မျက်ခြယ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက စီစဉ်ရိုက်ကူးထုတ်လုပ်သည့် ”ပြန်ပေး”ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ ကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး သြဂုတ် ၃ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးထားခြင်းဖြစ်ပြီး လူတစ်ဦး နှင့်တစ်ဦး လိမ်လည်လှည့်ဖြားပုံ၊ မိမိကိုယ်ကိုယ် လည်လှပြီဟု ထင်နေသော်လည်း မိမိထက်လည် သောသူများ အမြဲရှိနေတတ်ပုံ၊ အပြိုင်အဆိုင် လူလည်ကျနေတတ်ပုံတို့ကို ပညာပေးသည့် အနေ ဖြင့် ဟာသဆန်ဆန် ရိုက်ကူးထားခြင်း ဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားသည် ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မိုးဟေကိုနှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထား သော ရယ်ရွှင်ဖွယ်ရာ ကျေးလက်သရုပ်ဖော် ဟာသ ဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ကြောင်း သိရ သည်။
ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က ”ဒီဇာတ်ကားတော့ ဆရာကြီးသော်တာဆွေရဲ့ ဝတ္ထု အလတ်အမျိုးအစားတွေ ငါးပုဒ်လောက်ကို ဆက်စပ်ပြီး ဇာတ်အိမ်တည်ဆောက် ရိုက်ကူးထား တာပါ။ ဟာသဇာတ်ကားထဲမှာ ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့သွားတဲ့ အမျိုးအစားပါ။ ကိုလူမင်းက ဂျင်မောင်ဖုန်း၊ အဲဒီအပေါ်မှာမှ ခန့်စည်သူက ထုံးမောင်လှ၊ ဂျင်ထက်လည်တယ်ဆိုတဲ့ သဘော ပါ။ အဲဒီထက်ပိုလည်တဲ့ ကိုရန်လေးကတော့ ဖြုတ် အုပ်ကြီးပါ။ တစ်ယောက်က လုပ်တဲ့ကိစ္စကို တစ်ယောက်က ဖော်တယ်။ တစ်ယောက်က ပြန်ပြီး လိမ်တယ်။ အဲဒီလိုမျိုးတွေပါ။ ဝတ္ထုထဲမှာ ကတည်း က ကျေးလက်ဒေသကို အခြေခံပြီးရေးထားတာပါ။ ကျေးလက်ဒေသမှာ လာပြီးတော့ လိမ်တတ်တဲ့ ပုံသ္ဌာန်မျိုးတွေပါ။ အခုအချိန်ထိလည်း အလိမ်ခံ နေရတုန်းပါပဲ။ အဲဒါလေးတွေကို နည်းနာယူလို့ ရအောင် ရိုက်ကူးပေးထားတာပါ။ ပရိသတ်တွေ အနေနဲ့ စိတ်အပန်းပြေဖို့အတွက် လာရောက်ပြီး ကြည့်ရှုအားပေးကြပါ” ဟု ပြောသည်။
သရုပ်ဆောင် လူမင်းက ”ဇာတ်ရုပ်ပိုင်းအနေနဲ့ ကတော့ ဒီဇာတ်ကားမှာ ကျွန်တော်က ဂျင်မောင်ဖုန်း ပါ။ တစ်ရွာလုံးမှာ ဂျင်လိုလည်တယ်ပေါ့။ ကျွန်တော့် ကို အားကျမခံ မောင်လှဆိုတဲ့ သူကလည်း ဂျင်ပေါ် ကထုံးဖြစ်နေတဲ့ ထုံးမောင်လှပေါ့။ နောက်ဆုံး အုပ်ချုပ်ရေးမှူး(သူကြီး) ကပါ ထုံးပေါ်က ဖြုတ်ကြီး ဆိုတာမျိုး အပြိုင်အဆိုင် လူလည်ကျနေကြတဲ့ ဇာတ်လမ်းမျိုးပါ။ ဒိုင်ယာလော့တွေက အစခိုင်ခိုင် မာမာရှိထားတဲ့ ဆရာကြီးသော်တာဆွေရဲ့ ဝတ္ထုကြီး ကို ဒါရိုက်တာ ကိုဇော်ကလည်း ကြိုးစားပမ်းစား ရိုက်ထားတယ်။ သရုပ်ဆောင်တွေကလည်း သှူ နေရာနဲ့သူ မလိုအပ်ဘဲ ပိုနေတာမျိုး မရှိဘဲနဲ့ အံဝင် ခွင်ကျ ကွက်တိတွေဖြစ်ပြီးတော့ ရယ်ရတဲ့ ဟာသ ဇာတ်ကားတစ်ကားပါ။ ဒါကြောင့် ပရိသတ်တွေ အနေနဲ့လည်း ပျော်ရွှင်စရာ တကယ့်ဟာသအပြည့် အဝ ကြည့်ချင်တယ်ဆိုရင် ဒီ ”ပြန်ပေး” ဇာတ်ကား လေးကို ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
သရုပ်ဆောင် ခန့်စည်သူက”ဟာသဇာတ်ကား တွေမှာ အမြဲတမ်း ပုံစံနှစ်မျိုး ရှိတာပေါ့။ တချို့ ဟာသဇာတ်ကားတွေက ဇာတ်လမ်းနဲ့သွားတယ်။တချို့ကျတော့ ဇာတ်ကွက်နဲ့ သွားတာပေါ့။ ဒီ ”ပြန်ပေး”ဇာတ်ကားကတော့ ဇာတ်လမ်းနဲ့သွားတဲ့ ဟာသလေးပါ။ ဆရာကြီး သော်တာဆွေရဲ့ မူရင်း ဝတ္ထု ရသမပျက်စီးအောင်၊ ကျွန်တော်တို့လည်း ပရိသတ်လက်ခံနိုင်မယ့် ဟာသဇာတ်ကွက်လေး တွေကို ဒါရိုက်တာရယ်၊ သရုပ်ဆောင်တွေပါ စုပေါင်းပြီး ဖန်တီးထားကြတာ ဖြစ်တဲ့အတွက် ပရိသတ်အတွက်လည်း တစ်ခုခုရသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
သရုပ်ဆောင် ခိုင်သင်းကြည်က” ဒီဇာတ်ကား ထဲမှာ မခိုင်က ကိုခန့်နဲ့ လင်မယားပေါ့။ ကိုယ်က ကိုယ့်ယောက်ျားကို အနိုင်ယူတာမျိုးပါ။ တစ်ခုခု ဖြစ်ရင် ရှင့်ကို မျက်လုံးနဲ့ပဲ စကားပြောမယ်ဆိုတာမျိုး ပြောထားပါတယ်။ ဒီဇာတ်ကားလေးမှာ ပါဝင်တဲ့သူ တွေအကုန်လုံး နေရာလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဇာတ်လမ်းလေးကလည်း အကြောင်းအရာတွေ များတော့ မပျင်းရပါဘူး။ အားလုံးခြုံကြည့်ရင် မခိုင် အနေနဲ့ ကြိုက်တဲ့ဇာတ်ကားပါ။ ပရိသတ်ကြီး ကိုလည်း လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
သရုပ်ဆောင် မိုးဟေကို က ”ဒီဇာတ်ကားမှာ အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်ပင်ပြီး လုပ်ခဲ့ပါတယ်။ ဟာသလုပ်ရတာ ပထမတော့ ကြောက်သလိုလို၊ ရှက်သလိုလိုနဲ့ အခက်အခဲရှိခဲ့တယ်။ နောက်ပိုင်း ကျတော့ ဒီဇာတ်ထဲဝင်သွားတဲ့ အခါမှာတော့ အဲဒါ တွေလည်း မရှိတော့ပါဘူး။ ဒီဇာတ်ကားမှာဆိုရင် ကိုခန့်စည်သူရဲ့ ညီမနေရာကနေ ပါဝင်သရုပ် ဆောင်ထားတာပါ။ ဒီဝတ္ထု၊ ဒီဇာတ်က အခု ပြန်ကြည့်တော့လည်းUp Date တော့ဖြစ်နေသေး တယ်။ တချို့အကြောင်းအရာတွေဆိုရင်လည်း ဟောင်းသွားတာမျိုး မတွေ့ရပါဘူး။ ရယ်လည်း ရယ်ရတဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ လာရောက်အားပေးကြပါ” ဟု ပြောသည်။
ဇာတ်လမ်းအကျဉ်းအနေဖြင့် မြေလတ်ဒေသ တံခွန်တိုင်ကျေးရွာသည် မြို့နှင့် အတန်ငယ်ဝေးပြီး ရိုးသားကြသူများက လယ်လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကာ နေထိုင်ကြသည်။
သို့သော် ရွာတွင်ရိုးသားသော အခြားရွာသား များအပေါ် လက်တစ်လုံးခြားပြု၍ လူလည်ကျ တတ်သော မောင်ဖုန်းနှင့် မောင်လှတို့ရှိကြပြီး မောင်ဖုန်းကို ဂျင်မောင်ဖုန်းဟု လည်းကောင်း၊ မောင်လှကို ထုံးမောင်လှဟု လည်းကောင်း ခေါ်ကြ ၏။ ထိုရွာတွင် ဥက္ကဋ္ဌမှာ ဦးသီလဖြစ်၍ ခွက်ပုန်း ဦးသီလဟု အများက တိုးတိုးတိတ်တိတ်ခေါ်ကြကာ မုဆိုးဖိုဖြစ်သည်။ ဦးသီလက ခြံစည်းရိုးဟူသော စားသောက်ဆိုင်ကိုဖွင့်ကာ ညီအစ်ကိုဝမ်းကွဲ ဦးသာကူးကို ဆိုင်ထိုင်စေသည်။
မောင်ဖုန်းမှာ လူပျိုလူလွတ်ဖြစ်၍ ညီဖြစ်သူ စပ်စုနှင့်အတူနေလေသည်။ သူတို့နှင့်ရင်းနှီးသော မိတ်ဆွေထေကြီးမှာ ”တို့ခေတ်”ထန်းရည်ဆိုင် ပိုင်ရှင်ကြီး ဖြစ်၏။ မောင်လှမှာ အိမ်ထောင်သည် ဖြစ်ပြီး ဇနီးသည် မိမိ မှာ ကပ်စေးနည်းလွန်းသော ကြောင့် နှပ်ချေးမိမိဟု အမည်တွင်၏။ မောင်လှ၏နှမဖြစ်သူ မြတ်သဲညှာမှာ ရွာတွင် ကွမ်းတောင်ကိုင် အလှရှင်ဖြစ်၍ တစ်ရွာလုံးရှိ လူပျိုလူလွတ်များက မျက်စိကျကြ၏။ မြတ်သဲညှာက လှသည်ထက်အမူပို လွန်းသဖြင့် လူငယ်များက မပဲများဟု နာမည် ဖျက်ခေါ်ကြသည်။
ဥက္ကဋ္ဌဖြစ်သူ ဦးသီလ က သူ၏ငုံးမွေးမြူရေး ခြံကြီးမှ ငုံးများပျောက်ဆုံးနေရာ မောင်ဖုန်း၏လက်ချက်ဟုယူဆပြီး ဖမ်းရန်စောင့်နေရာ မောင်ဖုန်း က ပညာပြသဖြင့်လည်း မခံချိမခံသာဖြစ်နေရ၏။ မောင်လှက ဦးသီလကို မြှောက်ပေးကာ ငုံးသူခိုး ဖမ်းရေးမှာ သူပါ ပါဝင်သည်ဖြစ်ကြောင်းနှင့် အကြံ ဉာဏ်များပေးသည်။
တစ်ည၌ အထုပ်ကြီးထမ်းလာသော မောင်ဖုန်းကိုတွေ့သဖြင့် ဝိုင်းလိုက်ရာ မောင်ဖုန်းက ထွက်ပြေးပြီး အထုပ်ကို ရေကန်ထဲပစ်ချသည်။ ဦးသီလက ဒေါပွ၍ မောင်ဖုန်းကို ဖမ်းထားပြီး သက်သေခံအဖြစ် ရေကန်ထဲမှ အထုပ်ကို မောင်လှ ကို ဆင်းရှာခိုင်းသည်။ မောင်လှမှာ ရေစိုပြီး ကြွက်စုတ်ဖြစ်ကာ အအေးဒဏ်ခံရပြီးမှ အထုပ် ကိုတွေ့တော့ ဖိနပ်စုပ်များဖြစ်နေသဖြင့် အားလုံး ပက်လက်လန်သွားကြ၏။
ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် လူလည်ကျကာ မလိမ့်တပတ် ပြုလုပ်ခြင်းများ၊ ရွေးကောက်ပွဲ၊ ဆုမဲတို့နှင့် ပတ်သက်၍ မဲမသာမှု များ၊ မဲအရှုပ်အရှင်းများနှင့် လူလိမ်တို့၏ လုပ်လေ့ လုပ်ထရှိသော အကြောင်းအရာများ၊ လိမ်လည်မှု များကို အခြေခံကာ ကျေးလက်ဒေသ အလှအပ များ၊ ဓလေ့စရိုက်များဖြင့် ရယ်ရွှင်ဖွယ်ရိုက်ကူး ထားသော ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကားဖြစ်ကြောင်း သိရသည်။

Credit To: Myanmallin

သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်