လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးထား သည့် ”တည်ကြက်”ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃ဝ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး အောက်တိုဘာ ၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် နေတိုးက ”ဒီဇာတ်ကားထဲမှာ လမ်းပြတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာပါ။ မိန်းကလေး ခြောက်ယောက်နဲ့ တောထဲမှာ ကြမ်းတမ်းတဲ့ ခရီးကိုဖြတ်သန်းရင်း အခက်အခဲ အဖြစ်အပျက်တွေ ကြုံတဲ့အခါ ဦးစီး ဦးဆောင်လုပ်ပေးတဲ့ လမ်းပြတစ်ယောက်ပုံစံမျိုးပါ။ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ အခုလို စွန့်စားတဲ့ ဇာတ်ကားမျိုးရိုက်တာ ဒါဟာ ပထမဆုံးပါပဲ။ မင်းသား ၊ မင်းသမီးတွေ အကုန်လုံးက ဒီဇာတ်ကား ကြီး ကောင်းဖို့အတွက် ကိုယ့်တာဝန်ကိုယ် ကျေအောင်ကြိုးစားထားကြပါတယ်။ ဒီဇာတ်ကား ရိုက်တုန်းက ပျော်ရွှင်စရာတွေရှိသလို ခက်ခဲ ကြမ်းတမ်းမှုတွေလည်း ရှိခဲ့ပါတယ်” ဟု ပြော သည်။
အဆိုပါ ဇာတ်ကားတွင် နေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင် ဇေယျာ၊ မေမြတ်နိုး၊ ချောကလျာ၊ ကြယ်ဖြူရှင်းသန့် နှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး မုဆိုး တစ်ဦးက မိန်းမပျိုတစ်စုကို လမ်းပြလုပ်ရင်း တောတွင်း၌ ကြုံတွေ့ရသည့် အဖြစ်အပျက်များ၊ အခက်အခဲများနှင့် ရင်ဆိုင်ကျော်လွှားခဲ့ရပုံများကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ရိုက်ကူးထားသည့် တောတွင်းစွန့်စားခန်း ဇာတ်ကားမျိုးဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် နေမျိုးအောင်က ”ဒီဇာတ်ကား ထဲမှာ အစ်ကိုပါဝင်ရတဲ့အခန်းက နည်းပါတယ်။ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက အရေးပါတဲ့ အခန်းတွေပါ။ အမှတ်တရတွေ၊ အခက်အခဲတွေ ကတော့ အများကြီးပါ။ ဒီဇာတ်ကားမှာ မင်းသမီး တွေ အများကြီးပါတယ်။ ရိုက်တဲ့အချိန်တုန်းက အားလုံးပင်ပန်းကြတယ်။ ရိုက်ရတဲ့နေရာတွေက လမ်းတွေဆိုးတယ်။ တချို့နေ့ရက်တွေဆိုရင် ရှုတင်ထမင်းတောင် နောက်ကျမှ စားခဲ့ရတယ်” ဟု ပြောသည်။
သရုပ်ဆောင် နန်းခင်ဇေယျာက ”ဒီဇာတ် ကားထဲမှာ အလှအပကြိုက်တဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ။ တောတွင်းမှာ ရိုက်ထားတာဆိုပေမယ့် မင်းသမီး တွေ အကုန်လုံးက သှူဇာတ်ရုပ်နဲ့သူ ပါဝင်ထား ကြတာပါ။ အတွေ့အကြုံတွေလည်း ရပါတယ်။ ပျော်လည်းပျော်ခဲ့ရပါတယ်။ အမှတ်တရတွေလည်း အများကြီးပါ။ တောတွင်းလမ်းတွေအတိုင်း ကိုယ့် ပစ္စည်း၊ ကိုယ့်အထုပ်ကိုယ်ကိုင်ပြီး ရိုက်ကွင်းနေရာ ကို နာရီဝက်လောက်ကြာအောင် လမ်းလျှောက် ပြီး သွားခဲ့ရတယ်” ဟု ပြောသည်။
ပရိသတ်အတွက် ဇာတ်ကားကောင်း တစ်ကား ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် အပင်ပန်း ခံကာ ကြိုးစားရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးရန် အတွက်လည်း လေးလခန့် အချိန်ယူပြင်ဆင်ခဲ့ ကြောင်း၊ နယ်မြေအသစ်များကို ရှာဖွေကာ ရိုက်ကူးထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သီပေါလမ်းနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောတောင်၊ လျှိုမြောင်၊ ချောက်များတွင် သွားရောက်ရိုက်ကူးခဲ့ကြောင်း၊ လူငယ်များအတွက် မှတ်သားစရာများ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ပြောသည်။
သရုပ်ဆောင် ယဉ်လက် က ”ဒီဇာတ်ကား ထဲမှာ စင်ဒီဆိုတဲ့ ကောင်မလေးတစ်ယောက်ပါ။ ယောက်ျားလေး နည်းနည်းဆန်တယ်။ ကောင်မလေးတွေကိုတော့ ချစ်တယ်။ လမ်းပြလုပ် ပေးတဲ့ ကိုနေတိုး ကို အမြင်မကြည်ဘူး။ အဲဒီလို ပုံစံလေး ပါဝင်ထားတာပါ။ ဒီဇာတ်ကားရိုက်ဖို့ အတွက် ဒါရိုက်တာလိုချင်တဲ့ ဇာတ်ရုပ်မျိုး ဖြစ်အောင် အများကြီးပြင်ဆင်ခဲ့ရပါတယ်။ အခက် အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ ရိုက်ကွင်း ထဲက လမ်းနေရာ တချို့ဆိုရင် ကြိုးတွေနဲ့ တွယ်ပြီး တက်ခဲ့ရတာတွေရှိတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး လေ့လာစရာတွေ အများကြီးရခဲ့ ပါတယ်။ အကုန်လုံးကြိုးစားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ” ဟု ပြောသည်။
လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့တစ်ခု အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ခရီးတစ်ခုကို အတူ လျှောက်လှမ်းနေစဉ်အတွင်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းမိုးဖိစီးလာပါက အစုအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲကာ မူလရည်မှန်းချက် ပန်းတိုင် ပျက်စီးပျောက်ကွယ်သွားနိုင်သည့် သဘောကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ် ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်
Credit : Myanmaalinn