အကြမ်းဖျင်း အားလုံးသိကြသလို ဂျပန်လူမျိုးတွေဟာ စည်း ကမ်းကြီးတယ်၊ အချိန်မှန်တယ်၊ အလုပ်မှအလုပ် စွဲလမ်းတယ်၊ သိပ်လေးနက်တယ်၊ တိုင်းပြည်ချစ်စိတ်ကြီးမားတော့ ဒီစိတ်ဓာတ်နဲ့ပဲ စစ်ဒဏ်၊ သဘာဝဘေးဒဏ်နဲ့ တစ်ပြည်လုံး ထိခိုက်တောင် ပြာပုံဘဝက ခဏခဏပြန်ထနိုင်တယ်။
အစဉ်အဆက် ဧကရာဇ်နဲ့ ဘုရင်အငယ်တွေအုပ်ချုပ်တဲ့ ဂျပန်နိုင်ငံဟာ ၁၆ဝဝ- ၁၈၆၈ ခုနှစ်ထိ နှစ် ၂၇ဝ လောက်ဧကရာဇ် တွေရဲ့ အာဏာဟာ ရှိုဂွန်တွေလက်ထဲရောက်တယ်။ ရှိုဂွန် တိုဂူကာဝါက လက်ရှိတိုကျိုနေရာ အဲဒိုးမှာ အခြေစိုက်လို့ အဲဒိုးခေတ်(Edo Period) လို့ခေါ်တယ်။ ၁၆၆၇ ခုနှစ်အဲဒိုးမြို့ မီးကြီးလောင်တဲ့အချိန်မှာ လူတွေ မြစ်ဖြတ်ပြီး မြို့အရှေ့ဘက်ကို ပြေးစရာတံတားမရှိလို့ ပိတ်မိပြီး လူတစ်သိန်းလောက်သေ တယ်။ မြို့ရဲ့ ၇ဝ ရာခိုင်နှုန်းနီးပါး ပြာကျတယ်။ ပြန်လည်ထူထောင် ရ တယ်။ အဲဒီခေတ်အတွင်း ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်ဖြတ်နေ တယ်။ ဒါပေမယ့် စက်မှုလုပ်ငန်းတွေတော့ အောင်မြင်အောင် လုပ်နိုင်နေပြီး စစ်မက်ငြိမ်းချမ်းတဲ့ ကာလလည်းဖြစ်တယ်။အဲဒီနောက်ပိုင်း နှစ် ၄ဝ လောက် မေဂျီခေတ် (၁၈၆၈- ၁၉၁၂) ခုနှစ်အတွင်း ဧကရာဇ်ဘုရင်လက်ထဲ အာဏာပြန်ရောက်ပြီး ကမ္ဘာနဲ့ပြန်ဆက်သွယ်တယ်။ နိုင်ငံငယ်ကနေ ကမ္ဘာ့အလယ် မှာမော်ဒန်ခေတ်မီနိုင်ငံဖြစ်လာတယ်။သူ့အပြီး တိုင်ရှိုအင်ပါယာ လက်အောက် (၁၉၁၂-၁၉၂၆) ဒီမိုကရေစီ စတင်အားယူခဲ့ပေ မယ့် အားမကောင်းလိုက်ရဘူး၊ ၁၉၂၃ ခုနှစ်မှာ Great Kanto Earthquake ငလျင်ကြီးကြောင့် တိုကျိုနဲ့တစ်ဝိုက် ငလျင် ရော၊ ဆူနာမီရော၊ မီးကြီးလောင်တာရော တစ်ပြိုင်နက်ဖြစ် တာတွေကြောင့် လူတစ်သိန်းကျော်သေတယ်။ လူ နှစ်သန်း လောက် အိုးမဲ့အိမ်မဲ့ဖြစ်ပြန်တယ်။ တိုင်းပြည်လည်း မငြိမ် မသက်ဖြစ်တယ်။ အဲဒီကနေ နာလန်ပြန်ထူတုန်း ၁၉၂၆ ခုနှစ် နောက်ပိုင်းစစ်တပ်က အားသိပ်ကောင်းလာတဲ့အခါ အိမ်နီး ချင်းတွေကို စစ်အင်အားသုံး ရန်စအနိုင်ယူရာကနေ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး ပြာပုံဘဝ ပြန်ရောက်ရပြန်တာပဲ။ တိုကျိုဟာ စစ်ကြောင့်လုံးဝနီးပါးပျက်စီးခဲ့လို့ အမွေအနှစ်အဆောက် အအုံများများမကျန်ဘူး။ စစ်ပြီးခေတ်မှာ ပြန်လည်ထူထောင် ခြင်းသာပဓာနမို့ ဆောက်တာကအရင် မြို့ပြစီမံတာကနောက် မှလိုက်ရတယ်။ ဒါပေမယ့် အားလုံးခါးစည်းခံပြီး တညီတညွတ် တည်း နိုင်ငံချစ်စိတ်နဲ့ ပြန်ထနိုင်အောင်ကြိုးစားလိုက်တာ စစ်အပြီး စစ်တပ်မရှိတော့လို့ စစ်စရိတ်လည်းသက်သာ၊ စက်မှု လုပ်ငန်းတွေ အားပြန်ကောင်းနဲ့ မည်သို့လုပ်လိုက်တယ်မသိ ဆိုသလို ၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ အရှိန်အကောင်းဆုံး စီးပွားရေး တိုးတက်နှုန်းဖြစ်နေပြီ။ စက်မှုအထွန်းကားဆုံး နိုင်ငံတစ်ခု အဖြစ် တစ်ကမ္ဘာလုံးကို ခါးစောင်းတင်နိုင်ခဲ့တယ်။ အခုနောက် ပိုင်းနှေးကွေးတယ်လို့ဆိုနိုင်ပေမယ့် ထိပ်တန်းနိုင်ငံဖြစ်နေဆဲပဲ။
ကျိုတိုကတော့ ၇ ရာစုလောက်ကတည်းက အပြားပြားရှိနေတဲ့ဘုရင့်နိုင်ငံတွေကို စုစည်းညီညွတ်အောင် စည်းရုံးပြီး ဧကရာဇ်နိုင်ငံတော်ရဲ့ မြို့တော်လည်းဖြစ်လာခဲ့တယ်။ စစ်ဘေး ဒဏ်ကိုလည်း သိပ်မခံခဲ့ရလို့ ဘုန်းကြီးကျောင်းတွေ၊ လူနေရပ် ကွက်ဟောင်းတွေနဲ့ ခရီးသွားအကြိုက်နေရာ ဖြစ်လာတယ်။ ဇင်ဗုဒ္ဓဘာသာထွန်းကားရာနေရာ၊ ယဉ်ကျေးမှုအမွေအနှစ် ကိုလည်း သိပ်ကို မြတ်နိုးထိန်းသိမ်းတဲ့ နေရာဆိုတော့ သဘာဝ ဒဏ်၊ စစ်ဘေးဒဏ်ထိသမျှကိုလည်း အဆက်ဆက်ပြန်ပြင် ထိန်းသိမ်းခဲ့ကြတာပဲ။ မြစ်အနောက်ဘက်မှာ ပိုစည်ကားပြီး ခေတ်မီတဲ့ မြို့လယ်ဧရိယာရှိတယ်။ မြို့တစ်ခုလုံးက တောင် ကြောနှစ်ခုကြားလျှိုနေပြီး တောင်ပတ်လည်ဝိုင်းနေတော့လှ တယ်။ မြစ်အရှေ့ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ သိပ်ကျော် ကြားတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးတွေ အများကြီးရှိတယ်။ ပုဂံလိုမျိုးမြို့နေရာအနှံ့ရှိခဲ့ပါလိမ့်မယ်။ နည်းနည်းသေးတဲ့ ဘုရား ကျောင်း (Temple) တွေက လူနေရပ်ကွက်ထဲ ရောက်နေ တယ်။
အထပ်မြင့် သိပ်မရှိဘူး။ ၁၂ ထပ်အထက် အဆောက်အအုံ တောင် ၁၅ ခုပဲရှိတယ်လို့ ဆိုတယ်။ ၂ဝဝ၃ ကျိုတိုတာဝါဆိုပြီး ၁၉၆ဝ ကျော်မှာ ဆောက်ဖို့ စစီစဉ်ကတည်းက မြို့ကမကြိုက် ပေမယ့် ၁၉၆၄ အိုလံပစ်အမီဆိုပြီး (တကယ်တော့ မမီလိုက် ဘူး၊ ပြီးမှဖွင့်နိုင်တယ်) ဧည့်သည်အလာမှာ ရှုခင်းကြည့်ဖို့ ဆောက်တော့ မြို့အလှကို ထိန်းသိမ်းချင်တဲ့ သူတွေက သဘော မတူခဲ့ဘူး။ အခုထိလည်း ဝေဖန်တုန်းပဲ။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း မှာတော့အထပ်အမြင့်ကို ကန့်သတ်ခဲ့တယ်။ ခေတ်မီမြို့လယ် ပိုင်းကလည်း လမ်းကျယ်တွေနဲ့သန့်ရှင်းသလို ရပ်ကွက်ဟောင်း လေးတွေကလည်း ချစ်စရာသစ်သားအိမ်တွေ လမ်းကျဉ်း ကျဉ်းကျပ်ကျပ်ထဲ၊ ဒါပေမယ့် ဘာနဲ့မှပိတ်ဆို့မနေဘူး။ ဂျပန် ကို ရက်တိုမျှသာ အလည်အပတ်ရောက်ဖူးတာမို့ ယေဘုယျပြောတာဖြစ်နိုင်ပေမယ့် သူတို့ရဲ့မြို့ပြပတ်ဝန်းကျင်မှာ ဘာကို ခံစားမိသလဲဆိုတော့ သေချာမှု(assurance) ဆိုတာကိုပဲ။ ကိုယ့်ပိုက်ဆံ အိတ်ငွေအပြည့်နဲ့ ချပြီးဟိုနားဒီနား စိတ်ချလက်ချ ထသွားနိုင်တယ်။ ဟိုတယ်မှာ အဖိုးတန်တဲ့ ပစ္စည်းတွေ စိတ်ချ လက်ချထားခဲ့နိုင်တယ်လို့ ယုံကြည်မှုရှိတယ်။ သူတို့ကိုမေးလို့ ပေးလာတဲ့အဖြေဟာ အချက်အလက်မှန်မယ် ဆိုတာ သေချာ တယ်၊ ပစ္စည်းပေးထားခဲ့ရင် သံသယကင်းကင်း နဲ့ပေးခဲ့နိုင်မယ်၊ ရောင်းတဲ့ပစ္စည်း၊ စားတဲ့ဆိုင်အရည်အသွေးနဲ့ ဝန်ဆောင်မှု ကောင်းကောင်းရမယ်လို့ယုံတယ်။ ဘယ်နေရာရောက်ရောက် ရေအိမ်တိုင်း ပြောစမှတ်ပြုအောင်သန့်ရှင်းနေမယ်။
သူတို့နိုင်ငံသားတွေမှာ တစ်ယောက်နဲ့တစ်ယောက် မထိခိုက်အောင်၊ ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်အောင် နေထိုင်နည်းကို မိဘဆုံးမတဲ့ထဲမှာလည်း အစဉ်အဆက်ပါမယ်။ နေရာတိုင်းမှာလည်း သတိပေးနေတယ်။ ဆိုင်းဘုတ်လည်း ရေးတယ်။ ရထားပေါ်ဆိုလည်း ပြောဆိုသတိပေးနေတယ်။ နေရာတိုင်း ဟန့်တားနေတာမျိုးတော့လည်း မဟုတ်ဘူး။ စာကြည့်တိုက်မှာ ဖုန်းမြည်သံနဲ့ ဖုန်းပြောသံအနှောင့်အယှက်ကို တားဆီးသတိပေးပေမယ့် ဖုန်းဝင်ပြောဖို့ အသံလုံအခန်း သတ်သတ်ပေးထားတယ်။ ကိုယ့်တာဝန်ကိုယ်သိပဲ။ ညနက်သန်း ခေါင် အလင်းအားနည်းနည်းလမ်းမှာ ဘူတာက ဆင်းလာတဲ့ မိန်းကလေးတွေ ဒီလိုပဲလျှောက်နေတယ်။ ဒီတော့ တရားဥပဒေ စိုးမိုးမှုဟာနေရာတိုင်းမှာ ရှိနေတယ်။ ရန်သူမျိုးငါးပါးကြောင့် မြို့ပြယဉ်ကျေးမှုအဆောက်အအုံပြစရာ အမွေအနှစ်မကျန် ဘူးဆိုရင်တောင်မှ ဒီလို အစဉ်အလာယဉ်ကျေးမှုကို ဆက်လက် ဆုပ်ကိုင်ပြီး အကောင်းဆုံးထိန်းသိမ်းနိုင်ဆဲပဲဆိုတာ ပြနေ တယ်။ အကောင်အထည်ထက် ယဉ်ကျေးမူရာ၊ ကျင့်ဝတ်၊ ကိုယ်ကျင့်သီလတို့နဲ့ ထိန်းသိမ်းတယ်။ဟိရိသြတ္တပ္ပတရား၊ ဗြဟ္မာစိုရ်တရား၊ မိမိကိုယ်သာကိုးကွယ်ရာ၊ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ (ဘယ်သူသိသိ မိမိကိုယ်အသိဆုံး) ဆိုတာ ကျွန်မတို့တွေလည်း လေ့ကျင့်သင်ကြားခဲ့ကြတာပဲ။ ကိုယ့်သီလ ကိုယ်မြဲဖို့ဆိုတာ အရေးကြီးဆုံးဆိုတဲ့ ဘာသာတရားအခြေခံ တွေတူကြတာဆိုပေမယ့် လက်တွေ့ ဘယ်လိုခံယူကျင့်သုံးသလဲ ဆိုတာမှာ ကွာပါလိမ့်မယ်။
အမေရိကန်မှာလည်း ခိုင်မာတဲ့ ဥပဒေတွေအပြည့်၊ အမြော်အမြင်တွေနဲ့ထောင့်စေ့ ဆွဲခဲ့ကြတာပဲ။ ဒါပေမယ့် တရား ဥပဒေစိုးမိုးမှုကို ဥပဒေနံပါတ်၊ ရဲစခန်း၊ ရှေ့နေ၊ တရားရုံး၊ ဒဏ်ငွေ၊ အပြစ်ဒဏ်တွေနဲ့ ထိန်းသိမ်းတာဆိုတော့ ဒုစရိုက် အပြုအမူဟာ လုံးဝပျောက်သွားသလားဆိုတော့ မပျောက် ဘူး။ ယုံကြည်စိတ်ချရတဲ့ လူမှုဝန်းကျင်ကောင်းနဲ့ ဝေးနေ သေးတာ သိကြတဲ့အတိုင်းပါလေ။ စိတ်ဓာတ်နဲ့ ကိုယ်တိုင် ကိုယ်ကျင့်သီလစောင့်ထိန်းမှုက ပိုအရေးပါတယ် ဆိုတာကို ပြတယ်။
လောလောဆယ်ဒီလထဲတင် တိုကျိုကလုံခြုံမှုမှာ အ္တရာယ်ကင်းတဲ့ က္ဘာ့နံပါတ်တစ် မြို့တော်အဖြစ် အရွေး ခံရတယ်။ မြို့တွင်းလူဦးရေ ၁ဝ သန်းကနေ မြို့ပြလွှမ်း ခြုံဧရိယာ တစ်ခုလုံးဆို ၃၆ သန်းလောက်ရှိတဲ့မြို့၊ ကိုယ်ကျင့် တရားကို တစ်ဦးချင်းစီ လုံခြုံအောင် စောင့်ထိန်းခြင်းနဲ့ဆိုင်ရာ ကျင့်ဝတ်နဲ့ ညီအောင်လုပ်ခြင်းသာလျှင် အဓိက။ မဟုတ်တာလုပ်ရင် ရှက်တတ်အောင်၊ မမှန်တာဖြစ်မှာ ကြောက်တတ်အောင် အရိုးစွဲ ပါလာတာ။ ကုမ္ပဏီကြီးတွေ၊ ကော်ပိုရေးရှင်းတွေက အရာရှိတွေ ဖြစ်ဖြစ်၊ အစိုးရဝန်ထမ်း အငယ်ဖြစ်ဖြစ်၊ ဈေးသည်ဖြစ်ဖြစ် ကိုယ်ရှိတဲ့ နေရာကနေ ကိုယ့်တာဝန်ကျေအောင် လုပ်တယ်။ ကိုယ့်ကျင့်ဝတ်ကိုယ်စောင့်ထိန်းတယ်။ သစ္စာစောင့်သိတယ်၊ ယဉ်ကျေးမူရာပြတယ်။ ကိုယ်နှုတ်မူရာ သိပ်ထိန်းတယ်။ တစ်ဦး နဲ့တစ်ဦးမျက်နှာလုပ်စရာမလိုဘဲ လေးလေးစားစားဆက်ဆံ နိုင်တယ်။ အခွန်အပြည့်အများကြီးထမ်းရသလို အစိုးရဘက် ကလည်း လူမှုရေး အကျိုးအမြတ်တွေ ပြန်ပေးဖို့ တာဝန်ကျေ တယ်။ ကိုယ့်နေရာကိုယ်စိတ်ဝင်စားတယ်၊ စိတ်အားထက်သန် စွာနဲ့ အကောင်းဆုံးအလုပ်လုပ်ပြီးနေတယ်။ ရောင့်ရဲမယ်၊ ဒီလို ညီညီညွတ်ညွတ်တစိုက်မတ်မတ်လုပ်ခဲ့ခြင်းကြောင့် တစ်ပြည် လုံးခြုံပြီး တိုးတက်မှုရတယ်။ ဒါတွေကြောင့်ပဲ အသီးအပွင့်ကို အဆက်ဆက်တည်တည်တံ့တံ့ ခံစားနေရတာပဲ ဖြစ်ပါလိမ့် မယ်။
မိုးမိုး (ဗိသုကာ)
Credit to: myanmaallin