၂ဝ၁၈ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ရန်ကုန်အသင်းသည် မိနစ် ၆ဝ တွင် ကစားသမားနှစ်ဦး ထုတ်ပယ်ခံရသော ကြောင့် နှစ်ယောက်လျော့ဖြင့် ကစားရသော်လည်း အံ့အားသင့်ဖွယ်ရာ ချေပဂိုး နှင့် အနိုင်ဂိုးသွင်းပြီး ရှုံးထွက်ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် တစ်ကျော့ပြန် ချန်ပီယံဆုရယူနိုင်ရန် ကြိုးပမ်းသော်လည်း တစ်ဂိုးအသာဖြင့် ဦးဆောင်နေချိန်တွင် ပယ်နယ်တီကန်ခွင့်ရပြီး နှစ်ယောက်အသာ ရသော်လည်း အနိုင်ရလဒ်မထိန်းနိုင်၍ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်အသင်းသည် တစ်ရာသီအတွင်း ပြိုင်ပွဲနှစ်ခုစလုံး၌ ဗိုလ်စွဲခဲ့ပြီး ရှုံးထွက် ချန်ပီယံဆုကိုမူ ၂ဝ၁၁ ရာသီနောက်ပိုင်း တစ်ကျော့ပြန် ပြန်လည်ရယူနိုင်ခဲ့သည်။
နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ပထမပိုင်းတွင် ရန်ကုန်အသင်းက ကစားပုံပိုကောင်းခဲ့သည်။ သို့သော် ဟံသာဝတီနောက်တန်း အမှားမရှိသောကြောင့် ရန်ကုန်အသင်း ဂိုးရနိုင်သည့်အခွင့်အရေး အနည်းငယ်သာ ရခဲ့ပြီး ဟံသာဝတီအသင်းမှာမူ ပထမပိုင်းတွင် ပုံမှန်သာကစားသောကြောင့် ရန်ကုန် အသင်းနောက်တန်းကို ဖိအားပေးနိုင်ခြင်း မရှိခဲ့ပေ။ ဟံသာဝတီအသင်းသည် ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက တိုက်စစ်မြှင့်ခဲ့ပြီး ရန်ကုန်အသင်းဘက်သို့ တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့သည်။ ၅၈ မိနစ်တွင် ဟံသာဝတီအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဟိန်းထက်အောင်က သွင်းယူခဲ့သည်။ ဂိုးရသွားသောကြောင့် ဟံသာဝတီအသင်း ကစားပုံပိုကောင်းခဲ့ပြီး ၆၃ မိနစ်တွင် ဟိန်းထက်အောင်၏ ထိုးဖောက်မှုကို ရန်ကုန်နောက်ခံလူ မင်းကျော်ခန့် ဖျက်ထုတ်ပုံကြမ်းသော ကြောင့် ကွင်းလယ်ဒိုင်က ဟံသာဝတီအသင်းကို ပယ်နယ်တီကန်ခွင့်ပေးခဲ့သည်။ ယင်းပယ်နယ်တီပေးလိုက်ရသောကြောင့် ရန်ကုန်ကစားသမားများ စောဒကတက်
ခဲ့ပြီး ပြင်းထန်စွာစောဒကတက်ခဲ့သည့် ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်ကို ကွင်းလယ်ဒိုင်က အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ယင်းပယ်နယ်တီကို ဂျိုးဇက် ကန်သွင်းရာ ကျော်ဇင်ထက်အစား ဝင်ရောက်ကစားသည့် ဆန်းဆက်နိုင် ကာကွယ် နိုင်ခဲ့ပြီး ဂိုးမပေးလိုက်ရသောကြောင့် ရန်ကုန်အသင်း စိတ်ဓာတ်တက်သွားပြီး ချေပဂိုးရရန် အားထည့်ကစားခဲ့သည်။ ၇၃ မိနစ်တွင် ရန်ကုန်အသင်း ချေပဂိုးပြန်ရခဲ့ပြီး မောင်မောင်လွင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။ သရေကျပြီး နောက်ပိုင်းတွင် ရန်ကုန်အသင်းက ဆက်တိုက်ဖိကစားခဲ့ပြီး အနိုင်ဂိုးကို ၈၆ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းယူခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဒုတိယဆုရခဲ့သည့် ဟံသာဝတီအသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေး$ကျပ်သိန်း ၁၅ဝ၊ ပထမဆုရ ရန်ကုန်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေး$ကျပ်သိန်း ၃ဝဝ၊ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းနှင့် ဆင့်ပွားဒိုင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

Credit: ညီမြတ်သော်တာ (Myanmaallin)