ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်က ကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်)က စီစဉ်ကျင်းပသော နိုင်ငံပေါင်း ရှစ်နိုင်ငံမှ ကိုယ်ခံပညာပေါင်းစုံ ချန်ပီယံများလာရောက်ယှဉ်ပြိုင်ထိုးသတ် မည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲကြီးကို သြဂုတ် ၂ဝ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ(၁)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲကြီးကို မြန်မာ့ရိုးရာ လက်ဝှေ့လောကအနေဖြင့် ယခု အကြိမ်သည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၁ ရက်က အဆို ပါ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ(၁)၌ပင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ဒေ့(ဗ်)လက်ဒပ် (ကနေဒါ)မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်ပြီး ယင်းပွဲတွင် မြန်မာနိုင်ငံ ပထမတန်း လက်ဝှေ့ကျော် တူးတူး(နဂါးမာန်)နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ၌ ငါးချီပြည့် အစီးသရေထိုးနိုင်ခဲ့၍ ဒေ့(ဗ်)ဟူသော နာမည်တစ်လုံး မြန်မာ့ရိုးရာလက်ဝှေ့ လောကတစ်ခွင် ကျန်ရစ်ခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက် ပြီဖြစ်သည်။
ယင်းနောက် ဒေ့(ဗ်)သည် ရိုးရာလက်ဝှေ့ကို အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့် နှစ်ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တစ်ပွဲသရေကျခဲ့ပြီး တစ်ပွဲ မှာ အလဲထိုးဖြင့်အနိုင်ရခဲ့သည်။ ယင်းနောက် ရိုးရာလက်ဝှေ့ကို ဂျပန်နိုင်ငံ ၌ ဖိုးကေအပါအဝင် ပြည်ပနိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် နိုင်ပွဲများဆက်ခဲ့သည်။
ယခုဒုတိယအကြိမ် ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလု ပွဲကြီးတွင် ဒေ့(ဗ်)လက်ဒပ်(ကနေဒါ)သည် အိမ်ရှင်မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ရိုးရာလက်ဝှေ့ အတွေ့အကြုံရှိသော ဆိုင်းရပ်(စ်) (အမေရိကန်)နှင့် ယှဉ်ပြိုင် ထိုးသတ် မည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲနှင့်ပတ်သက်၍ မြန်မာ့ရိုးရာ လက်ဝှေ့ဝါသနာရှင် ပြည်သူတစ်ဦး ဖြစ်သော ကိုမြင့်မောင်က ” တကယ်ဆို ဒီပွဲကို ကျွန်တော့်အနေနဲ့ အမှန်အတိုင်း ပြောရရင် သဘောမတွေ့ဘူး။ မြန်မာ့ ရိုးရာလက်ဝှေ့သမားတွေ ရှိလျက်သားနဲ့ ဘာကြောင့် ဆိုင်းရပ် (စ်)နဲ့ ယှဉ်ပြိုင် ထိုးသတ်ရတာလဲ၊ ဆိုင်းရပ်(စ်)ပဲနိုင်နိုင်၊ ဒေ့(ဗ်)ပဲနိုင်နိုင် ရိုးရာလက်ဝှေ့ ကမ္ဘာ့ ချန်ပီယံက ပြည်ပနိုင်ငံသားပဲ ဖြစ်ဦးမယ်။ တကယ်ဆို ထွန်းထွန်းမင်း ဒဏ်ရာရလို့ မသက်သာသေးရင်တောင် တူးတူးတို့၊ စောငမန်းတို့ ရှိနေသေးတာပဲ။ သူတို့နဲ့ တည်ပေးရမှာ။ ကျွန်တော်ကြားတာက တော့ စာချုပ်ရှိနေလို့ပြောတာပဲ။ စာချုပ် တွေ ဘာတွေက ဒီလို နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မယ့်ပွဲတွေမှာ အဖွဲ့ချုပ်ကြားဝင် ဖြေရှင်းပေးရမှာ။ တကယ်ဆို ဒီပြဿနာ တွေက မဖြစ်သင့်ဘူး။ ခုလို ပွဲစီစဉ်သူ တွေ တစ်ဦးနဲ့တစ်ဦး မစည်းရုံးဘဲ ပြိုင်နေကြရင် မြန်မာ့ရိုးရာလက်ဝှေ့က အတက်ဘက်မရောက်ဘဲ အကျဘက် ကိုပဲ ဦးတည်နေမှာ။ ခုလည်း နည်းစနစ် ပိုင်းဆိုင်ရာကအစ အကျဘက်ရောက် နေပါပြီ”ဟု သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အဆိုပါ ဒုတိယအကြိမ်မြောက် မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ နယူး ဇီလန်၊ ဘရာဇီး၊ ပြင်သစ်၊ အီရန်၊ အမေရိကန်၊ ကော်စတာရီကာနှင့် အိမ်ရှင် မြန်မာနိုင်ငံတို့မှ လက်ဝှေ့ ကျော်များ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။ စုစုပေါင်း ငါးချီ တွဲဆိုင်း ရှစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ပြီး ဒေါင်းဖြူလေး (ဗိလနညအကမန)နှင့် စိုးဝင်းသန်း (ရန်စစ်ငြိမ်း)၊ ရဲသွေးနီ (မြန်မာ)နှင့် ဂွန်ထယ်(ထိုင်း)၊ထွန်းလွင်မိုး (မြန်မာ)နှင့် အယ်လက်ဇီဆာရီပီစို့(စ်)(နယူးဇီလန်)၊ သားအသည်းတစ်ပွင့် (မြန်မာ)နှင့် ဗစ်တာဟူဂိုနူး(စ်)(ဘရာဇီး)၊ ဖျံသွေး (မြန်မာ)နှင့် ဆီဘတ်(စ်) တီယန်ဘီးလာ့ (ဒ်)(ပြင်သစ်)၊ စောဂေါ်မူဒို(မြန်မာ)နှင့် နျူကလီးယားဟာဒီ(အီရန်)၊ ဒေ့(ဗ်)လက်ဒပ်(ကနေဒါ)နှင့် ဆိုင်းရပ်(စ်) အမေရိကန်တို့ ပါဝင်ကြမည်ဖြစ်ပြီး အမျိုးသမီးအထူးစိန်ခေါ်ပွဲအဖြစ် ဘရော နီကာ (မြန်မာ)နှင့် မော်နီကာဘာနီး(စ်) မီနာ(ကော်စတာရီကာ) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်