မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိ သည့် စလေမြို့သည် ပုဂံမြို့မှ တောင်ဘက်သို့ ၃၄ မိုင်၊ ချောက်မြို့မှ တောင်ဘက်သို့ ငါးမိုင် ကွာဝေးပြီး ပုဂံမှ မော်တော်ကားဖြင့်သွားလျှင် မိနစ် ၉ဝ ကြာမြင့်သည်။ စလေ ဦးပုည၊ စလေ ဆီးသီးနှင့် စလေရုပ်စုံကျောင်းတို့သည် စလေ မြို့နှင့်စပ်လျဉ်း၍ ထင်ရှားသည့်အမှတ် လက္ခဏာများ ဖြစ်ကြပေသည်။
မြန်မာ့စွယ်စုံကျမ်းတွင် စလေသည် ပြည်တွင်းသင်္ဘောဆိပ်မြို့ဖြစ်ပြီး ပဒေသရာဇ် ခေတ်ထွန်းကားခဲ့စဉ်က မြို့ငယ်အဖြစ်တည် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ပုဂံခေတ် စလေ မင်းခွေးကို အကြောင်းပြု၍လည်းကောင်း၊ ကုန်း ဘောင်ခေတ်နှောင်းစာဆို ဦးပုည၏ ဇာတိ အဖြစ်လည်းကောင်း၊ အစေ့မရှိသော စလေ ဆီးသီးကြောင့်လည်းကောင်း စလေသည် ထင် ရှားသောမြို့တစ်မြို့ ဖြစ်လာခဲ့သည်။
ရုပ်စုံကျောင်း
မြန်မာနိုင်ငံအတွင်းရှိ များပြားလှသော ဘုန်းတော်ကြီးကျောင်းများအနက် ဗုဒ္ဓဖြစ် တော်စဉ်များ၊ ၅၅ဝ နိပါတ်တော်လာ ဇာတ် ခန်းများကို သရုပ်ဖော်ထုလုပ်ထားသည့် သစ်သားပန်းပုရုပ်များဖြင့် အလှဆင်ထားသော ကျောင်းများကို ရုပ်စုံကျောင်းများဟု ခေါ်ဆို သည်။ ရုပ်စုံကျောင်းများအနက် မန္တလေး တောင်ခြေရှိ မန္တလေးရုပ်စုံကျောင်း၊ စစ်ကိုင်း တောင်ရိုးရှိ စစ်ကိုင်းရုပ်စုံကျောင်း၊ မင်းဘူး-စလင်း ကားလမ်းအနီးရှိ စကုရုပ်စုံကျောင်း၊ စလင်းမြို့ ဝက်သည်းကန်အနီးမှ စလင်းရုပ်စုံ ကျောင်းနှင့် စလေမြို့ရှိ ပန်းပုရုပ်စုံကျောင်း တို့သည် အထင်ရှားဆုံးဖြစ်ကြသည်။
စလေမြို့တွင်တည်ရှိသည့် ကုန်းဘောင်ခေတ် လက်ရာ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်း အနက် ရုပ်စုံကျောင်းသည် ရတနာပုံခေတ် လက်ရာ အဆောက်အအုံတစ်ခုဖြစ်သည်။ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၏ ၂ဝ၁၃ ခုနှစ် ဇွန်လအထိ စာရင်းများအရ စလေမြို့တွင် ရှေးဟောင်းအဆောက်အအုံ ၁၉ ခု ထိန်းသိမ်းထားပြီး စလေရုပ်စုံကျောင်းကို ၁၉၉၂ ခုနှစ်မှစ၍ ပြန်လည်မွမ်းမံခဲ့ကာ ၁၉၉၅ ခုနှစ်တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။ စလေ မြို့တွင် ယခင်ကရှိခဲ့သည့် ဦးပုညကျောင်းသည် မီးလောင်ပျက်စီးခဲ့ပြီး စာကြည့်တိုက်အုတ် ကျောင်း(ဦးပုညပိဋကတ်တိုက်)မှာမူ ယခုတိုင် တည်ရှိနေကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသည်။
စလေရုပ်စုံကျောင်းကို မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စလေမြို့ မြောက်ရပ်မှ ကုန်သည်ဦးဘိုး ကြည်က သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏ သီတင်းသုံးရန် တည်ဆောက်ခဲ့ရာ ဆောက် လုပ်ချိန် ၁ဝနှစ်ကြာခဲ့ပြီး ၁၂၅၄ ခုနှစ် တွင် ပြီးစီး ခဲ့သည်။ ရုပ်စုံကျောင်း တည်ဆောက်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်ကို ‘အောင်ကျော် လှဝင်း ရုပ်စုံခင်း’ဟု မှတ်သားခဲ့ကြသည်။
အလှူရှင်ဦးဘိုးကြည်သည် ပန်းပုရုပ်စုံ ကျောင်း ဆောက်လုပ်၍ ဆရာတော်ဦးဂုဏအား လှူဒါန်း ခွင့်ပြုပါရန် သီပေါမင်းထံလျှောက်ထားခဲ့ရာ သီပေါဘုရင်က ကျောင်းတော်ကြီးဆောက်လုပ် ရန်လိုအပ်မည့် ကျွန်းသစ်များကို နိုင်ငံပိုင်သစ် တောမှ အခွန်အခမဲ့ခုတ်ယူခွင့်ပြုသည့် စာချွန် တော်ကိုထုတ်ပြန်ကာ အလှူတော်ပါဝင်ခဲ့ သည်။
ကုန်းဘောင်ခေတ်တွင် ရဟန်းတော်များ သီတင်းသုံးရန် ကျောင်းများဆောက်လုပ်လှူ ဒါန်းရာတွင် ကျောင်းထိုင်မည့်ပုဂ္ဂိုလ်၏ဂုဏ်ရည် ကို မူတည်လျက် ကျောင်း၏အရွယ်အစားနှင့် တည်ဆောက်မွမ်းမံပုံကို ကန့်သတ်ချက်များ ထားရှိခဲ့သည်။ ဂိုဏ်းထောက်ဆရာတော် ဦးဂုဏကို လှူဒါန်းမည့်ကျောင်းသည် လှေကား လေးစင်းတပ် အိမ်တော်ပုံကျောင်းဖြစ်သည်။
ရှေးခေတ်ကဘုရင်များသည် မိမိတို့ဘုရင် ဖြစ်လာချိန်တွင် မင်းသားဘဝကနေခဲ့သည့် အိမ် များကို သံဃာတော်များအား လှူဒါန်းလေ့ရှိခဲ့ သည်။ ဘုရင်မဖြစ်မီ အိမ်ရှေ့မင်းသားဘဝက နေထိုင်ခဲ့သည့် အိမ်များကို အိမ်တော်ဟု ခေါ်ဆို ပြီး အိမ်တော်ပုံကိုအတုယူ၍ ဆောက်လုပ်သော ကျောင်းများကို အိမ်တော်ပုံကျောင်းဟု ခေါ်ဆို သည်။
ဦးဘိုးကြည်သည် သီပေါမင်းထံမှ အခွင့်ရ လျှင် ကျွန်းသစ်များခုတ်ယူ၍ ထိုစဉ်က စလေမြို့ အပိုင် တညောင်ရွာမှ လက်သမားများဖြင့် ကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့သည်။ ကျောင်းတော်ကြီးကို ပျမ်းမျှ ခြောက်ပေ လုံး ပတ်ရှိသည့် ကျွန်းတိုင် ၁၅၄ လုံးဖြင့် တည် ဆောက်ခဲ့ပြီး ကျောင်း၏ အရွယ်အစားမှာ အလျား ၁၅၂ ပေ၊ အနံ ၇၆ ပေဖြစ်သည်။ ကျောင်းတော်ကြီးဆောက်လုပ်ရာတွင် အသုံး ပြုမည့် ရိုက်သံများကို တညောင်ရွာ ပန်းပဲဖိုတွင် ပြုလုပ်ခဲ့ပြီး အရှည် တစ်လက်မခွဲမှ ၁၃ လက်မ အထိ ရှိသည်။
စလေရုပ်စုံကျောင်း ဖွဲ့စည်းပုံ
စလေရုပ်စုံကျောင်းကို ကျောင်းဦးပြာသာဒ်၊ စနုဆောင်၊ ဆောင်ပု၊ ဆောင်လှ(ဇေတဝန် ဆောင်)၊ ဆောင်မ(ထွန်းဆောင်)၊ ခုံးဆောင်နှင့် အနောက်ဆောင် (ရေလယ်ဆောင်) ဟူ၍ အဆောင်ခုနစ်ဆောင် ဖွဲ့စည်းတည်ဆောက် ထားသည်။ အဆောင်များ၏ပတ်လည်၌ စင်္ကြံ ပတ်လမ်းနှင့် လသာဆောင်ကို ထုတ်ထားသည်။ စင်္ကြံပတ်လမ်းတွင် စိုက်ထူထားသည့်တိုင်များကို မိုးရေဝင်ရောက်၍ ဆွေးမြည့်ခြင်းမှ ကာကွယ် နိုင်ရန် သဲကျောက်တိုင်ဖုံးများအုပ်ထားပြီး မူလ တိုင်ဖုံးများသည် မင်းသား၊ ဇော်ဂျီစသည့် အရုပ်များကို လက်ရာမြောက်စွာ ထုဆစ်ထား သည့် သဲကျောက်များဖြစ်သည်။ နောက်ပိုင်း တွင် ပျောက်ဆုံးပျက်စီးသွားသည့် တိုင်ဖုံးများ နေရာတွင် ခေါင်းလောင်းပုံတိုင်ဖုံးများဖြင့် အစားထိုးခဲ့သည်။
စလေရုပ်စုံကျောင်းတွင် အုတ်လှေကား လေးစင်းရှိပြီး လှေကားတစ်စင်းစီတွင် နရားရုပ် နှစ်ရုပ်စီကို လက်ရန်းများအဖြစ် တပ်ဆင် ထားသည်။ မြောက်ဘက်မျက်နှာစာ နရားရုပ် နှစ်ရုပ်၏ ပါးစပ်သည် ဟနေသည့်ပုံဖြစ်ပြီး တောင်ဘက်မျက်နှာစာရှိ လှေကားနှစ်စင်းမှ နရားရုပ်နှစ်ရုပ်သည် ပါးစပ်ပိတ်နေကြသည်။ နရားများ၏ ပါးစပ်အဖွင့်အပိတ်သည် လှေ ကားအဆင်းနှင့်အတက် ခွဲခြားထားသည့် လက္ခဏာဖြစ်သည်။ ကျောင်း၏အနောက် တောင်ဘက်တွင် ယခင်က မီးတင်းကုတ်တစ်ခု ရှိခဲ့သည်ဟုဆိုသော်လည်း ယခုအခါ မတွေ့ရှိရ တော့ပါချေ။
ကျောင်း၏ မြောက်ဘက်မျက်နှာစာ၌ အရှေ့မှအနောက်အထိ လက်ရန်းတိုင်များနှင့် ခုံးဆောင်အဝင်တံခါးများတွင် ရတနာပုံခေတ် လက်ရာ ပန်းပုရုပ်များကို မြင်တွေ့ကြရသည်။ ၅၅ဝ နိပါတ်တော်နှင့် ဓမ္မပဒတို့မှ ဖြစ်စဉ်များကို ကောက်နုတ်ထုလုပ်ထားသည့် ပန်းပုရုပ်များ၏ မျက်နှာအမူအရာများသည် ထင်ရှားပေါ်လွင် နေကြပေသည်။
သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏ သည် ငါးပါးအာရုံ ကာမဂုဏ်၌ နစ်မှန်းမသိ နစ်မွန်းနေကြသူများအား ကာမဂုဏ်ကျူးလွန် မှုများကို ရှက်ကြောက်စေရန်နှင့် သံဝေဂရရှိ ကြစေရန် ပန်းပုရုပ်များကိုထုလုပ်စေခဲ့သည်ဟု ဆိုသည်။ ရုပ်စုံကျောင်းကြီးကို စလင်းဒေသ တညောင်ရွာမှ လက်သမားများက ဆောက်လုပ် ခဲ့ကြပြီး ပန်းပုရုပ်များကို ပခုက္ကူနှင့် ရေစကြိုနယ် မှ ပန်းပုဆရာများက ထုလုပ်ခဲ့ကြသည်။
ဦးဂုဏနှင့် ရုပ်စုံကျောင်း
ဦးဂုဏသည် မင်းတုန်းမင်းကြီးနှင့် စိန်တုံး မိဖုရားတို့ ကိုးကွယ်ခဲ့သည့် ဆရာတော် ဖြစ် သည်။ စလေနှင့် တလုပ်မြို့တို့ကို အပိုင်စားရခဲ့ သည့် စိန်တုံးမိဖုရားသည် အပျိုတော်ဘဝကပင် ဦးဂုဏကို ကြည်ညိုခဲ့သည်။ စိန်တုံးမင်းသမီး သည် မိဖုရားဖြစ်လာချိန်တွင် ဆရာတော်ဦးဂုဏ အား နေပြည်တော်တွင် ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခွင့်ပြုပါရန် လျှောက်ထားခဲ့ သည်။ ဆရာတော်က မူလသီတင်းသုံးရာ စလေ ဒက္ခိဏဝံကျောင်းတိုက်နှင့် ဆင်မကြပ်ကန် တောရကျောင်းတို့၌သာ တစ်လှည့်စီသီတင်း သုံးလိုကြောင်း မိန့်ကြားခဲ့သဖြင့် စိန်တုံးမိဖုရား သည် စလေမြို့ရှိ ဆင်မကြပ်ကန်တောရတွင် ဇေတဝန်ကျောင်းပုံသ္ဌာန် တောရကျောင်းကို ဆောက်လုပ်ခဲ့ရာ ဂိုဏ်းထောက်ကန်တောရဟု ထင်ရှားခဲ့သည်။ မင်းတုန်းမင်းကြီးက ယင်း တောရကျောင်း ထက်ဝန်းကျင် တာ ၁ဝဝဝ နယ်မြေအဝန်းအဝိုင်းကို ဘေးမဲ့ဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။
ဆရာတော်ဦးဂုဏသည် စလေမြို့ ဒက္ခိဏဝံ ကျောင်းတွင် ပရိယတ္တိစာပေများကို ခုနစ် ရက်ပို့ချပြီးတိုင်း ဂိုဏ်းထောက်တောရသို့ကြွကာ ခုနစ်ရက် တောရဆောက်တည်လေ့ရှိခဲ့သည်။ ထိုသို့သီတင်းသုံးနေစဉ် မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်တွင် ကတ္တူလှေပိုင်ရှင် ဦးဝိုက်နှင့် ဇနီး ဒေါ်အိမ်ြ<ွကယ်တို့က အဆောင်ကိုးဆောင်ပါ ရှိသည့် ကိုးဆောင်ကျောင်းကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ကျောင်းဆောက်လုပ်သည့် မြန်မာသက္ကရာဇ်ကို “အောင်ကျော်စံအောင် ရွေကိုးဆောင်”ဟု မှတ်သားခဲ့သည်။
ရပ်ရွာအေးချမ်းသာယာရေးနှင့် ဗုဒ္ဓသာ သနာတော် ထွန်းလင်းတောက်ပရေး တာဝန် များကို ထမ်းဆောင်ရသည့် ဂိုဏ်းထောက် ဆရာတော်သည် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသူ မည်သူ့ကိုမဆိုခေါ်ယူ၍ ဗုဒ္ဓတရား တော်နှင့်အညီ ဆုံးမရသကဲ့သို့ သာသနာကိုညှိုး နွမ်းစေသည့် ဒုဿီလရဟန်းများကိုလည်း အပြစ်အလျောက် စီရင်ရသည်။
ထိုသို့ ရပ်ရွာနှင့်သာသနာတာဝန်များကို ထမ်း ဆောင်နေရသည့် ဆရာတော်ဦးဂုဏ သီတင်း သုံးရန် ဦးဘိုးကြည်နှင့် ဇနီးက ပန်းပုရုပ်စုံ ကျောင်းကို တည်ဆောက်ခဲ့သည်။ သီပေါမင်းပါ တော်မူချိန်(မြန်မာသက္ကရာဇ်၁၂၄၇ခုနှစ်)နှင့် တိုက်ဆိုင်နေသဖြင့် အချိန်ကာလ ၁ဝနှစ် ကြာ မြင့်ခဲ့ကာ မြန်မာသက္ကရာဇ်၁၂၅၄ခုနှစ် ဝါဆို လဆန်း ၅ ရက်တွင် အလှူရှင်ဇနီးမောင်နှံက ဆရာတော်ဦးဂုဏထံရေစက်ချလှူဒါန်းနိုင်ခဲ့သည်။
ဆရာတော်သည် ကိုးဆောင်ကျောင်းကို တပည့် ဦးပုညထံ လွှဲအပ်ပေးခဲ့ပြီး ရုပ်စုံကျောင်း တွင် သီတင်းသုံးနေစဉ် အင်္ဂလိပ်အစိုးရတရားရုံး ၌ အမှုအခင်းတစ်ခုတွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခြင်းခံခဲ့ရသည်။ တရားရုံးက ဦးဂုဏ အား ငယ်နာမည် မောင်ထောင်ဟု ခေါ်ဝေါ်သုံးစွဲ ခြင်းခံခဲ့ရသဖြင့် ဆရာတော်သည် အမှုပြီးဆုံးချိန် တွင် ရုပ်စုံကျောင်းမှ ပျောက်ကွယ်သွားခဲ့သည်။
သုဓမ္မာဂိုဏ်းထောက် ဆရာတော်ဦးဂုဏ သည် ခန့်မှန်း မြန်မာသက္ကရာဇ် ၁၂၅၈ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ရာ ရုပ်စုံကျောင်းမှပျောက်သွားပြီးသည့်နောက်၌ ဟင်္သာတနယ် လမုကြီးရွာ တွင် သီတင်းသုံးနေထိုင်ခဲ့ကြောင်း ဦးဘိုးကြည် နှင့် စလေနယ်သူနယ်သားများက ပျံလွန်ပြီးမှ သိရှိခဲ့ကြသည်။ ဆရာတော်ဦးဂုဏ၏ တပည့် ရဟန်းများနှင့် ဦးဘိုးကြည်တို့သည် လမုကြီး ရွာသို့လိုက်သွားကြကာ ဆရာတော်၏ အရိုး တော်များကို စလေမြို့သို့ ပင့်ဆောင်ခဲ့ပြီး စလေမြို့လယ်၌ မဟာအဘယစေတီတော်ကို တည်၍ အရိုးတော်များကို ဌာပနာခဲ့ကြသည်။
ရုပ်စုံကျောင်း ပန်းပုလက်ရာများ
စလေရုပ်စုံကျောင်း၏ မြောက်ဘက်မျက်နှာ စာ၊ အရှေ့လှေကားအထက်ရှိ ဝင်ပေါက်တံခါး ရွက်ပေါ်တွင် ၅၅ဝ ဇာတ်တော် အသီတိနိပါတ် လာ မဟာကုလာဏ(ဇာတ်တော်အမှတ် ၅၃၆) သရုပ်ဖော်ပန်းပုရုပ်များကို အနုစိတ် ပုံဖော်ထု လုပ်ထားသည်။ ဗာရာဏသီပြည့်ရှင် ကဏ္ဍရီ မင်းကြီး၏မိဖုရား ကိန္နရဒေဝီသည် နန်းပြာ သာဒ်ပြတင်းအနီးရှိ သပြေပင်အကိုင်းမှတစ်ဆင့် သပြေပင်အောက်တွင်နေထိုင်သူ အနာကြီး ရောဂါသည် ငဆွံ့ထံသွားရောက်ကာ ညစဉ် အကျွမ်းတဝင်ရှိခဲ့သည်။ ဘုရင်ကြီးက ကိုယ်တိုင် လိုက်လံစုံစမ်းချိန်တွင် မိဖုရား၏နားတောင်း တစ်ဖက်ကို ရရှိခဲ့သည်။
ယင်းဇာတ်တော်ကို မင်းကြီး၊ မိဖုရားနှင့် ငဆွံ့ တို့၏ ရုပ်တုများဖြင့် ပုံဖော်ထားရာ သန်လျက်ကို ထမ်းလျက် ခြေရာကောက်ခဲ့သည့်မင်းကြီးက မိဖုရားကြီး၏နားတောင်းကို ကိုင်ထားဟန်၊ မိဖုရားကြီးနှင့် ငဆွံ့တို့ ပွေ့ဖက်ပိုက်ထွေးနေကြ ဟန်တို့ကို သပြေပင်ကြီးကိုနောက်ခံပြုလျက် ထုလုပ်ထားသည်။
စလေရုပ်စုံကျောင်းတွင် ထုလုပ်ထားသည့် ကာမဂုဏ်အာရုံများအပေါ်၌ လျှပ်ပေါ်လော် လည် ခြင်းကို ရှက်ကြောက်ကြစေရန် ရည်ရွယ် သည့်ရုပ်ထုများတွင် ပ္ဏာသနိပါတ်တော်မှ ဥမ္မာဒ္တီဇာတ်၊ မဟာနိပါတ်တော်မှ ဝိဓူရဇာတ်၊ ဓမ္မပဒ၊ ဗြဟ္မဏဝဂ်မှ သုနန္ဒရသမုဒ္ဒဇာတ်၊ တဏှာ ဝဂ်မှ ဥပက တက္ကဒွန်းနှင့် မဆာဝါဇာတ်၊ သဟဿဝဂ်မှ ပဋာစာရီဇာတ်၊ အရဟ္တဝဂ်မှ ရေဝတဇာတ် စသည်ဖြင့် နိပါတ်တော်လာ ၅၅ဝ ဇာတ်တော်များနှင့် ဓမ္မပဒကျမ်းမှ ဇာတ်ဝတ္ထု များကို သရုပ်ဖော်ထားသည်။
စလေရုပ်စုံကျောင်းတွင် ထုလုပ်ထားသည့် ရုပ်ထုများအနက် ဇာတ်တော်လာရုပ်ထုများ သည် ၃၆ ရုပ်ရှိကြောင်း စလေပန်းပုရုပ်စုံကျောင်း သမိုင်းစာတမ်းများ စာအုပ်တွင် ဇာတ်တော် အမည်များနှင့်တကွ ဖော်ပြထားသည်။ ယင်းတို့ အနက် မူလဇာတ်ဝတ္ထု မဖော်ထုတ်နိုင်သေး သည့် ရုပ်တုတော်များလည်း ပါရှိသည်။
စလေရုပ်စုံကျောင်းတွင် ထုလုပ်ထားသည့် သစ်သားပန်းပုရုပ်များသည် ရတနာပုံခေတ် ၁၉ ရာစု လက်ရာများဖြစ်ပြီး အနုပညာလက်ရာ အထူး ကောင်းမွန်သဖြင့် စလေရုပ်စုံကျောင်း သည် အခြားရုပ်စုံကျောင်းများထက် ပိုမို ထင်ရှားခဲ့သည်။ စလေရုပ်စုံကျောင်းအတွင်း ဗုဒ္ဓ ရုပ်ပွားတော် မျိုးစုံ၊ သစ်စေးသုတ်ဗီရိုမျိုးစုံ၊ စလေ ဦးပုည၏ လက်ရေးမူ ပေပုရပိုက်များ စသည့် ရှေးဟောင်းအထောက်အထား ပစ္စည်း များကို ထိန်းသိမ်းထားရှိသည်။
စလေ ပခန်းငယ်
စလေဒေသရှိ ဒုတိယပုဂံဟုဆိုသည့် ပခန်း ငယ်သည် ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာ ပုံခေတ်မှ ကိုလိုနီခေတ်အထိ စည်ကားဖွံ့ဖြိုးခဲ့ ကာ မြို့စား၊ နယ်စားများအုပ်ချုပ်ခဲ့သည့် မြို့ငယ် တစ်ခုဖြစ်ခဲ့သည်။ ပခန်းငယ်သည် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း စလေနှင့် ကျောက်ရဲအကြား တွင် တည်ရှိသည်။ စလေပခန်းငယ်သည် ဆိပ် ကမ်းမြို့တစ်မြို့ဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသ ထွက်ကုန်များကို ဧရာဝတီမြစ်ရိုးတစ်လျှောက် ရောင်းဝယ်ဖောက်ကားခဲ့သည့် နေရာလည်း ဖြစ်ခဲ့သည်။
ပခန်းငယ်တွင် ကုန်းဘောင်ခေတ်နှင့် ရတနာ ပုံခေတ်လက်ရာ စေတီပုထိုးများသည် ယနေ့တိုင် ကျန်ရှိနေရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ စာရင်းများအရ စေတီ၊ ဘုရား၊ သိမ်၊ ပိဋကတ်တိုက်၊ ဥမင်နှင့် ခြေတော်ရာများအပါအဝင် ရှေးဟောင်း အဆောက်အအုံ ၈၁ ခုရှိသည်။ မြေစိုက်စေတီ ၂၄ ဆူ၊ လိုဏ်ပါစေတီ ၁၁ ဆူ၊ ဘုရား ၃၈ ဆူ၊ သိမ်နှစ်လုံး၊ ပိဋကတ်တိုက် သုံးခု၊ ခြေတော်ရာ နှစ်ဆူနှင့် ဥမင်တစ်ခုရှိပြီး အများစုသည် သမိုင်း အထောက်အထားများ မရှိကြပါချေ။
ကွမ်းတောင်ဘုရားဟု ခေါ်တွင်သည့် အဆောက် အအုံအမှတ်(၁၉)၏ ဂန္ဓကုဋိတိုက်လိုဏ်အတွင်း၌ သက္ကရာဇ် ၁ဝ၆၆ ခုနှစ် (ခရစ်နှစ် ၁၄၃၄ ခုနှစ် ဝန်းကျင်)၊ ဘုရားဒကာ ငစုံမ်၊ ဘုရားဒကာမ မယ်စံယာ အမည်ပါ မင်စာနှင့် ဝေသ္တရာ ဇာတ် တော်ပါ နံရံဆေးပန်းချီရှိသည်။ ထို့အတူ အဆောက်အအုံ အမှတ်(၃၁)၊ အောင်စေတီရှိ ခေါင်းလောင်းစာတွင် စေတီတော်ဒါယကာ ရွှေတောင်သီရိနော်ရထာဘွဲ့ရ မြေနန်းဝန်ကြီး ဦးကျောက်လုံးအမည်ကို တွေ့ရှိရသည်။
မင်စာပါ အထောက်အထားများအရ ရွှေ တောင်ဦးဘုရား၊ အဆောက်အအုံ အမှတ်(၃၆)ကို သာသနာတော်သက္ကရာဇ် ၂၃၁၅ ခုနှစ် (ကောဇာသက္ကရာဇ် ၁၁၃၃ ခုနှစ်)ကဆုန်လဆန်း ၁ဝ ရက် အင်္ဂါနေ့တွင် ပုဂံငယ်သူကြီး သီရိဇေတ ဗိုလ်နှင့် မိသားစုက အုတ် ၄ဝဝဝဝ ကျော်ဖြင့် လည်းကောင်း၊ ထိန်ကန်သိမ်ဘုရား အဆောက် အအုံ အမှတ်(၃၈)ကို ဦးရွှေသီးနှင့် မယ်ယာဒေါ ဇနီးမောင်နှံက မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ် ကဆုန်လဆုတ် ၁၂ ရက် အင်္ဂါနေ့တွင် အုတ် ၆ဝဝဝဝ ဖြင့်လည်းကောင်း၊ ရှင်ပင်ပြာသာဒ် လှဘုရား၊ အဆောက်အအုံအမှတ်(၅၇)ကို မင်း လှဇေတဗိုလ်က ၁၂၁၂ ခုနှစ် ဝါခေါင်လပြည့် ကျော် ၈ ရက်တွင်လည်းကောင်း တည်ထားခဲ့ ကြောင်း သိရှိကြရပေသည်။
စလေပခန်းငယ်ရှိ အချို့အဆောက်အအုံများ သည် နှုတ်ပြောရာဇဝင်များဖြင့် ရောထွေးနေကာ ပုဂံကိုလွမ်းဆွတ်သဖြင့် အရည်းကြီးများ တည်ခဲ့ သည်ဆိုသော ပုဂံမျှော်ဘုရား၊ လောကီပညာရပ် ဆိုင်ရာ အင်းအိုင်လက်ဖွဲ့များကစားရာအရပ်၌ အဆီးအတားအဖြစ် တည်ခဲ့သည်ဆိုသော ရှင်ပင်ကာဆီးဂူဘုရားတို့ တည်ရှိသည်။
စလေပခန်းငယ်ကားလမ်းမှ ပခန်းငယ်သို့ ဝင်လာလျှင် လမ်း၏လက်ဝဲဘက်တွင် အရှေ့ တောင်မှ အနောက်မြောက်ယွန်းယွန်းသို့တန်း နေသည့် စေတီသုံးဆူရှိရာ မြောက်ဘက်ဆုံးတွင် နာမ်တော်ပေါ်စေတီ၊ အလယ်တွင် ပုဂံမျှော် ဘုရားနှင့် တောင်ဘက်တွင် ရှင်ပင်ကာဆီးဘုရား တို့ တည်ရှိနေရာ နာမ်တော်ပေါ်စေတီကို မင်း တုန်းမင်းလက်ထက်တွင် ကုခန်းငယ်မြို့သူကြီး ဦးသိုက်တူက ရှင်ပင်ကာဆီးနှင့် ပုဂံမျှော်ဘုရား တို့နှင့်တန်းလျက် အနောက်မြောက်ယွန်းယွန်း တွင် တည်ထားခဲ့သည်။
ပုဂံသို့ရောက်ရှိလာကြသည့် ပြည်တွင်းပြည်ပ ခရီးသည်များသည် စလေနှင့် ပခန်းငယ်ဒေသ များသို့ သွားရောက်လည်ပတ်လေ့ရှိကြရာ စလေ ရုပ်စုံကျောင်းကို အများဆုံး ကြည့်ရှုလေ့ ရှိကြ သည်။ ဗုဒ္ဓဘုရားရှင်နှင့်ဆက်နွှယ်သည့် ဖြစ်တော် စဉ်များကို လက်ရာမြောက်စွာဆစ်ထုထားသည့် ရုပ်တုများနှင့် ၁၉ ရာစုလက်ရာ စလေရုပ်စုံ ကျောင်းသည် ရတနာပုံခေတ် ယဉ်ကျေးမှု အမွေအနှစ်များကို ပြသလျက်ရှိနေသကဲ့သို့ ပခန်းငယ်သည်လည်း မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ် ရှေးဟောင်းအဆောက်အအုံများ တည်ရှိ နေသည့်နေရာ ဖြစ်ပေသည်။
သမိုင်းဝင်စလေဒေသသို့ သာမန်ခရီးသွား များအပြင် ခိုင်မာသည့် သမိုင်းအထောက်အထား များကို ရှာဖွေဖော်ထုတ်နိုင်ရန် သုတေသီများ လည်း သွားရောက်လေ့ရှိကြရာ စလေရုပ်စုံ ကျောင်းအပါအဝင် စလေနှင့် ပခန်းငယ်ရှိ ရှေးဟောင်း သမိုင်းအမွေအနှစ် အဆောက်အအုံ များ ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်သာဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား
(၁) ပခန်းငယ် ရှေးဟောင်းအဆောက်အအုံများ
မှတ်တမ်း(ယဉ်ကျေးမှုဝန်ကြီးဌာန)
(၂) စလေပန်းပုရုပ်စုံကျောင်း သမိုင်းစာတမ်းများ
(မောင်မောင်လတ်)