ယခုလအတွင်းတွင် ရုံးပိတ်ရက် ဆက်တိုက်လေးရက်ပိတ်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အစည်ကားဆုံးဘုရားပွဲဖြစ်သော ရွှေစက်တော်ဘုရားပွဲတွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယခုရုံးပိတ်ရက်အတွင်းတွင် ရွှေစက်တော်သို့သွားကြသော ဘုရားဖူးကားများ များပြားမှု ကြောင့် ကားလမ်းပိုင်းဖြစ်သည်။ ကျောက်တစ်လုံးကွေ့မှ လှေတင်တံတားအထိ ကားများ တိုးမပေါက်နိုင်အောင် ကားကျပ်မှုများနှင့် ကြုံကြရသည်ဟု သိရသည်။
ယခုလရုံးပိတ်ရက် လေးရက်တွင် ဧည့်သည်များပြားသောကြောင့် တည်းခိုဆောင်များ တွင် လူပြည့်နေသဖြင့် အချို့ဘုရားဖူးဧည့်သည်များမှာ သဲသောင်ပြင်တွင် ကားထိုးကာ အိပ်ကြရပြီး ရိုးရိုးတဲခန်းများတွင်လည်း အခန်းမရကြခြင်းကြောင့် အခန်းရလိုဇောဖြင့် အခန်းခပိုပေးကာ ငှားရမ်းကြမှုများလည်းရှိခဲ့ကြောင်း ရွှေစက်တော်ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦး ထံမှ သိရသည်။
”ကျွန်တော်က မ္တလေးကနေ ရွှေစက်တော်ဘုရား လာဖူးတာပါ၊ ကျွန်တော်က ရုံးဝန်ထမ်းပါ၊ ခုပိတ်ရက်ကလည်း လေးရက်ဆိုတော့ လာဖြစ်တာပါ၊ ပုံမှန်ဆိုရင်တော့ မလာဖြစ်ဖူးပေါ့၊ အခုကရုံးပိတ်ရက်များတော့ လာဖြစ်တာပါ၊ ဒီမှာလူတွေလည်း တော်တော်စည်တာ တွေ့ရပါတယ်၊ လူကြားထဲမှာ တိုးရတာ လမ်းသွားရတာတောင် တော်တော်နဲ့ နေရာမရပါဘူး” ဟု ဘုရားဖူးလာသူတစ်ဦးက ပြောသည်။
ယခင်နှစ်များက ယခုကဲ့သို့ အချိန်များတွင် ရွှေစက်တော်၌ ဘုရားဖူးဧည့်သည်များ ယခုကဲ့သို့ များပြားခဲ့ခြင်းမရှိဘဲ ယခု နှစ်တွင် ရုံးပိတ်ရက်လေးရက်ဆက်တိုက်ပိတ်ခဲ့သဖြင့် လူ စည်ကားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုသို့မြန်မာနိုင်ငံအနှံ့ မှ ဘုရားဖူးကားများလာရောက်မှု များပြားကာ ကျောက်တစ်လုံး ကွေ့အနီးမှ စတင်ကားပိတ်မှုများ ဖြစ်လာခဲ့ခြင်းကြောင့် ရွှေစက်တော်-မင်းဘူးလမ်းပိုင်း၌ ကားပြေးဆွဲနေသူများအနေဖြင့် ကားကျပ်သဖြင့် အခေါက်ရေစိပ်စိပ် ပြေးဆွဲနိုင်ခြင်းမရှိကြဘဲ ကားပြန်ထွက်နိုင်ရန် တစ်နေကုန်ကြန့်ကြာမှုများနှင့် ကြုံကြ ရသည်ဟု မင်းဘူး-ရွှေစက်တော်ကားပြေးဆွဲနေသူ တစ်ဦးထံမှ သိရသည်။
Credit:
အိမွန်ဆွေ(ရေစကြို)၊ ဓာတ်ပုံ- မောင်ကျော်ကြီး