မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း တွင် အမျိုးသားရေးစိတ်ဓာတ်မြင့်မားစွာဖြင့် အမျိုးသား ပညာရေးလှုပ်ရှားမှုကြီးကို စတင်လှုပ်ရှား ဆောင်ရွက်ခဲ့သည့် (၉၇) နှစ်မြောက် အမျိုးသားနေ့ဖြစ်သည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ကိုလိုနီ လက်အောက်ခံနိုင်ငံအဖြစ် သိမ်းပိုက်ရာ မြန်မာပြည်သူတို့ အပေါ်၌ နိုင်ငံရေး ဖိနှိပ်မှု၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုများ အပြင် နိုင်ငံနှင့်လူမျိုးတို့၏ အဓွန့်ရှည်စွာရပ်တည်လာသော အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးစေသော၊ အသိပညာ ဆိုင်ရာ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ၊ ကာကွယ်ရေးဆိုင်ရာ အတတ်ပညာများကို သင်ကြားတတ်မြောက်စေသော အမျိုးသားပညာရေးတစ်ခုလုံးကို ဖျောက်ဖျက်ခဲ့ကြသည်။
၁၉၂ဝ ပြည့်နှစ်တိုင်အောင် မြန်မာနိုင်ငံပညာရေးအတွက် တက္ကသိုလ်ဟူ၍ မရှိသေးဘဲ ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ်ဟူ၍သာရှိပြီး ကိုလ်ကတ္တားတက္ကသိုလ်က ကျင်းပ သော စာမေးပွဲကိုသာ ဖြေဆိုကြရသည်။ ထို့အပြင် အင်္ဂလိပ် အစိုးရက ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်းကို ပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေကြမ်းအရ တက္ကသိုလ်ပညာရေးကို မြန်မာ တိုင်းရင်းသားများ သင်ယူနိုင်ခွင့် နည်းပါးခဲ့သည်။ မြန်မာ နိုင်ငံသား ပညာတတ်များ မွေးထုတ်ပေးမည့်အစား လူနည်းစု တို့သာ တက္တသိုလ်ဝင်ခွင့်ရစေ၍ အင်္ဂလိပ်အစိုးရ ကျွန်ပညာရေး စနစ်ကိုသာ အလေးထားခဲ့သည်။ ထို့အပြင် ယုဒဿန်ကောလိပ် နှင့် ရန်ကုန်ကောလိပ်တို့ကို ပေါင်းစည်း၍ ရန်ကုန်တက္ကသိုလ်ကို ထူထောင်လိုက်ကြောင်း ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်တွင် ဖွင့်လှစ်ရန် ကြေညာလိုက်သည်။
ထို့ကြောင့် ကျောင်းသားတို့က မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်၊ (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်) တွင် တက္ကသိုလ်ဥပဒေကို လုံးဝ ကန့်ကွက် ကြောင်းြေ<ွကးကြော်ခဲ့ရာမှ မြန်မာနိုင်ငံသမိုင်း အလှည့် အပြောင်းဖြစ်သော တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ ထိုသပိတ်ကြီးကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ ကျောင်းများက ထောက်ခံခဲ့ကြသည်။
အဆိုပါကျောင်းသပိတ်ကို အကြောင်းပြု၍ အမျိုးသား ကောလိပ်နှင့် အမျိုးသားတက္ကသိုလ်ဟူ၍ ပေါ်ပေါက်ခဲ့သည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခြင်းကြောင့် မြန်မာ စာပေ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ယဉ်ကျေးမှုတို့ ဂုဏ်သိက္ခာ ပြန်လည်တက်လာခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ်ခွန်အား များ နိုးကြားရှင်သန်လာကာ မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေးပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။ အမျိုးသားရေးစိတ်ဓာတ်ခွန်အား ဖြစ်ပေါ်လာမှုသည် အမျိုးသားနေ့၏ အသက်ဖြစ်ခဲ့သည်။
ထိုစဉ်က ကိုလိုနီကျွန်ဘဝတွင် ဗြိတိသျှတို့၏ အရှိန်အဝါ ကြီးနေဆဲဖြစ်သောကြောင့် အမျိုးသားနေ့ဟူသော နေ့ထူး နေ့မြတ်ရက်သတ်မှတ်ရာတွင် အမျိုးသားနေ့၏ အဓိပ္ပာယ် ပေါ်လွင်စေရန် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သော အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့သည် မြန်မာ တစ်မျိုးသားလုံးအတွက် မမေ့သင့်၊ မမေ့အပ်သော နေ့တစ်နေ့ ဖြစ်သည်။ တစ်မျိုးသားလုံး နယ်ချဲ့လက်အောက်မှ ရုန်းထွက် နိုင်ရေး လှုံ့ဆော်ပေးနိုင်ခဲ့သည့် နေ့လည်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး အနေဖြင့် ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်၊ (မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်) တွင် ရန်ကုန်ကောလိပ်နှင့် ဂျက်ဆင်ကောလိပ် ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ရာမှ တစ်နိုင်ငံလုံး အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန် ပေါက်ဖွားလာခဲ့သည်။ ထိုအမျိုးသားရေး စိတ်ဓာတ် ဖြင့်ပင် သူ့ကျွန်ဘဝမှ ရုန်းထွက်နိုင်ခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်ဟူသည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသော စိတ်ဓာတ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို ကြီးပွားတိုးတက်စေလိုသော၊ ကာကွယ် စောင့်ရှောက်လိုသော၊ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်လိုသော စိတ်ဓာတ်ပင်ဖြစ်သည်။ နိုင်ငံသားအားလုံး၏ နှလုံးသည်းပွတ် တွင် ထိုအမျိုးသားရေးစိတ်ဓာတ်များ အစဉ် ကိန်းအောင်း နေစေရန် နှစ်စဉ်နှစ်တိုင်း နိုင်ငံတစ်ဝန်း အမျိုးသား အောင်ပွဲနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့တွင် ကျင်းပမည့် အမျိုးသားနေ့သည် (၉၇)နှစ်မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။
ယနေ့အချိန်အခါသည် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံစွမ်းအားကို အမြင့်ဆုံး မြှင့်တင်ရမည့် အချိန်ဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ ပြည်သူ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စည်းလုံးညီညွတ်မှုနှင့်အတူ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံစွမ်းအား ပြည့်ဝရန် လိုအပ်သည်။
ကိုလိုနီခေတ်က အမျိုးသားရေးစိတ်ဓာတ်ကို အပြင်း ထန်ဆုံး မွေးမြူပြီး လွတ်လပ်ရေး ရယူနိုင်သကဲ့သို့ မျက်မှောက် ကာလတွင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက နိုင်ငံနှင့် လူမျိုး တိုးတက်ကြီးပွားစေလိုသော အမျိုးသားရေးစိတ်ဓာတ် ကိုအပြင်းထန်ဆုံး မွေးမြူကာ အမြန်ဆုံး တိုးတက်အောင် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံတကာမျက်နှာစာ တွင် မြန်မာနိုင်ငံ မျက်နှာပွင့်လန်းလာသည့် ယနေ့အချိန်အခါ တွင် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာ အမျိုးသားရေး စိတ်ဓာတ်များ အရှိန်အဟုန်ပြင်းစွာ မွေးမြူပြီး နိုင်ငံ တိုးတက်ရေး အားထုတ်ကြရမည်ဖြစ်သည်။
ကိုလိုနီအစိုးရ၏ ပညာရေးစနစ်မှာ ကျွန်ပညာရေးစနစ်သာ ဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေးယ္တရားကြီး လည်ပတ်နိုင်ရေး အတွက် လိုအပ်သော စာရေး၊ စာချီ၊ မြို့အုပ်၊ ဝန်ထောက်များကို ကိုလိုနီပညာရေးစနစ်က လိုအပ်သလိုပုံသွင်းပြီး မွေးထုတ် ပေးသည်။ စာရေး၊ စာချီနှင့် အောက်တန်းအရာရှိလောက်သာ ဖြစ်လာနိုင်သော ကိုလိုနီပညာရေးကိုပင် တိုင်းရင်းသားတို့အား ဖောဖောသီသီပေးသည်မဟုတ်။ ပညာတတ်အလုပ်လက်မဲ့ မများရလေအောင် အထက်တန်းပညာကို အကန့်အသတ်ဖြင့် သင်ကြားစေလေသည်။ တိုင်းရင်းသားတို့ အမြင်ပွင့်လင်း လာမည်ကိုလည်း တတ်နိုင်သည့်နည်းဖြင့် တားဆီးပိတ်ပင် ထားလေသည်။
မျိုးချစ်ကျောင်းသားတို့ ရည်မှန်းသော အမျိုးသား ပညာရေး၏ ရည်ရွယ်ချက်ကား မြန်မာဘာသာကို သင်ကြား ရေးမဏ္ဍိုင်အဖြစ် အသုံးပြုပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော စာအုပ်များကို မြန်မာဘာသာသို့ ပြန်ဆိုရန်နှင့် ယင်းသို့ပြန်ဆိုခြင်းကို အားပေးရန်၊ တိုင်းပြည်တိုးတက် ကြီးပွားရာ ကြီးပွားကြောင်း ပညာရပ်များနှင့် အသက်မွေး ဝမ်းကျောင်းမှုကို အထောက်အကူပြုသော ပညာရပ်များကို သင်ကြားရန် မြန်မာစာနှင့်တကွ မြန်မာ့ယဉ်ကျေးမှု အစုစု တို့ကို ပြုစုပျိုးထောင်ပေးရန်နှင့် အမျိုးသားစိတ်ဓာတ်များ တဖွားဖွား နိုးကြား တက်ကြွလာစေရန်တို့ ဖြစ်သည်။
၁၉၂ဝ ပြည့်နှစ် သပိတ်မှောက်ကောလိပ်ကျောင်းသား အများစုမှာ အမျိုးသားကျောင်းဆရာများ ဖြစ်လာကြသည်။ သူတို့၏ ကိုယ်ကျိုးစွန့်မှုနှင့် အမျိုးကိုချစ်သော စိတ်ဓာတ်သည် အံ့သြဖွယ်ပင် ဖြစ်သည်။ ထိုအချိန်က ၁ဝ တန်းအောင်လျှင် မြို့အုပ်ဖြစ်နိုင်၍ လခက ကျပ် ၂ဝဝ ရသည့်ခေတ်၊ စာမေးပွဲ အောင်သည်နှင့် အလုပ်တန်း၍ရသည့်အခါဖြစ်သည်။ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရသူဖြစ်ပါက သမီးရှင်များကပင် ရွှေ၊ ငွေတင်၍ တောင်းရသည့်အခါဖြစ်သည်။ ထိုသို့သော အခွင့် အရေးများကို စွန့်လွှတ်ပြီး အမျိုးသားကျောင်းဆရာအဖြစ် ဝင်ရောက်ထမ်းရွက်ကြခြင်းမှာ ကြီးမားသော နိုင်ငံချစ် စိတ်ဓာတ်ကြောင့်ပင်ဖြစ်သည်။ တိုင်းပြည်၏ ရေရှည်အကျိုး စီးပွားကို မျှော်ကိုး၍ သူတို့၏ လက်ငင်းအကျိုးစီးပွားကို စွန့်ခြင်းသာ ဖြစ်သည်။ အမျိုးသားကျောင်းဆရာများသည် ဆရာဘဝမှထွက်၍ အစိုးရအမှုထမ်း၊ အရာထမ်းဝင်လုပ်လျှင် သို့မဟုတ် အရောင်းအဝယ်လုပ်လျှင် အမျိုးသားကျောင်းဆရာ ဝင်ငွေထက် များစွာ သာလွန်အောင် ရနိုင်သော်လည်း အမျိုးသားအရေးကို ရှေးရှု၍ ကိုယ်ကျိုးစွန့်ကာ တစ်သက်လုံး အမျိုးသားကျောင်းဆရာဘဝဖြင့် အရိုးထုတ်ခဲ့ကြလေသည်။
၁၉၂ဝ ပြည့်နှစ် ယူနီဗာစီတီကောလိပ်ကျောင်း သပိတ်ကြီး သည် အိပ်မောကျနေသော မြန်မာအမျိုးသားများအား သူ့ကျွန်ဘဝတွင် နေရသည်ထက် သေသော်မှတည့် သြော်ကောင်း၏ ဟူသော အမျိုးသားရေးစိတ်ဓာတ် အမျိုးသားရေးအားမာန်များ ပြန်လည်နိုးကြားတက်ြ<ွကစေရန် လှုံ့ဆော်ပေးခဲ့ရာ ယင်းသပိတ်ကြီး စတင်ပေါ်ပေါက်ခဲ့သည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အမှတ်တရ ဂုဏ်ပြု အပ်သည်မှာ ထင်ရှားလှပေသည်။
ထိုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့မှစ၍ ဗြိတိသျှကိုလိုနီပညာရေးစနစ်ကို တော်လှန်အောင်မြင်သော အထိမ်းအမှတ်အဖြစ်ဖြင့် နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့ကို မြန်မာနိုင်ငံတစ်ဝန်းလုံး မြို့တိုင်း ရွာတိုင်း၌ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် တက်ကြွစွာ ဆင်ယင်ကျင်းပခဲ့ကြပေသည်။
ထိုနေ့ ထိုရက်သို့ ဆိုက်ရောက်တိုင်း ကျောင်းသားနှင့် ပြည်သူတို့သည် စည်းလုံးညီညွတ်စွာ လက်တွဲလျက် စီတန်း လှည့်လည်ခြင်း၊ ဆန္ဒပြခြင်း၊ ကျွန်စိတ် ကျွန်မွေးများကို ပယ်၍ သခင်စိတ် သခင်သွေးများ ပေါ်ပေါက်အောင် ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ အမိနိုင်ငံ လွတ်မြောက်ရေးအတွက် သစ္စာဓိဋ္ဌာန် ပြုခြင်း စသည်တို့ကို ဆောင်ရွက်ကြလေသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသားနေ့ကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက် (ခရစ်နှစ် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်) တနင်္လာနေ့တွင် စတင်ကျင်းပခဲ့သည်။ ထိုနေ့တွင် ရန်ကုန်မြို့ ကန်တော်မင်္ဂလာ ပန်းခြံနှင့် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်အနီး မြေကွက်လပ်တို့၌ အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင်များ ဖြစ်ကြသော ဦးမောင်မောင်ကြီး (နောင်တွင် ဆာမောင်ကြီး အဖြစ် ထင်ရှားခဲ့သူ) က အမျိုးသားပညာရေးအကြောင်းကို ဟောကြားခဲ့၏။ အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွ သော လူငယ်တစ်ဦးကလည်း British Soldier Minus Gun equal to Zero ဟူသော ခေါင်းစဉ်ကို အင်္ဂလိပ် ဘာသာဖြင့် ဟောကြားခဲ့သောကြောင့် ဗြိတိသျှအာဏာပိုင် များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားနေ့ ကျင်းပချိန်တွင် ဗြိတိသျှအစိုးရသည် ယင်းနေ့ကို တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မပြုခဲ့ သောကြောင့် အမျိုးသားခေါင်းဆောင်ကြီးများဖြစ်သော ဦးဖိုးကျား (အမျိုးသားပညာဝန်)၊ ဦးစိုးဝင်း၊ ဦးထွန်းညို စသည့် ပုဂ္ဂိုလ်ကြီးများက ကျောင်းပိတ်ရက်မဟုတ်သော်လည်း မြန်မာ နိုင်ငံလုံးရှိ အမျိုးသားကျောင်းများမှ ကျောင်းသားကျောင်းသူ များ၊ မိဘပြည်သူများအား တက်ကြွနိုးကြားစွာ ပါဝင်ဆင်နွှဲရန် ကြိုးပမ်း လှုံ့ဆော် စည်းရုံးဆောင်ရွက်ခဲ့သောကြောင့် အခက် အခဲအမျိုးမျိုးကြားမှပင် ပထမဦးဆုံးသော မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကြီးကို နေရာဒေသအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အမျိုးသားနေ့ကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက် (ခရစ်နှစ် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်) နေ့မှစတင်၍ နှစ်စဉ် တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့ ကျရောက်သည့် အခါတိုင်း၌ အမျိုးသား ကျောင်းများက ဦးဆောင်ကျင်းပခဲ့ကြသည်။ အမျိုးသား ကျောင်းများက နှစ်စဉ် ဦးဆောင်ကျင်းပခဲ့သော်လည်း နယ်ချဲ့ အစိုးရက ဦးဆောင်ဖွင့်လှစ်နေသော အစိုးရကျောင်းများတွင်မူ ပြုလုပ်ကျင်းပခြင်း မပြုခဲ့ပေ။ အမျိုးသားရေးကိုလည်း ဗြိတိသျှ နယ်ချဲ့အစိုးရက တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်း မပြုခဲ့ပေ။ ခရစ်နှစ် ၁၉၃၄ ခုနှစ် (မြန်မာနှစ် ၁၂၉၆ ခုနှစ်) တွင် ဗြိတိသျှအစိုးရ၏ ဒိုင်အာခီအုပ်ချုပ်ရေး အစိုးရအဖွဲ့၌ ဒေါက်တာဘမော်သည် ပညာရေးဝန်ကြီး ဖြစ်လာချိန်တွင် အမျိုးသားနေ့ဖြစ်သော တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့အား ကျောင်းများအားလုံးကို ပိတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် မြန်မာနှစ် ၁၂၉၆ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက် (ခရစ်နှစ် ၁၉၃၄ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်)၊ သောကြာနေ့တွင် ပြုလုပ်ကျင်းပခဲ့သော အမျိုးသားနေ့တွင် အမျိုးသားကျောင်းများက ဦးဆောင်၍ ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ၁၉၃၇ ခုနှစ် (မြန်မာနှစ် ၁၂၉၉ ခုနှစ်) တွင် ဒေါက်တာဘမော်သည် ၉၁ ဌာန အုပ်ချုပ်ရေး၏ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်လာချိန်၌ မြန်မာနှစ် ၁၂၉၉ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့ကို မြန်မာနိုင်ငံ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် အမျိုးသားနေ့ကို မြန်မာ တစ်မျိုးသားလုံး ပါဝင်စုပေါင်း ကျင်းပဆင်နွှဲခဲ့ကြသည်။
ခရစ်နှစ် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက် (မြန်မာနှစ် ၁၂၉၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်) သောကြာနေ့တွင် ကျရောက်သော (၁၁) ကြိမ်မြောက် အမျိုးသားနေ့၏ စီတန်းလှည့်လည်ပွဲကို ရေနံချောင်းမြို့ ရေနံမြေအလုပ်သမားများပါ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ညနေ ၄ နာရီခွဲအချိန်တွင် စတင်ကျင်းပခဲ့သည်။ ရှေ့ဆုံးတွင် မင်္ဂလာ စည်တော်အဖွဲ့၊ နောက်မှ ဗန္ဓုလဝတ်စုံဝတ်ဆင်ထားသော မြန်မာမြင်းစီးစစ်ဗိုလ်၊ ယင်း၏နောက်မှ မြန်မာဘုရင်မင်းမြတ် နှင့် သိုင်းကိုင်၊ ကျိုင်းကိုင်များ၊ မှူးကြီးမတ်ရာအမှုထမ်းများ၊ ယင်းနောက်တွင် ရေနံချောင်း၏ အမျိုးသားအထက်တန်း ကျောင်းမှ ကျောင်းသူတစ်ဦးက အမိမြန်မာပြည်ဝတ်စုံ ဆင်မြန်း၍ မြန်မာ့ဒေါင်းအလံကြီးကို ကိုင်ဆောင်လိုက်ပါပုံ၊ ယင်းအမိမြန်မာပြည်၏ ဘေးတစ်ဖက်တစ်ချက်တွင် ဗန္ဓုလ ဝတ်စုံဖြင့် ရဲမက်နှစ်ဦးစီ ခြံရံလိုက်ပါပုံ၊ ယင်းနောက်မှ ကျောင်းသူကျောင်းသားများ၊ မြို့သူမြို့သားများကြေ<ွကးကြော် သံများ၊ သံချပ်များ၊ သံပြိုင်သီဆို လိုက်ပါခဲ့ကြသည်။ နောက်ဆုံးတွင် ရေနံမြေအလုပ်သမားများက မီးတုတ်များ ကိုင်ဆောင်လျက် ချီတက်လိုက်ပါ၍ အောင်မြင်စွာ ဆင်နွှဲ ခဲ့ကြသည်။
(၁၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် နေ့လယ်ပိုင်း၌ ရေနံချောင်းမြို့ အမျိုးသားအထက်တန်း ကျောင်းခန်းမ၌ မြန်မာတိုင်းရင်းဖြစ်ကိုသာ ဝတ်ဆင် သင့်သည် ဟူသော ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများ ၏ စကားရည်လုပွဲ အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့သည်။
မြန်မာတိုင်းရင်းဖြစ်ကိုသာ ဝတ်ဆင်သင့်သည် ဟူသော အဆိုကို ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်းက တင်သွင်းပြောဆိုခဲ့သည်။ ယင်းအဆိုကို ချေပပြောဆိုသော ကျောင်းသားက အဆိုရှင်ဘက်မှ လူတစ်စုက တိုင်းရင်းဖြစ် အဝတ်အထည်များကို ဝတ်ဆင်သင့်သည်ဟူ၍ ပြောဆိုခြင်းသည် အသံကောင်း ဟစ်နေမှု သက်သက်ဖြစ်ပါတယ်။ အဆို တင်သွင်းသွားသော ကျောင်းသား ကိုအောင်ဆန်း ကိုယ်တိုင် သူဝတ်ဆင်ထားသော ရှပ်အင်္ကျီအောက်မှာ နိုင်ငံခြားဖြစ် စွပ်ကျယ်ကို ဝတ်ဆင်ထားပါတယ် ဟူ၍ ချေပပြောဆိုခဲ့သည်။ ထိုအခါ အဆိုရှင် ကျောင်းသား ကိုအောင်ဆန်းက မည်သို့မျှ ပြန်လည် ပြောဆိုခြင်းမပြုဘဲ မိမိထိုင် နေသော ကုလားထိုင်ထက်၌ ခြေစုံရပ်လျက် သူဝတ်ဆင်ထားသော ဖျင်ရှပ်အင်္ကျီကို ဦးခေါင်းမှ ဆွဲချွတ်လိုက်သည်။ ထို့နောက် သူ၏ နံရိုးပြိုင်းပြိုင်း ကိုယ်ခန္ဓာအား ရှုတည်တည်ဖြင့် လှည့်ပြသလိုက်သည့်အခါ တက်ရောက်နားထောင်နေသော ကျောင်းသား ကျောင်းသူများနှင့် လူထုပရိသတ်ကြီးက ပွဲကျသွားသည်။ လက်ခုပ် သြဘာတီး အားပေးခဲ့ကြသည်။ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် အထက်တန်းကျောင်းသားဘဝကတည်းကပင် ဤကဲ့သို့ ရိုးသား ဖြောင့်မတ်သောသူ ဖြစ်သည်။
သို့ဖြစ်ရာ အမျိုးသားနေ့သည် လွန်ခဲ့သော ၉၆ နှစ်က မြန်မာတစ်မျိုးသားလုံး၏ ညီညွတ်စုစည်းသော အမျိုးသားရေး စွမ်းပကားဖြင့် ကိုလိုနီနယ်ချဲ့တို့၏ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်ဖယ်ရှားပစ်နိုင်ခဲ့သော အောင်ပွဲနေ့ဖြစ်သည်။ ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် နေ့တွင် ကျင်းပမည့် (၉၇)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးသားပညာရည်မြင့်မားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး ဟူသည့် ဦးတည်ချက်များဖြင့် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအားမာန် အပြည့်အဝ စိုက်ထုတ်၍ ကျင်းပသွားကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။ ။
Credit: ဒေါက်တာ အောင်သန်းဝင်း (အရှေ့တိုင်းပညာ)