အလှကုန်ပစ္စည်းတွေကို သုံးပြီးဖန်တီးယူထားတဲ့အလှအပဟာ သဘာဝအလှမဟုတ်သလို ရေရှည်လည်းမခံပါဘူး။ နာရီပိုင်းလောက်ပဲ ခံပါတယ်။

သုတေသနပညာရှင်များရဲ့ လေ့လာချက်တွေအရ ပင်ကိုအလှအပဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဖြစ်စဉ်ပေါ်မှာ များစွာမူတည်နေကြောင်း သိရပါတယ်။

အသားအရေစိုပြေဝင်းပပြီး တင့်တယ်လှပနေဖို့ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေပေါ်မှာ များစွာမူတည်ပါတယ်။

အစားအသောက်လို့ဆိုရာမှာ စားလိုက်တဲ့အစားစာတွေလည်းပါသလို သောက်လိုက်တဲ့အရည်တွေလည်းပါပါတယ်။

စားလိုက်တဲ့ အစားစာအမျိုးအစားတွေ သောက်လိုက်တဲ့ အရည်အမျိုးအစားတွေပေါ် မူတည်ပြီး အသားအရည်စိုပြေဝင်းပလာနိုင်သလို အသားအရည်မွဲခြောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အစားနဲ့အသောက်ထဲကမှ ခုတခေါက်မှာတော့ အသားအရည်စိုပြေဝင်းပဖို့ရာအတွက် သောက်သင့်တဲ့ အသီးအနှံဖျော်ရည်လေးတွေအကြောင်းကို ပြောပြချင်ပါတယ်။

အသီးအနံှအမျိုးအစားတမျိုးတည်းပဲ ဖျော်ရည်လုပ်သောက်ရင် အရသာလည်းတမျိုးတည်းပဲရသလို အကျိုးပြုဓါတ်တွေလည်းနည်းနိုင်ပါတယ်။

အသီးအနှံ အမျိုးအစားနှစ်မျိုးသုံးမျိုးပေါင်းပြီး ဖျော်ရည်လုပ်သောက်ရင်ကျ အရသာလည်းပိုကောင်းသလို အကျိုးပြုဓါတ်တွေလည်း ပိုများများရနိုင်ပါတယ်။ ပိုပြီးလည်း ဆန်းသစ်ပါတယ်။

ဒါကြောင့် အသီးအနှံအမျိုးအစား နှစ်မျိုးသုံးမျိုးပေါင်းထားပြီး အသားအရည်ဝင်းပစိုပြေစေတဲ့ဖျော်ရည်လေးမျိုးကို ရေးသားတင်ပြလိုက်ရပါတယ်။

၁။ ခါကြက်ဥ (Carrot)၊ သကြားမုန်လာဥ (Beet root) ဖျော်ရည်

အသားအရေဝင်းပစိုပြေဖို့အတွက်ရော၊ ကျန်းမာဖို့အတွက်ရော ကောင်းကျိုးအများဆုံးပေးနိုင်တဲ့ ဖျော်ရည် အမျိုးအစားဖြစ်ပါတယ်။

အသားအရေမှာရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သက်သာပျောက်ကင်းစေနိုင်ရုံသာမက အရေပြားဆီကို သွေးထောက်ပံလည်ပတ်မှုကိုလည်း များစေပြီး အရေပြားရှိအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

ဖျော်ရည်ပြုလုပ်ပုံကတော့ Blender (ကြိတ်စက်) ထဲကို ခါကြက်ဥ တဥ၊ သကြားမုန်လာဥ ဥဝက်၊ ချင်း လက်တဆစ် နှင့် ရေဖန်ခွက်တဝက်ခန့် ရောထည့်ပြီး ကြိတ်ရုံပါပဲ။

၂။ ပန်းသီးစိမ်း၊ သလဲသီးဖျော်ရည်

ဒီနှစ်မျိုးပေါင်းစပ်ထားတဲ့ ဖျော်ရည်ကို မကြာမကြာသောက်ပေးပါက အသားအရည်ရဲ့အရည်အသွေးကို လက်ရှိထက် ၁၀ ဆ ပိုကောင်းမွန်လာနိုင်စေပါတယ်။

ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင်စီ၊ အန်တီအောက်စီးဒန့်နဲ့ အင်ဇိုင်းတွေဟာ အသားအရေ စိုပြေဝင်းပစေဖို့အတွက် များစွာအထောက်အကူပေးနိုင်သလို ဝက်ခြံနဲ့အမည်းစက်တွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဒါ့အပြင် အသားအရေပျက်စီးခြင်းနဲ့ အရေးအကြောင်းတွေဖြစ်လာခြင်းကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ဖျော်ရည်ပြုလုပ်ပုံကတော့ Blender (ကြိတ်စက်) ထဲကို

ပန်းသီးစိမ်းတလုံး၊ သလဲသီးတဝက်၊ ရေဖန်ခွက်သုံးခွက် ရောထည့်ပြီး ကြိတ်လိုက်ရုံပါပဲ။

၃။ သင်္ဘော၊ သခွား၊ သံပယို ဖျော်ရည်

သဘောင်္သီးမှာ ဗီတာမင်စီ၊ ဘီဝမ်း၊ ဘီတူး၊ ဖောလစ်အက်စစ်၊ ဗီတာမင်အေ၊ ပိုတက်ဆီယမ်၊ မက်နီဆီယမ်၊ အမျှင်ဓါတ်၊ သကြားဓါတ်၊ ပန်သိုသီးနစ်အက်စစ်စတဲ့ အန်တီအောက်ဆီးဒင့်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေရဲ့အစိုဓါတ်ကို ပြည့်စေနိုင်ပြီး အသားအရေကို စိုပြေဝင်းပစေနိုင်ပါတယ်။

သခွားသီးကတော့ အသားအရေကို နူးညံ့ချောမွတ်စေနိုင်ပြီး သံပယိုသီးကတော့ အရေပြားထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ပြုလုပ်ပုံကတော့ သင်္ဘောသီး အမြှောင်းလိုက်နှစ်စိတ်ကိုယူပြီး အစိတ်သေးလေးတွေဖြစ်အောင် စိတ်ပါ။ သခွားသီးတပိုင်းကို အခွံခွာကာ အစိတ်သေးလေးတွေဖြစ်အောင် စိတ်ပါ။ ပြီးရင် အဲ့ဒါတွေထဲကို ရေနှစ်ဖန်ခွက်ရောကာ ကြိတ်စက်ထဲထည့်ကြိတ်ပါ။

ထို့နောက်ရလာတဲ့ အရည်ထဲကို သံပယိုသီး တစိတ်ညှစ်ချပါ။

၄။ ရှားစောင်းလက်ပတ်၊ ချယ်ရီသီး ဖျော်ရည်

ရှားစောင်းလက်ပတ်၊ ချယ်ရီသီးဖျော်ရည်ဟာ အသားအရေကို ချောမွေ့စိုပြေဝင်းပစေရုံသာမက အရေးအကြောင်းတွေ၊ နေလောင်ဒဏ်ရာကြောင့်ဖြစ်လာတဲ့ အမည်းစက်တွေ၊ အသားအရောင်မညီတာတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ဒါ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ဖျော်ရည်ပြုလုပ်ပုံကတော့ ရှားစောင်းလက်ပတ်အတွင်းသားအနှစ်ကို စားပွဲတင်ဇွန်းနှစ်ဇွန်းစာ ခြစ်ယူပြီး Blender ထဲထည့်ပါ။ ပြီးရင် ချယ်ရီသီးငါးလုံးကို အစေ့ဖယ်ပြီး ထည့်ပါ။ ထို့နောက် ရေနှစ်ဖန်ခွက်ခန့် ရောထည့်ပြီး ကြိတ်ပါ။

Dr သီတာနွယ်(အမရပူရ)