ရန်ကုန် သြဂုတ် ၂၁
ဟံသာဝတီ ဦးဝင်းတင်အား ဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် ဟံသာဝတီဦးဝင်းတင် စနေစာပေဝိုင်း (ဆဋ္ဌမအကြိမ်)ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်ရှိ ငြိမ်းချမ်းရေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟံသာဝတီ ဦးဝင်းတင် စနေစာပေဝိုင်း၏ သဘာပတိ ဖြစ်သူ မုံရွာဦးအောင်ရှင်က ခေတ် အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြောင်း၊(၂၁)ရာစုပင်လုံဆွေးနွေးပွဲ နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကြုံတွေ့ရလေ့ရှိသော အခက်အခဲ များ စသည့်တို့ကို စာတမ်းမိတ်ဆက် အနေဖြင့် ပြောကြားသည်။
ထို့နောက် ဆရာအေးမောင်ကျော် က ”ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွေ့ အကြုံနှင့် (၂၁) ရာစု ပင်လုံ” စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာကြသူများ က စာတမ်းအပေါ် ဆွေးနွေးမေးမြန်း ကြရာ စာတမ်းရှင်က ပြန်လည်ဆွေးနွေး ဖြေကြားသည်။
” ဆရာဦးဝင်းတင်က ဒီလို စနေ စာပေဝိုင်းကို တစ်ပါတီစနစ်အောက်မှာ ကတည်းက ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ဘောင်ကို ချဲ့ပြီးလုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ လုပ်နေတဲ့ အချိန်ကာလနဲ့တော့ မတူ ပါဘူး။ ဆရာဦးဝင်းတင် လက်ထက်က ဖတ်ခဲ့တဲ့ စာတမ်းတွေက အထူးသဖြင့် နိုင်ငံရေးကို ဦးစားပေးတဲ့ စာတမ်းတွေ များပါတယ်။ အခုလုပ်တဲ့ စာပေဝိုင်း မှာတော့ စာပေအမျိုးအစားစုံလင်စွာ ပါပါတယ်။ ဒီလို စာပေဝိုင်းကို လူငယ် တွေ များများတက်စေချင်တယ်။ လူငယ် တွေအနေနဲ့ ဒီလို စကားဝိုင်းတွေ၊ စာပေတွေနဲ့ အဆက်ပြတ်နေတဲ့အတွက် သူတို့ကို များများလာစေချင်ပါတယ်” ဟု မုံရွာဦးအောင်ရှင်က ပြောသည်။
ဟံသာဝတီ ဦးဝင်းတင် စနေစာပေ ဝိုင်းကို ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေး ရှင်းနှင့် ဆရာဦးဝင်းတင်ကိုချစ်မြတ်နိုး သူများက စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့နှင့် မ္တလေးမြို့တို့တွင် လစဉ် အလှည့်ကျ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် နိုင်ငံတစ်ဝန်းရှိ စာပေနယ်ပယ်နှင့် နိုင်ငံရေးအသိုင်း အဝိုင်းမှ ဆရာဦးဝင်းတင်ကို ချစ်မြတ်နိုး သူများက စာတမ်းများပြုစု၍ ဖတ်ကြား ကြကြောင်း သိရသည်။
” ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာအုပ် တွေကို မကြာခဏ ပြန်ဖတ်ဖြစ်ပါ တယ်။ အခုလို စာပေဝိုင်းကိုလာရောက် တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ။ ဒီစာပေဝိုင်းကနေ ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့မှု သမိုင်းကြောင်းတွေကို သိခွင့်ရတဲ့အတွက် အများကြီး အကျိုး ရှိပါတယ်” ဟု အဆိုပါ စာပေဝိုင်းသို့ တက်ရောက်သူ ကမာရွတ်မြို့နယ်မှ စာပေဝါသနာရှင် ကိုမင်းသူက ဆိုသည်။
ဇော်ကြီး(ပဏီတ)