လူအများစုအနေနဲ့ ခေါင်းလျှော်ရတာကို နှစ်သက်ကြပါတယ်။

ခေါင်းလျှော်လိုက်ခြင်းဖြင့် ခေါင်းတခုလုံးပေါ့ပါးသွားပြီး နေရထိုင်ရပေါ့ပါးသွားသလို ခံစားရပါတယ်။

ဒါ့အပြင် စိတ်ထဲမှာရှိတဲ့ တင်းကြပ်မှုတွေလည်း လျော့ပါးသွားသလို ခံစားရပါတယ်။

ဒါပေမယ့်မကြာခဏ သို့မဟုတ် နေ့စဉ်ခေါင်းလျှော်တာက ကျွန်တော်တို့ရဲ့ ဦးရေပြားမှာရှိတဲ့ အဆီတွေကို ကုန်ခန်းစေပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တိုရဲ့ ဦးရေပြားကနေ သဘာဝအဆီတွေကို ထုတ်ပေးပါတယ်။

အဲ့အဆီတွေဟာ ဆံသားတွေကို အစိုဓါတ်ဖြည့်ပေးရုံသာမက ဆံပင်နဲ့ဦးရေပြားအတွက်လည်း အကာအကွယ် ဖြစ်စေပါတယ်။

မကြာခဏ သို့မဟုတ် နေ့စဉ်ခေါင်းလျှော်ပါက ခေါင်းလျှော်ရည်တွေဟာ ဒီအဆီတွေကို ဖယ်ရှားပစ်လိုက်ပစ်လိုက်တာကြောင့် ကြာရင်အဆီဓါတ်တွေကုန်ခန်းလာပြီး ဆံသားခြောက်သွေ့ ကျိုးကြေတာတွေဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဗောက်ထတာ၊ ဦးရေပြားမှိုစွဲတာ၊ ဆံပင်ကျွတ်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒီတော့ မေးစရာရှိတာတခုက ခေါင်းကို ဘယ်နှစ်ရက်တခါလျှော်ရမလဲ။လျှော်သင့်သလဲ ဆိုတဲ့မေးခွန်းပါ။

ဒီမေးခွန်းရဲ့အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အလှအပရေးရာ ပညာရှင်တွေရဲ့အဆိုအရ လူတယောက်ဟာ ဘယ်နှစ်ရက်တခါခေါင်းလျှော်ရမယ်ဆိုတဲ့အတိအကျ သတ်မှတ်ထားတာမရှိပါဘူး။

မိမိရဲ့ ဆံသားအမျိုးအစားပေါ် မူတည်ပါတယ်။

ဆံသားတအားခြောက်သွေ့တဲ့သူများဆိုရင်

နေ့စဉ် သို့မဟုတ် မကြာခဏ (တရက်ခြားတခါ) ခေါင်းမလျှော်သင့်ပါ။

တပတ်တခါ သို့မဟုတ် နှစ်ပတ်တခါလောက်လျှောက်ရင်ကို လုံလောက်ပါပြီ။

ဒါမှသာ ဆံသားတအားခြောက်သွေ့သူများအနေနဲ့ ဦးရေပြားသဘာဝအဆီဓါတ်ကို ထိန်းထားနိုင်ပြီး ဆံသားစိုပြေလာမှာပါ။

ဆံသားခြောက်သွေ့တာဟာ ဆံပင်အုံထူတဲ့အခါ၊ ဆံပင်ကောက်တဲ့အခါ၊ အသက်ကြီးတဲ့အခါ၊ဆံပင်ခဏခဏဆေးဆိုးတဲ့အခါ တွေမှာဖြစ်နိုင်ခြေရှိပါတယ်

ခေါင်းအဆီထွက် တအားများတဲ့ သူများဆိုရင်တော့

နေ့စဉ် သို့မဟုတ် တရက်ခြား တခါ ခေါင်းလျှော်သင့်ပါတယ်။

ဘာလို့လဲဆိုတော့ ခေါင်းအဆီထွက်တအားများတဲ့အခါ ခေါင်းမလျှော်ဘဲ နှစ်ရက်လောက်နေလိုက်တာနဲ့ကို ဖြစ်လာတဲ့အဆီတွေကြောင့် နေရထိုင်ရမလန်းဆန်းတာ၊ ငြီးစိစိဖြစ်တာ၊ ဦးခေါင်းယားတာ၊ ဦးခေါင်း အနံ့ဆိုးထွက်တာတွေကို ဖြစ်စေနိုင်လို့ပါ။

စိုထိုင်းတဲ့ရာသီဥတုရှိတဲ့နေရာမှာနေတာ၊ မျိုးရိုးရှိတာ၊ ဟေ်ာမုန်းအပြောင်းအလဲဖြစ်တာ (ဥပမာ – အပျိုဖော်၊လူပျိုဖော်ဝင်တာ၊ ကိုယ်ဝန်ရှိတာ၊ သွေးဆုံးတာ စသဖြင့်) တွေဟာ ဦးရေပြားအဆီထွက်များခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် တချို့သောရောဂါတွေကလည်း ဦးရေပြားအဆီထွက်များခြင်းကို ဖြစ်စေတတ်ပါတယ်။

တကယ်လို့ ကိုယ့်အခြေအနေက ဆံသားလည်းတအားမခြောက်သွေ့၊ ဦးရေပြားအဆီလည်း တအားမထွက်တဲ့ အလယ်အလတ်ကြား အခြေအနေမှာရှိတယ်ဆိုရင်တော့ ကိုယ့်ဆန္ဒရှိတဲ့အပေါ်မှာ မူတည်ပြီး ၂ ရက်ခြားတခါ သို့မဟုတ် ၃ ရက်ခြားတခါ ခေါင်းလျှော်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Dr သီတာနွယ်(အမရပူရ)