မကြာမီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဆက်သွယ်လာပါတယ်။ ရေးဆွဲပြုစုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသစ်ကို ကုန်သည်ကြီးများအသင်းမှာ ရှင်းလင်းတင်ပြလို ကြောင်း ဥက္ကဋ္ဌကြီးရဲ့ ပန်ကြားချက်ကို ကြားရတော့ အလွန် ကျေနပ်မိပါတယ်။ ကျွန်တော်က ချက်ချင်းပဲ အသင်းကြီးရဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကို အကြောင်းကြားခဲ့တယ်။ သူက လည်း ကြိုဆိုတယ်။ ဥက္ကဋ္ဌ ဦးအောင်ကြည် တင်ပြမယ့် အကြောင်းအရာဟာ လုပ်ငန်းရှင်အားလုံးနဲ့ သက်ဆိုင်နေတာ ဖြစ်တယ်။ ဥပဒေအသစ်မှာပါတဲ့ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ကတိကဝတ်ပြုဖို့ ပါဝင်တာမို့ ပိုပြီး အဓိပ္ပာယ်ရှိတာ။ အခုလို ကျွန်တော်က ပွဲစားလုပ်ရင်း အတွေးတစ်ခုဝင်လာတယ်။ ဟောပြောဆွေးနွေးရုံသက်သက်မဟုတ်ဘဲ ပိုပြီးလေးနက် အောင် ဘယ်လိုဆောင်ရွက်ဖို့လိုတာကို စဉ်းစားခဲ့တယ်။ နိုင်ငံတကာအတွေ့အကြုံကို သတိရပြီး ဟောပြောဆွေးနွေး ရုံသက်သက်မဟုတ်ဘဲ လက်မှတ်ထိုးပွဲလုပ်ရင် ပိုပြီးထိရောက် မယ်ဆိုတာကို တွေးမိတယ်။ ဒါနဲ့ ဥက္ကဋ္ဌကြီး နှစ်ဦးစလုံး ကို ကျွန်တော်တင်ပြခဲ့တယ်။ ဦးအောင်ကြည်က အံ့သြသွား တယ်။ သူထင်ထားတာထက် ပိုလုပ်မယ့်အစီအစဉ်ကို ကြိုဆို တယ်။ ဦးဇော်မင်းဝင်းကလည်း အခုလို လုပ်ငန်းရှင်တွေအနေ နဲ့ တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ကိစ္စမှာ ပါဝင်ရတာ ကို ကျေနပ်တယ်။ အမှန်တော့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းချုပ်ကို ကျွန်တော်အားကိုးတယ်။ လုပ်ရည်ကိုင်ရည် အပြည့်ရှိတယ်။ ကျွန်တော်အကူအညီ တောင်းတိုင်း ဆောင်ရွက်ပေးတယ်။ ကျွန်တော့်အနေနဲ့ လည်း အသင်းကြီးမှာ အကြံပေးပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူထား တယ်။
အဂတိလိုက်စားမှုသည် ဆိုးရွားသည့်လက္ခဏာ
ကျွန်တော်ကလည်း ဟောပြောဆွေးနွေးပွဲနဲ့ လက်မှတ် ထိုးပွဲမှာ တင်ပြစရာတွေ တင်ပြနိုင်ဖို့ ပြင်ဆင်ခဲ့ရတယ်။ တစ်ဖက်ကလည်း ကြေညာချက်ထုတ်နိုင်ဖို့လည်း လိုအပ်တဲ့ အစီအစဉ်တွေလုပ်ခဲ့တယ်။ အခမ်းအနားကို တခမ်းတနားဖြစ် စေချင်တာ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ ကြေညာပြီ။ လိုအပ်တဲ့ အစီအစဉ်တွေ လုပ်နေတာမို့ တစ်ဖက်တစ်လမ်း က ကူညီချင်တယ်။ သမ္မတကြီးက ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံတာလည်း အလွန်အားရစရာကောင်း တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ လူ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ ဆိုးရွားလှတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီကိစ္စက ညီညွတ်နားလည်မှုပေးဖို့ မသင့်ဘူးလို့ ယူဆမိတယ်။ ထိရောက်တဲ့ ပညာပေးမှုတွေလုပ်ဖို့ တစ်ဖက်ကလိုသလို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ အရာ ဖြစ်တယ်။ ခက်တာက အဂတိလိုက်စားမှု ကျူးလွန်ပြီး ချမ်းသာနေကြတဲ့သူတွေက ပြောင်ပြောင်တင်းတင်း နေထိုင် လှုပ်ရှားနေတာ တွေ့နေရတော့ စိတ်ထဲက တစ်မျိုးခံစားရတယ်။ မဟုတ်တာလုပ်ပြီး ချမ်းသာလာကြတဲ့သူတွေကလည်း ဒုနဲ့ ဒေး။ ဒါတွေကို မေ့ပစ်ရမယ်ဆိုပြန်တော့ ခက်သားလား။
နမူနာကောင်းတွေ မပြနိုင်ပြန်တော့ ပြဿနာကကြီးတာ။ တလောက မလေးရှားနိုင်ငံက ခေါင်းဆောင်နဲ့ သူ့ရဲ့ မိသားစု အကြောင်း ကြားရတော့ အံ့သြစရာပါပဲ။ ရာထူးနဲ့ တန်ခိုးအာဏာ ကို အပြည့်အဝအသုံးချပြီး ကြိုက်သလိုဆောင်ရွက်ခဲ့တာ။ နိုင်ငံပိုင်ပစ္စည်းဥစ္စာတွေ ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ပစ္စည်း သဖွယ်သုံးပြီး စုစည်းခဲ့တာတွေက မယုံလောက်အောင်ပဲ။ လုပ်ရတိုင်း လုပ်ခဲ့ကြတဲ့ ရလဒ်တွေ။
လုပ်ခလစာနည်းပါးတာ စောဒကတက်စရာ
အဂတိလိုက်စားမှုဟာ တကယ်တမ်းတော့ ယဉ်ကျေးမှု တစ်ရပ်ဖြစ်တယ်။ ယဉ်ကျေးမှုလို့ ပြောရတာက အကျင့်ဖြစ်လာ ပြီး အရိုးစွဲလာတာကြောင့် ဖြစ်တယ်။ အပြစ်ရယ်လို့ မမြင်တော့ ဘဲ ထုံးစံတစ်ခုအနေနဲ့ ကြည့်ကြတာ။ ပမာဏအနည်းအများ အပေါ်မူတည်ပြီး ခွင့်လွှတ်ကြပြန်တယ်။ အထူးသဖြင့် လုပ်ခ လစာနည်းပါးတာမို့ လုပ်ကြရတာပါဆိုပြီး စောဒကတက်ကြ ပြန်တယ်။ ဒီကိစ္စဟာလည်း စဉ်းစားစရာ။ အထူးသဖြင့် လစာ နည်းပါးသူတွေအတွက် စိန်ခေါ်မှုတွေက အများကြီး။ မျက်စိမှိတ်၊ မျက်ရိပ်ပြပြီး အဆင်ပြေအောင် ဆောင်ရွက်နိုင်ပြန်တော့ အကျင့် ဖြစ်နေပြန်တယ်။
ကျွန်တော်က အစိုးရဝန်ထမ်းဖြစ်ခဲ့တော့ အခက်အခဲတွေ ကို နားလည်တယ်။ သဘောပေါက်တယ်။ တစ်ခုသတိပြုရမှာက ဝန်ထမ်းတွေမှာ အပြစ်ရှိသလို နိုင်ငံရေးတာဝန်ယူတဲ့သူတွေမှာ လည်း တာဝန်ရှိတယ်။ အထူးသဖြင့် နမူနာပြနိုင်ဖို့ လိုအပ်တယ်။ အနေအထိုင်၊ အဝတ်အစား၊ အစားအသောက်၊ အပြုအမူ အစစ အရာရာ ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်။ ကျွန်တော့်အမြင်တော့ ဥပဒေကို ကြပ်ကြပ်မတ်မတ် ကိုင်သင့်တယ်။ ဥပဒေမရှိတာ မဟုတ်ဘဲ ရှိတဲ့ဥပဒေကို မကြပ်မတ်နိုင်တာ။ ဒါကြောင့်လည်း တစ်ဖက်က ပြည့်စုံတဲ့ဥပဒေတွေ ထုတ်နိုင်ဖို့ လွှတ်တော်မှာ တာဝန်ရှိသလို ဒီဥပဒေကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးနိုင်တဲ့ တရားရေးမဏ္ဍိုင်ဟာလည်း အလွန်အရေးကြီးလှပါတယ်။ အမှန်တော့ မဏ္ဍိုင်သုံးရပ်စလုံး ဟန်ချက်ညီဖို့ လိုအပ်မယ် လို့ထင်တယ်။ ဟန်ချက်မညီရင် လုပ်သမျှဟာ ထိရောက်မှာ မဟုတ်ပါဘူး။ ကြေညာချက်ထိုးမယ့်နေ့ ကျွန်တော် ကုန်သည်ကြီး များအသင်းကိုရောက်တော့ ဥက္ကဋ္ဌကြီး ဦးအောင်ကြည်နဲ့ အဖွဲ့ ဝင်နှစ်ဦးက ရောက်နှင့်နေပြီ။ ကျန်တဲ့ဧည့်သည်တော်တွေက စုံစုံညီညီ။ ပွဲက နောက်ကွယ်က တာဝန်ယူစီစဉ်တဲ့ တွဲဖက် အတွင်းရေးမှူးက ဒေါ်ခိုင်ခိုင်နွယ်။ သူက ပွဲနဲ့ပတ်သက်ပြီး စိတ်ပူတာမို့ ကျွန်တော် မကြာခဏဆက်သွယ်ခဲ့တယ်။ နေရာ ထိုင်ခင်းကအစ နဖူးစည်းအရောင်အဆုံး။ အမှန်တော့ဒီပွဲကြီးမှာ ကုန်သည်ကြီးများအသင်းအတွက်လည်း အလွန်အရေးပါတဲ့ ပွဲဖြစ်တယ်။ အစစအရာရာ အဆင်ပြေဖို့က လိုအပ်တာ။ ပွဲမစမီ ဧည့်ခန်းထဲမှာ ထိုင်ကြရင်း စကားတွေပြောဖြစ်တယ်။ ကုန်သည် ကြီးများအသင်းနဲ့ အကြံပေးပုဂ္ဂိုလ်တွေလည်း လာရောက်ကြ တယ်။
ကျင့်ဝတ်နဲ့ပတ်သက်ပြီး တွန်းအားပေး
ပွဲစတဲ့အချိန်မှာ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးဇော် မင်းဝင်း က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အမှန်တော့ ဒီအသင်းကြီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ကို ကိုယ်စားပြုထားတဲ့အသင်း၊ ဦးဆောင်ဦးရွက်ပြုနေတဲ့ အသင်း။ ဆရာဦးဇော်မင်းဝင်း မိန့်ခွန်းပြောပြီးချိန်မှာ ဥက္ကဋ္ဌကြီး ဦးအောင်ကြည်က ပြုစုထားတဲ့ ပြုစုဆဲ အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ပတ်သက်ပြီး အသေးစိတ်တင်ပြပါတယ်။ ဒီဥပဒေနဲ့ နောက်ခံဥပဒေပါ အချက်အလက်တွေကို ပြီးပြည့်စုံအောင် တင်ပြခဲ့တယ်။ ဆက်လက်ပြီး ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းအားပေးခဲ့တယ်။ ဥပဒေ အသစ်မှာ၊ လုပ်ငန်းတိုင်းမှာ ကျင့်ဝတ်တွေပြုစုဖို့ လိုမှာဖြစ်ကြောင်းကိုလည်း ရှင်းပြခဲ့တယ်။ ဥပဒေသကြောင့် မဟုတ်ဘဲ ကိုယ့်ဆန္ဒအလျောက်ပြုစုပြီး ကျင့်သုံးကြဖို့ ပန်ကြားခဲ့ပါတယ်။
ပေးတဲ့သူက မပေးရင် တစ်ဖက်ဖြေရှင်းနိုင်
ကျွန်တော့်အလှည့်ရောက်တော့ အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ စီးပွားရေးလုပ်ငန်းခေါင်းစဉ်နဲ့ တင်ပြဆွေးနွေး ခဲ့ပါတယ်။ ကျွန်တော်က UNGC အဖွဲ့ဝင်ကုမ္ပဏီတွေ ကို ဖိတ်ကြားထားခဲ့တယ်။ အဖွဲ့ဝင်ကုမ္ပဏီတွေဟာ အဂတိ လိုက်စားတိုက်ဖျက်မှုနဲ့ ပတ်သက်ပြီး ကတိပြုပြီးသား ကုမ္ပဏီ တွေ ဖြစ်ကြတယ်။ ဒါကြောင့် UNGC ကို ဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဦးအောင်ကြည်ရဲ့ တင်ပြချက်မှာ အစိုးရ ဝန်ကြီးဌာနတွေမှာ CPU လို့ ခေါ်တဲ့ အဂတိလိုက်စားမှု တားဆီးရေးအဖွဲ့ဝင် ဖွဲ့ဖို့ အစီအစဉ်ရှိကြောင်း တင်ပြသွား ခဲ့တယ်။ ဒါက ယူတဲ့သူဘက်ကကြည့်ပြီး ဆောင်ရွက်တာ။ ကျွန်တော့်အနေနဲ့က ပေးတဲ့သူတွေဘက်က လိုက်နာရတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်။ ပေးတဲ့သူက မပေးဘူးဆိုရင် ပြဿနာကို တစ်ဖက်ဖြေရှင်းနိုင်မှာဖြစ်တယ်။ တစ်ဖက်က ယူတဲ့သူတွေက မယူတော့ဘူးဆိုရင် အမြစ်ပြတ်နိုင်မှာသာ ဖြစ်တယ်။
အခုလို ကျွန်တော်တို့သုံးဦး တင်ပြဆွေးနွေးကြပြီး ဥက္ကဋ္ဌ ဦးအောင်ကြည်ရယ်၊ သူ့ရဲ့ကော်မရှင်က အဖွဲ့ဝင် တစ်ဦးရယ် ကျွန်တော်ရယ်၊ အမေးအဖြေကဏ္ဍ လုပ်ခဲ့တယ်။ ပရိသတ် တွေက မေးခွန်းစုံ။ တချို့တွေကတော့ ထုံးစံအတိုင်း ကိုယ့် အကြောင်း ကိုယ်ဖော်ပြီး မေးခွန်းမေးတဲ့ ပုံစံနဲ့မေးကြတယ်။ ကျွန်တော်က သဘာပတိလုပ်တာမို့ တချို့မေးခွန်းတွေကို ဖြေဖို့ ဥက္ကဋ္ဌကြီးကို ပန်ကြားပြီး တချို့မေးခွန်းကိုတော့ ကော်မရှင်အဖွဲ့ဝင်တွေကို ဖြေဖို့ဆောင်ရွက်ခဲ့ပါတယ်။ တချို့ မေးခွန်းတွေကိုတော့ မဖြေခဲ့ပါဘူး။ မေးခွန်းတွေက ဟောပြော တာနဲ့ မသက်ဆိုင်ဘဲ ကိုယ်ပြောချင်တာကို တင်ပြတာမို့ ဒီလိုဆောင်ရွက်ခဲ့ရတာ အားတော့နာပေမယ့် ဒီနည်းနဲ့ ပွဲသိမ်း ခဲ့ရပါတယ်။
နောက်ဆုံးပိုင်းမှာတော့ ဥက္ကဋ္ဌတစ်ဦးက ကျင့်ဝတ်များ ဖော်ထုတ်မှုဆိုင်ရာ ကြေညာချက်ကို လက်မှတ်ရေးထိုးကြ ပါတယ်။ ကျန်တဲ့တာဝန်ရှိသူတွေက အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့တယ်။ ပွဲပြီးချိန်မှာ ကုန်သည်ကြီးများ အသင်းက တည်ခင်းတဲ့ နေ့လယ်စာ စားကြတယ်။ စကားပြောကြတယ်။ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဖော်ထုတ်ခဲ့ကြ တယ်။ အခုလို ကြေညာချက်ရေးထိုးနိုင်တဲ့ ဆောင်ရွက်နိုင်ခဲ့ တာကိုလည်း ကျေနပ်မိပါတယ်။ ဂုဏ်ယူမိပါတယ်။ ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
Credit To: Myanmallin