစ်ဝါးများ ပေါများသည့် မြန်မာနိုင်ငံတွင် ရှေးအစဉ် အဆက်ကပင် အဆောက်အအုံများကို သစ်ဝါးများဖြင့် တည် ဆောက်ခဲ့ကြရာ ကာလရှည်ကြာလာချိန်တွင် သစ်သား အဆောက်အအုံများသည် ရာသီဥတုဒဏ်၊ အင်းဆက်ပိုးမွှား များဒဏ်၊ မီးဘေးဒဏ်၊ စစ်ဘေးဒဏ် စသည့် ထိခိုက်မှုအမျိုး မျိုးကြောင့် ပျက်စီးခဲ့ကြရပေသည်။ သို့တိုင်အောင် သက်တမ်း နှစ် ၁ဝဝ ကျော်ပြီဖြစ်သည့် ရှေးဟောင်း သစ်သားအဆောက် အအုံများကို မြန်မာနိုင်ငံအတွင်း မြို့ရွာအချို့တွင် ယနေ့တိုင် တွေ့မြင်နိုင်ကြသည်။ ယင်းတို့အနက် ကုန်းဘောင်ခေတ်နှောင်း ပိုင်း လက်ရာ သစ်သားအဆောက်အအုံ ဘုန်းကြီးကျောင်း များကို မန္တလေးမြို့အပါအဝင် နေရာဒေသအချို့တွင် ယနေ့ တိုင် ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသအချို့တွင် ကျွန်း တိုင်လုံးပေါင်း ၁ဝဝ ဝန်းကျင်ဖြင့် တည်ဆောက်ခဲ့သည့် တိုင် တစ်ရာ သစ်သားကျောင်းများသည်လည်း ယနေ့တိုင်ကျန်ရှိ နေဆဲဖြစ်သည်။ သစ်သားအဆောက်အအုံ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများအနက် ဗုဒ္ဓဝင်လာ ဇာတ်လမ်း၊ ဇာတ်ကွက်များကို သရုပ်ဖော်ထားသည့် ရုပ်လုံးရုပ်ကြွများဖြင့် အလှဆင်ထားသည့် ကျောင်းများကို ရုပ်စုံကျောင်းဟုခေါ် ကြရာ စလေ ရုပ်စုံကျောင်း၊ စစ်ကိုင်းရုပ်စုံကျောင်း စသည်ဖြင့် ထင်ရှားခဲ့ကြသည်။

ကုန်းဘောင်ခေတ် ဘုန်းကြီးကျောင်းများ
ကုန်းဘောင်ခေတ်အတွင်း တည်ဆောက်ခဲ့သည့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် သစ်သားဘုန်းကြီးကျောင်းများကို မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ စလေ၊ စလင်း စသည့် မြို့နယ်များ တွင် အများဆုံးတွေ့ရှိနိုင်သည်။ မန္တလေးမြို့ရှိ ရှေးဟောင်းသစ် သား ဘုန်းတော်ကြီးကျောင်းများအနက် ရွှေကျောင်းတော် ကြီး၊ ရွှေအင်ပင်ကျောင်း၊ ဓမ္မိကာရာမ ရွှေကျင်ကျောင်းတိုက်၊ သင်္ဂဇာကျောင်း၊ ကင်းဝန်မင်းကြီးကျောင်းဟု ထင်ရှားသည့် သာကဝန်ကျောင်း၊ မြတောင်ကျောင်း၊ မင်းထင်ကျောင်းတို့ သည် အထူးထင်ရှားကြသည်။
ကုန်းဘောင်ခေတ်တစ်လျှောက် အလောင်းမင်းတရား ဦးအောင်ဇေယျ၊ နောင်တော်ကြီးမင်း၊ မြေဒူးမင်း၊ ဗဒုံမင်း၊ ဘကြီးတော် စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်း မင်းနှင့် သီပေါမင်းတို့သည် ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်း ကုန်းဘောင်ဆက် မဟာ ရာဇဝင်ကြီးစာအုပ်တွင် ဖော်ပြထားသည်။
မင်းတုန်းနှင့်သီပေါ မင်းနှစ်ပါးသာ နန်းစံခဲ့သည့် ရတနာပုံ ခေတ် တစ်ခုတည်းမှာပင် မန္တလေးမြို့၌ ဆောက်လုပ်ခဲ့သော ဘုန်းကြီးကျောင်း ၅၅ ကျောင်းရှိခဲ့သည်။ မင်းတုန်းမင်းသည် မ္တလေးမြို့၏ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်နှင့်မြောက် ပြင်တို့တွင် ဘုန်းတော်ကြီးကျောင်းများကို နေရာချထားခဲ့ သော်လည်း နှစ်ပေါင်း ၁၅ဝ ကျော်ခဲ့ပြီဖြစ်သည့် ယခုအချိန် တွင် ကျောင်းတိုက်အနည်းငယ်သာ ကျန်ရှိတော့သည့်အနက် ရွှေနန်းတော်ကျောင်းနှင့် ရွှေအင်ပင်ကျောင်းတို့ကို ယဉ်ကျေး မှုဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

မြန်မာဘုန်းကြီးကျောင်းများ တည်ဆောက်ပုံစနစ်
ရှေးအခါက မြန်မာဗိသုကာများသည် သစ်သားဘုန်းတော် ကြီးကျောင်းများကို ပြာသာဒ်ဆောင်၊စနုဆောင်၊ ဆောင်မကြီး (အရှေ့ မာရဘင်ဆောင်နှင့် အနောက် မာရဘင်ဆောင်)၊ ဘောဂဆောင်တို့ဖြင့် တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းတည် ဆောက်လေ့ရှိခဲ့ကြသည်။
ကျောင်းအဆောက်အအုံ၏ ထိပ်ဆုံးတွင် ပြာသာဒ်ကို ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့်တင်လေ့ရှိသည့်အနက် ပြာသာဒ် ခုနစ်ဆင့်ကို အများဆုံးမြင်တွေ့ကြရသည်။ ပြာသာဒ်ဆောင်၏ အရှေ့ဘက်၊တောင်ဘက်နှင့် မြောက်ဘက်တို့တွင် လှေကား တစ်စင်းစီ တပ်ဆင်ထားပြီး ပြာသာဒ်ဆောင်လှေကားမှ မင်းနှင့် ဆရာတော်များသာ အတက်အဆင်းပြုကြရသည်။ ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတုတော် ထား ရှိသည်။
ပြာသာဒ်ဆောင်နှင့် ဆောင်မကြီးကို ဆက်ထားသည့် အဆောင်သည် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနေထိုင်၍ အာဂ္တုဧည့်သည် ရဟန်းသံဃာများကို ဧည့်ခံတွေ့ဆုံသည့် စနုဆောင်ဖြစ်သည်။
ဘုန်းတော်ကြီးကျောင်း၏ အဓိကအဆောင်ဖြစ်သည့် ဆောင်မကြီးပေါ်တွင် နှစ်ထပ်လည်ပေါ်တင်ထားလျှင် ထားဝယ် ဆောင်၊ သုံးထပ်သို့မဟုတ် လေးထပ် လည်ပေါ်တင်ထားလျှင် ဇေတဝန်ဆောင်ဟု ခေါ်ဆိုကာ ဆောင်မကြီး၏ လည်ပေါ်ကို ငါးထပ် တည်ဆောက်လေ့မရှိချေ။ ဆောင်မကြီး၏အပြင် ဘက်ပတ်လည်ရှိ စမြင်ကို မြန်မာအဘိဓာန်က အဆောင်မကြီး ဘေးပတ်လည်တွင် ထုတ်ထားသော အမိုးဟု အဓိပ္ပာယ်ဖွင့်ဆို သည်။ ထို့ကြောင့် နှစ်ထပ် စမြင်ခံကျောင်း၊ သုံးထပ်စမြင်ခံ ကျောင်းဟု ခေါ်ဆိုမှုများလည်း ရှိခဲ့သည်။
ဆောင်မကြီးကို အရှေ့အနောက်ပိုင်းခြားလျက် အရှေ့ မာရဘင်ဆောင်၊ အနောက်မာရဘင်ဆောင်ဟု ခေါ်ဆိုသည်။ မာရဘင်သည် ခန်းဆောင်၏ ကြမ်းပြင်မှ အမိုးအထိ ပိတ် ထားသော သစ်သားနံရံဖြစ်ကာ ဆောင်မကြီး၏ အလယ်ဗဟိုရှိ တိုင်များ၏ အရှေ့ဘက်တွင် ကြမ်းခင်းမှ မျက်နှာကြက်အထိ ကာဆီးထားသည်။ အရှေ့မာရဘင်ဆောင်နှင့် အနောက် မာရဘင်ဆောင်ကို ဆက်သွယ်သွားလာရန် မာရဘင်၏ ဝဲယာ တစ်ဖက်တွင် အပေါက်တစ်ပေါက်စီ ဖောက်ထားသည်။
မာရဘင်ဆောင်များတွင် နေ့ဘက်၌် လူပရိသတ်များကို ဧည့်ခံပြီး ညပိုင်းတွင် ရဟန်းသံဃာများ ကျိန်းစက်ကြသည်။ အချို့ဘုန်းကြီးကျောင်းများ၌ အရှေ့မာရဘင်တွင် ဥပုသ်စောင့် သူ၊ တရားနာသူများ နားခိုကြကာ အနောက်မာရဘင်တွင် သက်ကြီးဝါကြီး ဆရာတော်များ သီတင်းသုံးကြသည်။
အရှေ့မာရဘင်ဆောင်တွင် တံကဲပါရှိသည့် ဘုရားပလ္လင်ကို ထားရှိပြီး နောက်ခန်းတွင် တံကဲမပါသော ပလ္လင်ကိုထားရှိ သည်။ ဆောင်မကြီး၏ မျက်နှာစာတွင် ရဟန်းသံဃာနှင့် အမျိုးသားများ တက်ဆင်းရန် လှေကားတစ်စင်းနှင့် အနောက် ဘက်တွင် အမျိုးသမီးများ တက်ဆင်းရန် လှေကားတစ်စင်း တပ်ဆင်သည်။
ဘောဂဆောင်သည် ဘုန်းကြီးကျောင်း၏ အနောက်ဘက် ဆုံး အဆောင်ဖြစ်ကာ ဆောင်မကြီးကြမ်းခင်းအောက်သို့နှိမ့်ထားလေ့ရှိသည်။ ဘောဂဆောင်ကို အခန်းသုံးခန်းဖွဲ့ပြီး ဘေး ဘက်တစ်ခန်းတွင်ပန်းကန်ခွက်ယောက်များထား၍ ကျန်ဘေး ခန်းတွင် စားသောက်ဖွယ်ရာများကို သိမ်းဆည်းပြီး အလယ် ခန်း၌ ကိုရင်များနေကြသည်။
ယင်းအဆောင် လေးဆောင်အပြင် ကျောင်းသို့ထပ်တိုး ရောက်ရှိလာသည့် သံဃာများနေထိုင်ရန်အတွက် ဆောင်မ ကြီး ရှေ့၌ဖြစ်စေ၊ ဆောင်မကြီးနှင့်ဘောဂဆောင်ကြား၌ဖြစ်စေ၊ ဆောင်မကြီးနှင့် စနုဆောင်ကြား၌ဖြစ်စေ ခုံးဆောင်ဟု ခေါ်သည့် အဆောင်တစ်ခုကို သင့်လျော်သကဲ့သို့ ဆောက်လုပ် ကြသည်။ သို့သော်ခုံးဆောင်သည် မြေစိုက်အဆောင်မဟုတ် သဖြင့် ဘုန်းတော်ကြီးကျောင်း အဆောင်အရေအတွက်တွင် ထည့်သွင်းရေတွက်ခြင်းမပြုချေ။
ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးပိုင်း ဘုန်းကြီး ကျောင်းအချို့တွင် ဆောင်မကြီးနှင့် ဘောဂဆောင်အကြား၌ ဘောဂ စနုဆောင်အမည်ဖြင့် အဆောင်ကူးတစ်ခုကို တည် ဆောက်ခဲ့ကြရာ ယင်းပုံစံကို ရွှေအင်ပင်ဘုန်းတော်ကြီးကျောင်း တွင် ခုံးဆောင်အဖြစ် မြင်တွေ့နိုင်ကြပေသည်။
ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအများစုကို မြန်မာ့ ဗိသုကာဟန်စစ်စစ်ဖြင့်သာ တည်ဆောက်ခဲ့သော်လည်း အနောက်တိုင်းဟန်ရောနှော တည်ဆောက်ထားသည့် ကျောင်း များလည်း အနည်းငယ်ရှိခဲ့သည်။

သမိုင်းထဲမှ မ္တလေး ရွှေကျောင်း
မန္တလေးမြို့ရှိ ရွှေကျောင်းခေါ် ရွှေနန်းတော်ကျောင်းသည် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်တွင် တည်ရှိပြီး အရှေ့ဘက်တွင် (၆၂)လမ်းနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊အနောက်ဘက်တွင် အတုမရှိကျောင်းနှင့်မြောက် ဘက်တွင် ကုသိုလ်တော်ဘုရားရှိသည်။ မန္တလေးအရှေ့ပြင် ကုသိုလ်တော် လောကမာရဇိန်ဘုရားအနီး မဟာအတုလ ဝေယံကျောင်းတော်၏ အရှေ့ထိပ်တွင် ဆောက်လုပ်ထားသည့် ရွှေကျောင်းကြီးအား အဝေးမှကြည့်လျှင် မှိုင်းညို့နေပေသည်။
ရွှေကျောင်းကြီးသည် စစ်ဒဏ်မခံခဲ့ရသည့် တစ်ခုတည်း သော နန်းတွင်းရှေးဟောင်း သစ်သားအဆောက်အအုံဖြစ် သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များက မ္တလေး နန်းတော်ဝင်းကို ဗုံးများကြဲခဲ့ရာ နန်းတွင်းရှိ အဆောက်အအုံ များ မီးလောင် ပျက်စီးခဲ့ချိန်တွင် နန်းမြို့အပြင်သို့ပြောင်းရွှေ့ထားခဲ့သည့် ရွှေကျောင်းသည် မီးမလောင်ဘဲကျန်ရှိခဲ့သည်။
ရွှေကျောင်းသည် မူလက ဘုန်းတော်ကြီးကျောင်းမဟုတ်ဘဲ နန်းတွင်းအဆောက်အအုံတစ်ခုဖြစ်ခဲ့သည်။ မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သားတော်သီပေါမင်းက နန်းမြို့အပြင်သို့ ပြောင်းရွှေ့ကာ ပြန်လည်ဆောက်လုပ်ပြီး ရဟန်းတော်များ သီတင်းသုံးရန် လှူဒါန်းခဲ့သဖြင့် နန်းတော်ဟောင်းမှ ဘုန်းတော် ကြီးကျောင်းဖြစ်လာခဲ့သည်။ မူလတည်ဆောက်စဉ်က ကျောင်း ကြီး၏ အတွင်း အပြင်ကို ရွှေပိန်းများချထားသဖြင့် ရွှေ ကျောင်းကြီးဟု ထင်ရှားခဲ့သည်။ယခုအခါတွင် ရွှေများကွာ ကျခဲ့သည့် ကျောင်းကြီးကို ရေနံစိမ်းများသုတ်ထားသဖြင့် ရွှေရောင်များကို မမြင်တွေ့ရတော့ချေ။
ကုန်းဘောင်မင်းဆက် ၁ဝ ဆက်မြောက်ဘုရင် မင်းတုန်း မင်း(ခရစ်နှစ် ၁၈၅၃-၁၈၇၈)သည် နန်းမြို့အတွင်း မှန်နန်း ဆောင်၏ မြောက်ဘက်တွင် ရွှေနန်းတော်ကို တည်ဆောက် ကာ နတ်ရွာမစံမီအထိ စံမြန်းခဲ့သည်။ ပြန်လည်တည်ဆောက် ထားသောမန္တလေးနန်းတွင်း အဆောက်အအုံများအနက် လက်ဖက်ရည်ဆောင်၏ အနောက်ဘက်ရှိ မြေကွက်လပ်သည် မူလက ရွှေနန်းတော်ဆောင်တည်ရှိခဲ့သောနေရာဖြစ်သည်။
၁၈၇၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မင်းတုန်းမင်း နတ်ရွာစံခဲ့ပြီးနောက် သားတော်သီပေါမင်းက ခမည်းတော် စံမြန်းခဲ့သည့် ရွှေနန်းတော်အဆောက်အအုံကို နန်းမြို့ အပြင် ဘက်၊မန္တလေးတောင်ခြေရှိ မဟာအတုလဝိဇယရာမ၊ မဟာ အတုမရှိ ကျောင်းအနီးသို့ မူလပုံစံမပျက် ပြောင်းရွှေ့ခဲ့သည်။ စတင်ရွှေ့ပြောင်းခဲ့ချိန်မှပြန်လည်ဆောက်လုပ်ပြီးစီးချိန်အထိ ငါးနှစ် ကြာမြင့်ခဲ့ကာ ထိုစဉ်က ငွေကျပ် ၁၂ဝဝဝဝ ကုန်ကျခဲ့ သည်။ သီပေါမင်းသည် ယင်းအဆောက်အအုံကို ၁၈၈၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် သံဃာတော်များအား ရေစက်ချ လှူဒါန်းခဲ့ရာ ပခန်းကြီး သာသနာပိုင် နန္ဒဘိဓဇပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဦးနန္ဒက ရွှေကျောင်း ကြီးကို ဆက်ခံကာ ပထမဆုံးသီတင်းသုံးခဲ့သည်။

ရွှေကျောင်း တည်ဆောက်ခဲ့ပုံ စနစ်
ရွှေကျောင်းသည် အလျား ၁၁၆ ပေ၊အနံ ၇၁ ပေနှင့် မြေ ပြင်မှကြမ်းခင်းသို့ အမြင့် ၁ဝ ပေရှိ၍ အမိုးသုံးဆင့်၊ လည်ပေါ် နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်သည်။ ရွှေကျောင်း တော်တွင် သရက်ကင်းလှေကားငါးစင်းရှိပြီး အရှေ့ဘက်ထိပ် တွင် တစ်ခု၊ တောင်ဘက်နှင့်မြောက်ဘက်တွင် နှစ်ခုစီရှိသည့် အနက် အရှေ့ဘက်လှေကားသည် မူလလက်ရာဖြစ်သည် ဟုဆိုပါသည်။
ရွှေကျောင်းတည်ဆောက်ထားပုံတွင် အရှေ့အနောက်တန်း နေသည့် တိုင် ၁၅ လုံးတန်း ၁ဝ ခု ပါရှိသဖြင့် တိုင် အရေ အတွက် ၁၅ဝ ရှိသည်။ ကျောင်းတော်ကြီး၏ အပြင်ပတ်လည်ရှိ လုံးပတ်သုံးပေ ခုနစ်လက်မရှိသော ကျွန်းတိုင် ၃၆ လုံးပေါ်၌ ငါးပေ လေးလက်မမြင့်သော နယားတစ်ကောင်စီ တပ်ဆင် ထားပြီး ထောင့်လေးထောင့်ရှိ တိုင်လေးတိုင်တွင် တစ်တိုင် လျှင် နယား သုံးကောင်စီ တပ်ဆင်ထားသည်။
တိုင်များ၏အောက်ခြေတွင် တိုင်များ မဆွေးမြည့်စေရန် စကျင်ကျောက်ကို အောက်ခံခုံလုံးပြုလုပ်ထားပြီး အပြင်စင်္ကြံ ပတ်လမ်းတစ်လျှောက်ရှိ တိုင်များအား မိုးဒဏ်ရေဒဏ်မှ ကာကွယ်နိုင်ရန် ခေါင်းလောင်းပုံစကျင်ကျောက်များဖြင့် အုပ် ထားသည်။ ကျောင်းကြီးကို ရတနာပုံခေတ်လက်မှုပညာ သစ်သားအပြောက်အမွမ်း၊ ပန်းများစွာဖြင့်တန်ဆာဆင် တည် ဆောက်ခဲ့သည်။
ကျောင်းဆောင်ပတ်လည် ကြမ်းခင်းကိုနှစ်လက်မထူသည့် ကျွန်းပြားကြီးများခင်းထားပြီး တံခါးပေါက်များတွင် သံကို အသုံးမပြုဘဲ သစ်သားစရွေးစွပ်တံခါးများ တပ်ဆင်ကာ နတ် ရုပ်၊ သိကြားရုပ်စသော ပန်းပုလက်ရာများကို ထုလုပ်ထား သည်။ ကျောင်းတော်ကြီး၏ နံရံ အတွင်းအပြင်ပတ်လည်ကို ပန်းများ၊ ရုပ်လုံးရုပ်ကြွများ၊ နတ်ရုပ်၊ ဇော်ဂျီ၊ ဝန်ကြီး၊ မင်းသား၊ ဘီလူး၊ သူငယ်တော်၊ လူပျံ၊ ဒေါင်းရုပ်စသည့် ပန်းပုလက်ရာ များဖြင့် အလှဆင်ခဲ့သည်။ ပန်းပုရုပ်များသည် အလွန်လက်ရာ မြောက်ကာ ပြုံးနေပုံ၊ မဲ့နေပုံ၊ ပျော်နေပုံစသည်ဖြင့် စိတ်ခံစား ချက်များကို ဖော်ညွှန်းနေပေသည်။
ရွှေကျောင်းကြီး၏ အရှေ့ဘက်မာရဘင်ကို မြန်မာမှု လက်ရာစစ်စစ် တည်ဆောက်ခဲ့သော်လည်း အနောက် မာရဘင်တွင် အနောက်တိုင်းဟန်အချို့ကို တွေ့မြင်ရသည်။ အနောက်မာရဘင်အတွင်းခန်းကို ကာရံထားသည့် လက်ရန်း တိုင် အနိမ့်များကို သံများဖြင့်ပြုလုပ်ထားသည်ကို မြင်ကြရ သကဲ့သို့ အနောက်မာရဘင်တွင် ထားရှိသည့် စာတိုက်ဗီရို များတွင် အနောက်တိုင်း လက်ရာဟန် အရုပ်များကို မြင်တွေ့ ကြရပေသည်။
အရှေ့ဘက်သို့ မျက်နှာမူထားသည့် ထိုင်တော်မူရုပ်ပွား တော်အနောက်ဘက်ရှိ မာရဘင်ခန်းဆီးနံရံတစ်လျှောက်နှင့် ပလ္လင်တော်ပတ်လည်ရှိ ကွန်းစင်တိုင်များတွင် ဗုဒ္ဓဘုရားရှင်၏ ဖြစ်တော်စဉ် ဇာတ်ကြီး ၁ဝ ဘွဲ့ဖြစ်သည့် တေမိဇာတ်၊ မဟာ ဇနကဇာတ်၊ သုဝ္ဏသာမဇာတ်၊ နေမိဇာတ်၊ မဟော်သဓာ ဇာတ်၊ ဘူရိဒတ်ဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ်၊ ဝိဓူရ ဇာတ်၊ ဝေသန္တရာဇာတ်တော်တို့နှင့် ဥတေနဇာတ်၊ စူဠပဒုမ ဇာတ်တို့မှ ဇာတ်ကွက်အချို့နှင့် တောထွက်ခန်းတို့ကို ပန်းနွယ်၊ ပန်းခက်များဖြင့် လက်ရာမြောက်စွာ ထုလုပ်ထားသည်။
ရွှေနန်းတော်ကျောင်းအတွင်းပိုင်းကို ရွှေပိန်းချတိုင်များ၊မျက်နှာကြက်ပန်းများ၊ လင်းနို့တောင်အမွမ်းပန်းများဖြင့် တန်ဆာဆင်ထားကာ အပြင်နံရံနှင့် စင်္ကြံပတ်လမ်းတွင် ဥဒေါင်း၊ ယုန်၊ ဟင်္သာ၊ ကျေး၊ ခြင်္သေ့၊ ဆင်၊ သိကြား၊ ဗြဟ္မာ၊ ဇော်ဂျီ၊ လူပျံတော်၊ လောကနတ်၊ ဘီလူး၊ နဂါး၊ နယား၊ ဂဠုန်၊ ကိန္နရီ၊ ကိန္နရာစသည်တို့ကို ကနုတ်ပန်းများဖြင့် အနုစိတ်ထွင်း ထုထားသည်။ ကြာရိုးကြာနွယ်များရံထားသည့် လောကပါလ နတ်မင်းကြီး လေးပါးနှင့် နတ်ရုပ်များကိုလည်း တွေ့ရှိနိုင်ပေ သည်။ ရွှေနန်းတော်ကျောင်းသည် မူလတည်ဆောက်ခဲ့စဉ်က ဘုန်းတော်ကြီးကျောင်း မဟုတ်သဖြင့် ပြာသာဒ်ဆောင်နှင့် ဘောဂ ဆောင်မပါရှိဘဲ နန်းဆောင်နှင့် စနုဆောင်တို့ကိုသာ ဆောက်လုပ်ခဲ့သည်။ စနုဆောင်ကို ကျွန်းတိုင် ၂၄ တိုင်ဖြင့် အမိုးသုံးထပ်ဆောက်လုပ်ထားကာ မှန်ကင်း၊ စုလစ်၊ စိန်တောင် များဖြင့် တန်ဆာဆင်ခဲ့သည်။
ရွှေကျောင်းကို မွမ်းမံထားသည့် ပန်းပုရုပ်များသည် အရှေ့ ဘက်နံရံတွင် ၁၄၂ ရုပ်၊အနောက်ဘက်နံရံတွင် ၁၄၈ ရုပ်၊ တောင်ဘက်နံရံတွင်၂၅၃ ရုပ်နှင့် မြောက်ဘက်နံရံတွင်၂၄၇ ရုပ်ရှိသည်။ထို့အပြင် မာရဘင်ပေါ်တွင် ၁၆၆ ရုပ်၊ လည်ပေါ်တွင် ကဒေါင်းရုပ် ၄၇၃ ရုပ်၊ အတွင်းမျက်နှာကြက်၌ ၁၈၄ ရုပ်၊ ခါးပန်းတွင် ၁၂၉ ရုပ်နှင့် သရက်ကင်းလှေကား နှစ်ဖက်ပိတ် တံခါးတွင် ခုနစ်ရုပ်ရှိသဖြင့် ရွှေကျောင်းတစ်ခုလုံးတွင် ပန်းပု ရုပ် ၁၇၄၉ ရုပ် ရှိသည်။
သက်တမ်းကြာရှည်လာပြီဖြစ်သည့် ရွှေကျောင်းကြီးအား ရေရှည်တည်တံ့စေရန် အမေရိကန်အစိုးရ သံအမတ်ကြီးများ ၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးရန်ပုံငွေ ဖြင့် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပေသည်။
၁၈၇၈ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် နန်းတက်ခဲ့သည့် ကုန်းဘောင်ဆက်၏ နောက်ဆုံးဘုရင်သီပေါမင်းသည် ခမည်း တော် မင်းတုန်းမင်း၏ ရွှေနန်းတော်ကို လက်ရှိတည်ရှိနေသည့် နေရာသို့ပြောင်းရွှေ့တည်ဆောက်ပြီး ၁၈၈၃ ခုနှစ် အောက်တို ဘာလ ၃၁ ရက်တွင် ရေစက်သွန်းချလှူဒါန်းခဲ့သဖြင့် ရွှေနန်း တော်ကျောင်းကြီး၏ သက်တမ်းသည် ၁၃၅ နှစ် ပြည့်မြောက် တော့မည် ဖြစ်ပေသည်။
ရတနာပုံခေတ်၏ အမွေအနှစ် တစ်ခုဖြစ်သော မြန်မာမှု လက်ရာ ရွှေကျောင်းတော်ကြီးသို့ ပြည်တွင်းပြည်ပ ခရီးသည် များ နေ့စဉ်လာရောက်လည်ပတ်လျက်ရှိနေကြသည်။ ရွှေ ကျောင်းသည် ရိုးရာယဉ်ကျေးမှုအနုလက်ရာများ တစ်စု တစ်စည်းတည်း တည်ရှိနေသည့် သစ်သားကျောင်းတော်ကြီး တစ်ခုဖြစ်သည့်အားလျော်စွာ ကျောင်းတော်ကြီး သက်တမ်း ရှည်ကြာစွာရပ်တည်နေစေရန် ပြည်သူအားလုံးက မြန်မာ့ အမွေအနှစ်များအပေါ် မြတ်နိုးတန်ဖိုးထားလျက် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည်သာ ဖြစ်ပေ သည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)
Photo Credit to Ye Lynn Oo