လွန်ခဲ့သော နှစ် ၄ဝ ကျော်က ထွက်ခွာခဲ့သည့် ဇာတိမြေသို့ ပြန်မရောက်ဖြစ်ခဲ့သည်မှာ ၁၁ နှစ် ကျော်ခဲ့ပါပြီ။ ကျွန်တော်၏မွေးရပ်မြေဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့သည် ဓမ္မပါလမြို့ဟု ထင်ရှားခဲ့ရာ ပါဠိဝေါဟာရ ဓမ္မသည် ဗုဒ္ဓဘုရားရှင်၏တရား တော်၊ ပါလသည် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟု အဓိပ္ပာယ်ရှိသည်။
လယ်တီဆရာတော်ဘုရား အရှင်ဉာဏသည် မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ် တွင် ကျိုက်လတ်မြို့သို့ကြွရောက်ခဲ့စဉ် နွားသား ရှောင်ကြဉ်ရေးတရားတော်ကို ဟောကြားခဲ့ပြီး နောက် ကျိုက်လတ်တစ်မြို့လုံး အမဲသားကိုမစား ဘဲ ရှောင်ကြဉ်ခဲ့ကြသဖြင့် နွားသတ်လိုင်စင်ပိတ် ခဲ့ရသည်ဟုလည်း ကျော်ကြားခဲ့ပေသည်။
ကျိုက်လတ်မြို့သည် မဟာဂီတဦးပြုံးချို၊ ဒါရိုက်တာဦးသုခ၊ စာရေးဆရာ ဒဂုန်တာရာ၊ ဆိုင်းပညာရှင် စိန်ဗိုလ်တင့်စသည့် စာပေနှင့် အနုပညာရှင်များ၏ ဇာတိချက်ကြွေမွေးရပ်မြေ လည်း ဖြစ်ခဲ့သည်။
ဘုရားပြို ကျိုက်လတ်
ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများနှင့် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြချက်များအရ ကျိုက်လတ်မြို့ကို ခရစ်နှစ် ၁၈၄ဝ ပြည့်နှစ်တွင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ ရောက်ရှိလာ သည့် မွန်လူမျိုးများက တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က ကျေးရွာကြီးတစ်ရွာဖြစ်ခဲ့ သည့် ကျိုက်လတ်၏ အနောက်ဘက် (ယခု (၆)ဖြတ်လမ်းနှင့် (၇)ဖြတ်လမ်းအကြား ဗိုလ်ချုပ် လမ်းနေရာ)တွင် ဉာဏ်တော်ကိုးတောင်ရှိသည့် စေတီတစ်ဆူရှိခဲ့သည်။ ယင်းစေတီသည် ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးနှင့်အတူ ပြိုကျ ခဲ့သဖြင့် မွန်ဘာသာစကားဖြင့် ကျိုက်လွိုက် (ဘုရားပြို)ရွာဟု ခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျော လာချိန်တွင် ကျိုက်လတ်ဟု ပြောင်းလဲခဲ့ကြောင်း ရေးသားခဲ့သည်။
ကျိုက်လတ်သည် ဘုရားပြိုဟုအဓိပ္ပာယ်ရှိ ကြောင်း အများက လက်ခံထားပြီးဖြစ်သော် လည်း ဘုရားပြိုကျသည့်နေရာသည် မူကွဲများရှိ နေခဲ့သည်။ ကျိုက်လတ်မြို့ ကွင်းပေါက်ပိုင်းဟု ခေါ်ဆိုသည့် ယခု အမှတ်(၅)ရပ်ကွက်သည် ရှေးအခါက ဖိုးတောကုန်းအရပ်ဖြစ်ခဲ့ပြီး ယခု ၁ဝ ဖြတ်လမ်းနှင့် ၁၁ ဖြတ်လမ်း နေရာသည် အုန်း တောပိုင်းဖြစ်သည်။ ယင်းနေရာနှစ်ခုကိုပိုင်းခြား ထားသည့် ချောင်းငယ်ကို အုန်းတောတံတားဖြင့် ဆက်သွယ်ထားခဲ့ရာ တံတား၏လက်ယာဘက် တွင် ပြိုကျနေသည့် အုတ်စေတီဟောင်းတစ်ဆူရှိ ခဲ့သဖြင့် ယင်းစေတီကို အစွဲပြုလျက် ကျိုက်လိုက် ဟု ခေါ်ဆိုခဲ့ကြောင်းလည်း ပြောဆိုခဲ့ကြသည်။
ကျိုက်လတ်မြို့၏ အရှေ့ဘက်ဆုံးနေရာဖြစ် သည့် ချွန်းထိပ်ဟုခေါ်ဆိုကြသော မြစ်သုံးခွဆိုင် ၏ ကျိုက်လတ်ဘက်ကမ်းတွင်လည်း ရေထဲသို့ ပြိုကျနေသည့်စေတီတစ်ဆူ ရှိခဲ့သည်။ ယင်း နေရာသည် မအူပင်၊ ဒေးဒရဲ၊ တွံတေး၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ စသည့် ဒေသများသို့ သွားရောက်သည့် လှေသမ္ဗန်များ ရပ်နားသည့်နေရာဖြစ်ခဲ့သည်။ လှေသမ္ဗန်များ ဖြင့် သွားလာကြသည့် မွန်လူမျိုးများသည် ဘုရား ပြိုသည့်နေရာတွင်နားကာ ရေစောင့်ကြသဖြင့် ယင်းနေရာကို ဘုရားပြိုနေရာ ကျိုက်လတ်ဟု အမှတ်အသားပြုခဲ့ကြကြောင်းလည်း မှတ်သား ခဲ့ရပေသည်။
သမိုင်းထဲက ကျိုက်လတ်မြေ
ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင် ကျိုက်လတ်ကို မြို့ အဖြစ်ထူထောင်ခဲ့ကာ ၁၈၈၂ ခုနှစ်တွင် အင်္ဂလိပ် လူမျိုး မြို့အုပ် မစ္စတာမက္ကဆွဲနှင့် အတွင်းရေးမှူး ဦးစိန်ထူးတို့က မြို့ကွက်ရိုက်ခဲ့သည်။ မအူပင်မြို့ အနီးတွင် ဧရာဝတီမြစ်မှခွဲထွက်ခဲ့သည့် ပန်တပွတ် မြစ်ကမ်းပေါ်တွင် တည်ထားပြီး ၂၇၄ ဒသမ ၃၁၂ စတုရန်းမိုင်ကျယ်ဝန်း၍ ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေးရွာ ၄၂၁ ရွာဖြင့် ဖွဲ့စည်းထားသည့် ကျိုက်လတ်မြို့နယ်တွင် ကျိုက် လတ်မြို့သည် ၁ ဒသမ ၂၂ မိုင်သာ ကျယ်ဝန်း သည့် မြို့ငယ်လေးတစ်ခုဖြစ်ပေသည်။ ကျိုက်လတ် မြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်၊ အနောက်ဘက်တွင် ဝါးခယ်မနှင့် မော်လမြိုင် ကျွန်းမြို့နယ်၊ တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့် မြောက်ဘက်တွင် မအူပင်မြို့နယ်တို့ တည်ရှိနေ ကြသည်။
ခရစ်နှစ် ၁၈၇၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် သုံးခွ ခရိုင်တွင် ကျိုက်လတ်မြို့နယ်သည် မအူပင် မြို့နယ်နှင့်အတူ ပါဝင်ခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဖျာပုံခရိုင်ကို ဖွဲ့စည်းခဲ့ချိန်တွင် ကျိုက်လတ် မြို့နယ်သည် ဖျာပုံခရိုင်အတွင်း ပါဝင်ခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ကျိုက်လတ်မြို့ကော်မတီကို ဖွဲ့စည်း၍ ၁၉ဝ၅ ခုနှစ်တွင် မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းကာ ၁၉ဝ၅ ခုနှစ် မေ၂၇ ရက်တွင် မြူနီ စီပယ်နှင့် ဒေသန္တရအဖွဲ့က မြို့အဖြစ်သတ်မှတ် ခဲ့သည်။
မြစ်ချောင်းများပေါများပြီး မြေပြန့်ဒေသ တစ်ခုဖြစ်သည့် ကျိုက်လတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆ ဒသမ ၅၃ ပေမြင့်ကာ မြို့နယ်ကုန်းမြေကို မြစ်ချောင်းများက ဝိုင်းပတ်နေသည့်တိုင် ရေကြီးရေလျှံမှုများ ဖြစ်ခဲ လှပေသည်။
သို့သော် သဘာဝလေပြင်းမုန်တိုင်းဒဏ်ကို ၁၉၇၂၊ ၁၉၇၆၊ ၂ဝဝ၆ ၊ ၂ဝဝ၈ ခုနှစ်များတွင် ရင်ဆိုင်ခဲ့သဖြင့် လူနှင့်တိရ္ဆာန်များ သေဆုံးခဲ့ ရပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ နှစ်စဉ် မိုးရေချိန် လက်မ ၁ဝဝ အထက် ရွာသွန်း လေ့ရှိသည့် ကျိုက်လတ်မြို့နယ်တွင် စပါးကို အဓိကစိုက်ပျိုးပြီး အုန်းသီး၊ ကွမ်းသီး၊ ကွမ်းရွက်၊ ငှက်ပျောနှင့် သရက်များလည်း ထွက်ရှိသည်။ ဆန်စပါးအများဆုံးထွက်ရှိသဖြင့် မြို့နယ်အတွင်း ၌ ဆန်စက်ကြီး ၄၃ လုံးနှင့် တစ်နိုင်တစ်ပိုင်ကြိတ်ခွဲ သည့် ဟာလာဆန်စက် ၂ဝ၂ လုံးရှိကာ စပါးများ ကိုကြိတ်ခွဲ၍ ထွက်ရှိသည့်ဆန်များကို ရန်ကုန်နှင့် အညာဒေသများသို့ တင်ပို့သည်။ မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ကျိုက်လတ်မြို့နယ် က နှစ်စဉ် မိုးစပါးနှင့် နွေစပါးတင်းပေါင်း သန်း ၂ဝ ကျော် ထုတ်လုပ်ပေးလျက်ရှိသည်။ မြို့နယ် အတွင်းရှိ ငါးမွေးကန် ၇၉ ကန်မှလည်း နှစ်စဉ် ငါးပိဿာ ၁ဝ သိန်းကျော် ထုတ်လုပ်လျက်ရှိပေ သည်။
ကျိုက်လတ်မြို့သည် အရှေ့အနောက်ရှည် လျားသည့် မြို့တစ်မြို့ဖြစ်ပြီး အရှေ့မှအနောက်သို့ လမ်းမရှည်လေးခု ဖောက်လုပ်ခဲ့ရာ ကမ်းနား လမ်း (ယခု ဗိုလ်ချုပ်လမ်း)၊ ဦးစန္ဒာလမ်း၊ ဦးပြုံးချို လမ်းနှင့် မက္ကဆွဲလမ်းဟု အမည်ပေးခဲ့သည်။ ဦးစန္ဒာသည် ကျိုက်လတ်မြို့မှ ဆေးဆရာကြီးဖြစ် သကဲ့သို့ ဦးပြုံးချိုသည် မဟာဂီတဦးပြုံးချိုဖြစ်ကာ မက္ကဆွဲသည် ကျိုက်လတ်ကို မြို့ကွက်ချခဲ့သည့် မြို့အုပ်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ် မတ်လ စာရင်းများ အရ ကျိုက်လတ်မြို့နယ်၏ လူဦးရေ ၁၉၂၃၉၂ ဦးတွင် ဗမာနှင့် ကရင်လူမျိုးများက အများဆုံး ဖြစ်သည်။
၁၉၉၇ ခုနှစ်မတိုင်မီအထိ ကျိုက်လတ်မြို့နယ် သူနယ်သားများသည် သယ်ယူပို့ဆောင်သွားလာ ရေးတွင် ရေလမ်းကိုသာ အသုံးပြုခဲ့ကြရသည်။ ရေလမ်းကြောင်းအတိုင်း ရန်ကုန်မြို့မှ ၄၈ မိုင်၊ မအူပင်မြို့မှ ၁၆ မိုင်၊ မော်လမြိုင်ကျွန်းမြို့မှ ၄၅ မိုင် ကွာဝေးသည့် ကျိုက်လတ်မြို့ကို ဖြတ်သန်း၍ ရန်ကုန်-မအူပင်-ကျိုက်လတ်-ဖျာပုံ-ဘိုကလေး မော်တော်ကားလမ်းကို ၁၉၉၇ ခုနှစ်တွင် စတင် ဖောက်လုပ်ခဲ့ပြီးနောက် ယခုအချိန်တွင် ရေလမ်း ကြောင်းကို ကုန်စည်ပို့ဆောင်ရေးအတွက်သာ အသုံးပြုကြပြီး ကုန်းလမ်းဖြင့်သာ သွားလာ လျက်ရှိနေကြပေသည်။
မြို့နယ်အတွင်း စက်မှုသိပ္ပံကျောင်းတစ်ကျောင်း၊ အထက်တန်းကျောင်းကိုးကျောင်း၊ အလယ် တန်းကျောင်း ၂၉ ကျောင်း၊ မူလတန်းကျောင်း ၁၇၉ ကျောင်း ဖွင့်လှစ်ထားသည်။ ကျိုက်လတ် မြို့ပေါ်ရှိ ခုတင်(၅ဝ) ဆံ့ ပြည်သူ့ဆေးရုံ၊ မြို့နယ် အတွင်းရှိ တိုက်နယ်ဆေးရုံတစ်ရုံနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၄၁ ခုက ဒေသနေပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိနေသည်။ ကျိုက်လတ် မြို့နယ်တစ်ခုလုံး၌ ဘုရားစေတီပေါင်း ၅၂၃ ဆူရှိ သည့်အနက် ကျိုက်လတ်မြို့ပေါ်ရှိ တိလောက မာရဇိန်၊ စန္ဒာမုနိနှင့် ရပ်တော်မူဘုရားတို့သည် အထူးထင်ရှားကြပေသည်။
တိလောကမာရဇိန်
ကျိုက်လတ်မြို့ (၇)ဖြတ်လမ်းအဆုံးတွင် တည်ရှိသည့် တိလောကမာရဇိန်ဘုရားသည် ကျိုက်လတ်မြို့ဂုဏ်ဆောင် ဘုရားကြီးဖြစ်ကာ မှတ်တမ်းများအရ တိလောကမာရဇိန်ရုပ်ပွား တော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ် နှောင်းကဆုန်လဆန်း ၁ ရက်(ခရစ်နှစ် ၁၈၉၁ ခုနှစ် ဧပြီ ၇ ရက်) အင်္ဂါနေ့တွင် သွန်းလုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ် နှစ်ဆန်း ၁ ရက် သည် ကဆုန်လဆန်း ၉ ရက်(၁၈၉၁ ခုနှစ် ဧပြီ ၁၅ ရက်) ဗုဒ္ဓဟူးနေ့တွင် ကျရောက်ခဲ့သဖြင့် ဘုရားကြီးသွန်းလုပ်ခဲ့သည့်လကို နှောင်းကဆုန် လဟု မှတ်သားခဲ့ကြသည်။ တိလောကမာရဇိန် ရုပ်ပွားတော်ကို ဦးရန်ရှင်းအမှူးပြုသည့် ဥပသကာ ၅၆ ဦး၏ အစီအမံဖြင့် ကြေး ၄၆၇ဝ ပိဿာ ၅ဝ ကျပ်သား၊ ရွှေ ၆၃ ကျပ်သား၊ ငွေ ၂၄ ပိဿာ ၆၃ ကျပ်သားအသုံးပြု၍ သွန်းလုပ်ခဲ့ သည်။ ရုပ်ပွားတော်သည် ဉာဏ်တော် ၉ တောင် ၁၆ လက်မရှိကာ ကြေးသွန်းခ ငွေဒင်္ဂါး ကျပ် ၈၇ဝဝ ပေးချေခဲ့ရသည်။
ရုပ်ပွားတော်ကို လက်ရှိသီတင်းသုံးနေသည့် ပလ္လင်တော်သို့ မပင့်ဆောင်မီ ပ္ဆိမာရုံကျောင်း တိုက်အဓိပတိ ပဝရမဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ သတ္တမရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး အမှူးပြုသော ရဟန်း သံဃာတော်များက အနေကဇာတင်တော်မူခဲ့ ကြသည်။ ရွှေကျင်ဂိုဏ်းသာသနာပိုင် ဆရာတော် ကြီးက ရုပ်ပွားတော်ကြီး၏ ဘွဲ့နာမတော်ကို လောကသုံးပါး၏ မာန်ဟူသမျှအား အောင်မြင် တော်မူသောဘုရားဟူသည့် အဓိပ္ပာယ်ဖြင့် တိလောကမာရဇိန်ဟု မှည့်ခေါ်ခဲ့သည်။
တိလောကမာရဇိန်ဘုရား၏ တန်ဆောင်းများ သည် ကြီးမားကျယ်ဝန်းကာ သံဃာတော် အပါး ၅ဝဝဝ ကို တစ်ပြိုင်တည်းဆွမ်းကပ်နိုင်သည့် အကျယ်အဝန်းရှိသည်။ တောင်ဘက်သို့မျက်နှာ မူထားသည့် တိလောကမာရဇိန်ဘုရား၏ စောင်း တန်းအရှေ့ဘက်တွင် ပုဗ္ဗာရုံ၊ အနောက်ဘက်တွင် ပ္ဆိမာရုံ၊ မစိုးရိမ်နှင့် ညောင်ငူဘုန်းတော်ကြီး ကျောင်းတို့ တည်ရှိကာ ဘုရားကြီးပရိဝုဏ်အပြင် မြောက်ဘက်တွင် ဒက္ခိဏာရုံ၊ ဇေတဝန်ကျောင်း တို့ တည်ရှိနေကြသည်။
ပုဗ္ဗာရုံဆရာတော်သည် တိလောကမာရဇိန် ဘုရား ကမ္ပည်းကျောက်စာကို မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ရေးသားခဲ့ပြီး ၁၂၇၂ ခုနှစ်တွင် ရန်ကုန်မြို့ သာသနာလင်္ကာရ ပိဋကတ်ပုံနှိပ်တိုက် က ပထမအကြိမ်နှင့် ၁၃ဝ၄ ခုနှစ်တွင် ဘထွေး ပုံနှိပ်တိုက်က ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ သည်။ ယင်းကမ္ဗည်းစာကို ကျောက်ထက်အက္ခရာ တင်၍ ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ဘုရား ကြီးဝင်းအတွင်း၌ စိုက်ထူခဲ့သည်။
စန္ဒာမုနိနှင့် မတ်ရပ်တော်
ကျိုက်လတ်မြို့ရှိ ထင်ရှားသော ဘုရားတစ်ဆူ ဖြစ်သည့် စန္ဒာမုနိရုပ်ပွားတော်သည် (၅)ဖြတ် လမ်းပေါ်တွင် တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၈၁ ခုနှစ် နတ်တော်လဆန်း ၁ ရက်(ခရစ်နှစ် ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်)စနေနေ့တွင် ကျိုက် လတ်မြို့ တစ်ဖက်ကမ်းရှိ ရွှေသားချောင်းကျေးရွာ မှ ဦးထွန်းနှင့် ဒေါ်စုတို့က တည်ထားကိုးကွယ်ခဲ့ သည်။ စန္ဒာမုနိဘုရားတည်ထားမည့် မြေနေရာ ကို အင်္ဂလိပ်လူမျိုး ဖျာပုံခရိုင်အရေးပိုင်နှင့် မြန်မာ အရေးပိုင် ဦးငွေကိုင်တို့က ဘုရားဝတ္တကမြေ အဖြစ် သတ်မှတ်ပေးခဲ့သည်။ အလှူရှင်ဇနီး မောင်နှံသည် မ္တလေးမြို့သို့ သွားရောက်၍ ဆင်းတုတော်ထုလုပ်မည့် ကျောက်တုံးနှင့် ထုလုပ်မည့်ပန်းပုဆရာများကို ကျိုက်လတ်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။
ဉာဏ်တော် ခုနစ်ပေခြောက်လက်မနှင့် ကိုယ် လုံးတော် ခုနစ်ပေရှိသည့် ထိုင်တော်မူ ရုပ်ပွား တော်ကြီးကို ဘုရားဝတ္တကမြေအတွင်း၌ တစ် နှစ်ကြာ ထုလုပ်ခဲ့ရသည်။ ရုပ်ပွားတော်ကြီးသည် အနောက်ဘက်သို့မျက်နှာမူကာ စန္ဒာမုနိဘွဲ့ အမည်ဖြင့် သီတင်းသုံးလျက်ရှိနေပေသည်။ စန္ဒာ မုနိသည် လရောင်ကဲ့သို့တင့်တယ်ထွန်းပသော ဘုရားရှင်ဟု အဓိပ္ပာယ်ရှိသည်။
အလှူရှင်မိသားစုများ မရှိတော့ချိန်တွင် စန္ဒာမုနိဘုရား၏ သြဝါဒါစရိယဆရာတော်ကြီး များဖြစ်ကြသည့် ဦးကဝိနှင့် ကျိုက်ဝိုင်းဆရာ တော် ဦးဣန္ဒကတို့ ဦးစီး၍ ဓမ္မကထိကများဖြစ် ကြသည့် ဦးလှသိန်း၊ ရတနာပုံဆရာချစ်တို့က ပထမအကြိမ် ပြုပြင်မွမ်းမံခဲ့ကြသည်။ ၁၃၂၆ ခုနှစ်တွင် ဦးကဝိနှင့် ဦးဣန္ဒကတို့က ဘုရားကြီး ကို ဒုတိယအကြိမ် ပြုပြင်မွမ်းမံခဲ့ကြပြီး ခရစ်နှစ် ၁၉၉၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အလှူရှင် အများ၏ကောင်းမှုကို ပေါင်းစု၍ တတိယအကြိမ် ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်မှုများကို ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့ရှိ ထင်ရှားသော ဘုရားတစ်ဆူ ဖြစ်သည့် ရပ်တော်မူ ရုပ်ပွားတော်သည် (၂)ဖြတ်လမ်းပေါ်တွင်တည်ရှိကာ ဉာဏ်တော် ၁၈ တောင် မြင့်သည်။ ရပ်တော်မူဘုရားကြီး သမိုင်း ကျောက်စာအရ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တွင် ‘တစ်ဆယ့်ရှစ်တောင်အား ဉာဏ်တော် ထား၊ မြတ်စွာဘုရားကြွတော်မူ၊ ကံထူး ကြာဖူး ထိုနှစ်ဦး ကြီးမှူးဒကာယူ’ဟု တဘောင်ပေါ်ခဲ့ပြီး ၁၁ လအကြာတွင် ထိပ်ဝအချင်း ကိုးတောင် တစ်ထွာ (၁၄ ပေ သုံးလက်မ) ရှိသည့် ကြီးမား သော ကျွန်းသစ်လုံးတစ်ခုသည် ဘုရားကြီး မြောက်ဘက်ရှိ ယခုပတ္တမြားဆန်စက်နှင့် ရှမ်း ကျောင်းအကြားရှိ ချောင်းအတွင်းသို့ရေစီးဖြင့်မျောပါ ရောက်ရှိလာခဲ့သည်။ ယင်းကျွန်းလုံးကြီး ကို ချောင်းငယ်အတွင်းမှ တွန်းထုတ်ခဲ့ကြသော် လည်း မူလနေရာသို့ ပြန်လည်ရောက်ရှိနေသဖြင့် ဦးကံထူးနှင့် ဦးကြာဖူးအမည်ရှိ အလှူရှင်နှစ်ဦး က မ္တလေးမြို့မှ ပန်းပုဆရာ ဦးလွန်းနှင့် တပည့် နှစ်ဦးတို့အား ခေါ်ယူ၍ လက်ရှိ ရပ်တော်မူရုပ်ပွား တော်ကို ထုလုပ်စေခဲ့ရာ လေးနှစ်ကြာခဲ့သည်ဟု ဆိုသည်။ အလှူရှင်နှစ်ဦးတို့သည် ရပ်တော်မူ ရုပ်ပွားတော်ကို ရှမ်းကျောင်းစာသင်တိုက် ပရိ ဝုဏ်အတွင်း၌ ထားရှိပူဇော်ခဲ့ကြရာ ယနေ့တိုင် ဖူးတွေ့နေကြရပေသည်။
ကျိုက်လတ်မြို့တွင် ထင်ရှားသော ဘုရားများ အပြင် မြို့လူထု သောက်သုံးကြသည့် သောက်ရေ ကန်ကြီးသည် မြို့၏ အမှတ်လက္ခဏာတစ်ရပ် အဖြစ် ယနေ့တိုင် တည်ရှိနေပေသည်။
ကန်တော် ကြီးဟုထင်ရှားသည့် သောက်ရေကန်ကြီးသည် ကျိုက်လတ်မြို့၏မြောက်ဘက် ကျိုက်လတ်မြို့ နှင့် ခနောင်ကျေးရွာအကြားတွင် တည်ရှိကာ အလျားပေ ၂ဝဝဝ၊ အနံပေ ၇၅ဝ နှင့် အနက် ၁ဝ ပေရှိသည်။ ကျိုက်လတ်ကန်တော်ကြီးကို အင်္ဂလိပ်အစိုးရလက်ထက်တွင် လူထုလုပ်အား ဖြင့် တူးဖော်ခဲ့သည်ဟု ဆိုကြပြီး တူးဖော်သည့် သက္ကရာဇ် အထောက်အထား မှတ်တမ်းများကို မတွေ့ရှိကြရသေးချေ။ အဆိုပါရေကန်ကြီးကို ၁၉၇၁ ခုနှစ်တွင် မြို့လူထုလုပ်အားဖြင့် ပြန်လည် ဆယ်ဖို့ခဲ့ကာ မိုးရာသီတွင်ရွာသွန်းသည့် မိုးရေ များကို အဆိုပါကန်ကြီးတွင် စုဆောင်းသိုလှောင် ၍ မြို့နေလူထုအားလုံးက သောက်သုံးကြသည်။ ကန်တော်ကြီး၏ အရှေ့၊ အနောက်နှင့် တောင် ဘက်တွင် အများပြည်သူများ ရေသယ်ယူနိုင်ရန် အင်္ဂတေရေဘုံပိုင်ခေါင်းများတပ်ဆင်ပေးထားသည်။
သတ္တမရွှေကျင်သာသနာပိုင် ဆရာတော် ဘုရားကြီးက ဗုဒ္ဓတရားတော်များကို စောင့် ရှောက်သည့် မြို့အဖြစ် ဓမ္မပါလဟု အမည်ပေး ခဲ့သည့် ကျိုက်လတ်မြို့သည် ဧရာဝတီတိုင်း အတွင်း အေးချမ်းသာယာစွာ တည်ရှိနေကာ ရန်ကုန်မြို့မှ အပန်းဖြေခရီး ထွက်ကြသူများ နေ့ချင်းပြန်လာရောက်လေ့ရှိသည့် မြို့ငယ်လေး တစ်ခုလည်း ဖြစ်ပေသည်။ အဝေးရောက် ကျိုက် လတ်မြို့သူမြို့သားများသည် နှစ်စဉ် အမျိုးသား နေ့တွင် ဇာတိမြေသို့ပြန်ကာ အမျိုးသားနေ့ အခမ်းအနားကို ဆင်နွှဲလေ့ရှိကြသည်မှာ နှစ် ကာလရှည်ကြာခဲ့ပြီ ဖြစ်ပေသည်။
နှစ်ပေါင်းများစွာကွဲကွာခဲ့ပြီး ဇာတိမြေသို့ ပြန်ရောက်ချိန်တွင် အဆောက်အအုံများနှင့် လမ်းများ ပြောင်းလဲခဲ့ပြီဖြစ်သော်လည်း မြို့သူ မြို့သားများသည် ကန်တော်ကြီးရေကို သောက် သုံးနေကြဆဲဖြစ်သကဲ့သို့ ရပ်ကွက်အသီးသီးရှိ ဆွမ်းချက်ရုံများကလည်း မြို့လုံးကျွတ် ရဟန်း သံဃာများကို ဝါတွင်းသုံးလပတ်လုံး နေ့စဉ် အရုဏ်ဆွမ်းလောင်းလှူနေဆဲဖြစ်သည်။ ဖျာပုံ ခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့တို့တွင် အလှည့်ကျ နှစ်စဉ်ကျင်းပ ပြုလုပ်သည့် လေးမြို့နယ် စာပြန်ပွဲကို ပရိယတ္တိ နုဂ္ဂဟအဖွဲ့ အသင်းကြီးက ကြီးမှူး၍ ကျင်းပ နေဆဲဖြစ်ကာ ကျိုက်လတ်မြို့၏ ရိုးရာအစဉ် အလာတစ်ရပ်အဖြစ် ပြုလုပ်မြဲဖြစ်သည့် ရေငံပိုင် ဦးရှင်ကြီး ပူဇော်ပွဲများကိုလည်း အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းဟု သုံးပိုင်းခွဲကာ နှစ်စဉ် တပို့တွဲ လမှစ၍ ကျင်းပမြဲဖြစ်ပေသည်။
ကုန်းဘောင်ခေတ်နှောင်း အဦးပိုင်းအချိန် ဖြစ်သည့် ခရစ်နှစ် ၁၈၄ဝ ပြည့်နှစ် သာယာဝတီ မင်းလက်ထက်တွင် တည်ထောင်ခဲ့သည့် ကျိုက် လတ်မြို့၏ သက်တမ်းသည် ၁၇၈ နှစ်ရှိခဲ့ပြီဖြစ် သည်။ သမိုင်းတစ်လျှောက် အေးချမ်းသာယာ စွာရှိခဲ့သည့် ဇာတိမြေကို ”အေးချမ်းသာယာ စွာဖြင့် နိုင်ငံသားကောင်းသမီးရတနာများကို ဆက်လက်မွေးထုတ်နိုင်ပါစေကြောင်း” ဆုမွန် တောင်းလျက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ချိန်တွင် ညနေစောင်းခဲ့ပြီဖြစ်ပါသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)