ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံနှင့် လူမျိုးများ၏ ကိုယ်ကျင့် တရားနှင့် ဂုဏ်သိက္ခာ မြင့်မားစေရန်နှင့် ဒီမိုကရေစီလမ်းကြောင်း များကို လျှောက်လှမ်းရာတွင် ခံယူလုပ်ဆောင်ရမည့် ဒီမိုကရေစီ ကျင့်စဉ်နှင့် စိတ်ထားများ တိုးပွားရင့်သန်စေရေး အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အထိ မြန်မာ့ဒီမိုကရေစီပွဲတော်များကို မြန်မာနိုင်ငံတစ်ဝန်းလုံး တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီပွဲတော်များအဖြစ် ရုပ်ရှင်ပြပွဲ၊ အငြိမ့် ပြိုင်ပွဲနှင့် ပဒေသာကပွဲ(ရုပ်ရှင်၊ ဂီတ၊ သဘင်)များကို ကျင်းပ သွားမည်ဖြစ်ပြီး ရုပ်ရှင်ပြပွဲတွင် သရာစောထိ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ နေခြည်မှာရွှေရည်လောင်းနှင့် ကြီးမြတ်သော မြန်မာ ဇာတ်ကားများကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အထိ ရုပ်ရှင်ပွဲချိန်များအတိုင်း သတ်မှတ်ရုပ်ရှင်ရုံများတွင် လည်းကောင်း၊ ရုပ်ရှင်၊ ဂီတနှင့် သဘင်နယ်ပယ်များမှ နိုင်ငံကျော်အနုပညာရှင်များ ပါဝင်ဖျော်ဖြေမည့် ပဒေသာကပွဲ (ရုပ်ရှင်၊ ဂီတ၊ သဘင်)ကို စက်တင်ဘာ ၁၈ ရက် မှ ၁၉ ရက်အထိ ည ၇ နာရီတွင် အမျိုးသားဇာတ်ရုံ၌ လည်းကောင်း၊ အငြိမ့် ပြိုင်ပွဲတွင် ခေတ်သစ်ကြေးမုံ၊ လူငယ်စတား၊ ရွှေညာမြေရဲ့ ကြယ်ပွင့်များ၊ ဖူးသစ်ကြယ်စင်၊ ဇွဲ၊ မန်းစတား၊ စကားဝါမြေနှင့် မော်ဒယ်လ်ဟား အငြိမ့်အဖွဲ့များ၏ ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို စက်တင်ဘာ ၂ဝ ရက်မှ ၂၁ ရက်အထိ ညနေ ၆ နာရီတွင် အမျိုးသားဇာတ်ရုံ၌လည်းကောင်း အသီးသီးကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။