Microsoft ရဲ့ လုံခြုံရေးလေ့လာချက်များအရ ကမ္ဘာ့ Malware အများဆုံးတွေ့ရှိရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ Microsoft Asia Pacific ရဲ့ Southeast Asia New Markets General Manager Ms. Michelle Simmons က ကုန်သည်စက်မှုအသင်းချုပ်နဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးအားနည်းချက်တွေအပြင် အများသုံးစွဲနေကြတဲ့ Software တွေဟာ အစစ်အမှန် (Genuine) မဖြစ်တာဟာ ပြင်ပ ဗိုင်းရပ်တိုက်ခိုက်မှုကို ကာကွယ်နိုင်ချေမရှိခြင်းရဲ့ အဓိက အကြောင်းဖြစ်တယ်လို့ Ms. Michelle က ဆိုပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်နဲ့ အစည်းအဝေးမှာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်မှန်တဲ့ Operating System, စစ်မှန်တဲ့ Software တွေအသုံးပြုပြီး မိမိစီးပွားရေးလုပ်ငန်းကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့နဲ့ လုပ်ငန်းစွမ်းရည်မြှင့်နိုင်ဖို့ ဆွေးနွေးကြပါတယ်။

အဓိကအနေနဲ့ ကွန်ပျူတာ နည်းပညာကို အသုံးပြုပြီး မြန်မာ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာရေး ကူညီဖို့ဖြစ်ပါတယ်။ လုပ်ငန်းသုံး Software တွေကို မိတ်ဆက်အသုံးပြုစေမယ့်နည်းလမ်းမျိုးအပြင် လက်ရှိလူသိများတဲ့ Excel လို software မျိုးကို ပြည့်ပြည့်ဝဝ အသုံးချနိုင်လာအောင် အသိပညာပေး အစီအစဉ်တွေ၊ သင်တန်းပို့ချတာတွေကိုပါ ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းကြပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းနဲ့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းတို့ပါ ပါဝင်ဆွေးနွေးကြပြီး လုပ်ငန်းငယ်လေးတွေ (Startups) စတင်တည်ထောင်နိုင်အောင် ကူညီဖို့၊ နည်းပညာကျောင်းသား/သူတွေနဲ့ နီးနီးကပ်ကပ်ဆက်သွယ်ပြီး အားပေးပျိုးထောင်ဖို့ နဲ့ နိုင်ငံရဲ့ ဆိုက်ဘာ လုံခြုံရေး Security Risk လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အထိပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြပါတယ်။

မြန်မာ့ ICT ကဏ္ဍဖွံ့ဖြိုးဖို့အတွက် ၁၉၉၆ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေး ဥပဒေ နဲ့ ဆက်သွယ်ရေးဥပဒေ တို့ကို ပြင်ဆင်ရန်လိုအပ်ချက်များရှိတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်က ပြောပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်