တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီခွဲ က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ ရှေးဦးစွာ တောင်ကြီးမြို့ ကျက်သရေ ဆောင် စူဠာမုနိလောကချမ်းသာစေတီ တော်မြတ်ကြီးတွင် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့က စိန်နားပန်မီးပုံးပျံ အား လွှတ်တင်ပူဇော်ကြပြီးနောက် ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာကုန်း သာယာမီးပုံးပျံကွင်း၌ မီးရှူးမီးပန်းများ ပစ်ဖောက်၍ မီးပုံးပျံများလွှတ်တင် ကာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ ကိန္နရာအကနှင့် ဓားသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေပြီး ရှမ်းပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တေးရေး၊ တေးဆို ဝင့်နိုင်ဦးသီဆိုသော ”တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဆင်နွှဲပျော်”တေးသီချင်းဖြင့် ကပြဖျော်ဖြေသည်။

ထို့နောက် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်းတို့က တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တန်ဆောင်တိုင်ပွဲတော်ကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီး မီးရှူးမီးပန်းများပစ်ဖောက်ကာ စိန်နားပန်မီးပုံးပျံအကြီးနှစ်လုံး နှင့် မီးပုံးပျံငယ်အလုံး ၂၅ဝဝ တို့ကို လွှတ်တင်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)