နိုင်ငံရေးခေတ်ရေစီးကြောင်း ပြောင်းလဲခြင်း၏ အကျိုးရလဒ်တစ်ခုကြောင့် ယနေ့ ကာလတွင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးမျိုးသော ပုံစံတူရုပ်တုများ ပိုမိုပေါ်ပေါက်လာခဲ့သည်။ မြို့အနှံ့၊ နယ်အစုံတွင် ဗိုလ်ချုပ်ပုံတူရုပ်တု များကို ဂုဏ်ပြုထုလုပ်လာကြခြင်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်နေသည်ကိုလည်း တွေ့လာရသည်။
သို့သော် မြန်မာနိုင်ငံပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ပန်းချီဆရာ ဆြာ နွယ်က ”အေးဗျာ ဗိုလ်ချုပ်ကို ဂုဏ်ပြုထုလုပ်ကြတာကောင်းပါတယ်။ ကြိုဆိုပါ တယ်။ ဒါပေမယ့် အခုနောက်ပိုင်း အချို့ ဗိုလ်ချုပ်ပုံရုပ်တုတွေက တော်တော်လေးကို ကွဲပြားခြားနားနေတာတွေ တွေ့လာရပြီး စိစစ်ဖို့တော့လိုလာပြီ”ဟု အကြံပြု ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မူလပထမဦးဆုံးသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမှာ ဗဟန်းမြို့နယ် နတ်မောက်လမ်း ကန်တော်ကြီးပန်းခြံရှေ့တွင် ရှိသည်။ မတ်တပ်ရပ် လက်ဆန့်ညွှန်းဆိုနေသော ရုပ်တုဟု ပန်းချီပန်းပုဆရာကြီးများထံမှ သိရသည်။ ”လွတ်လပ်ရေးရရှိပြီး ဖဆပလအစိုးရလက်ထက်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးကို အသက်စွန့်ရယူပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နောင်လာနောက်သားများ အမှတ်တရရှိစေခြင်းငှာ ကြေးရုပ်တု သွန်းလောင်းတည် ထားနိုင်ရန်အတွက် ပုံစံငယ်ရုပ်တုများ တောင်းခံခဲ့သည်။ ရှမ်းပြည်နယ် တောင်ကြီး မြို့မှ ပန်းချီ၊ ပန်းပုပညာရှင်ကြီး ဦးစံဖေ၏လက်ရာ ရုပ်တုကို ရွေးချယ်ခဲ့ကြသည်”ဟု ဦးသန့်စင်(ခ)ပန်းချီလှတင်ထွန်း(ဒုတိယပါမောက္ခချုပ် (ငြိမ်း) အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်)၏ မှတ်တမ်းအရ သိရသည်။
ကြေးရုပ်သွန်းလောင်းနိုင်ရန်အတွက် ၁၉၅၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသား ကြေး သွန်းပညာရှင် မစ္စတာကော့ပနယ်အား တာဝန်ပေးအပ်ခဲ့သည်။ ထို့အပြင် ဆရာကြီး ဦးစံဖေ၏ ပန်းပုပညာကို အစိုးရက ယုံကြည်သောအားဖြင့် ကြေးသွန်းရုပ်တုပြုလုပ်ရာ အင်္ဂလန်နိုင်ငံသို့ ဆရာကြီးကို ထပ်မံစေလွှတ်ခဲ့သည်။ ထိုသို့ဖြင့် ဆရာကြီးဦးစံဖေမှာ ပန်းချီ၊ ပန်းပုပညာအပြင် ကြေးသွန်းပညာရပ်ကိုပါ တတ်မြောက်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုကို ထားရန်အတွက် နေရာရွေးချယ်သော အခါ အင်္ဂလိပ်အစိုးရက အမည်ပေးခဲ့သော ဒါလဟိုဇီပန်းခြံ(ယခုကန်တော်ကြီး ပန်းခြံ)ရှေ့နေရာကို ဖဆပလအစိုးရအဖွဲ့က ရွေးချယ်ခဲ့ကြသည်။ မူလက ထိုနေရာ သည် ဆဋ္ဌမမြောက် ဂျော့ဘုရင်ရုပ်တု ထားရှိသောနေရာဖြစ်ပြီး ဂျပန်ခေတ်တွင် ဖယ်ရှားခံခဲ့ရသည်ဟု ရန်ကုန်မြို့ သမိုင်းကိုပြုစုနေသူ စာရေးဆရာ မောင်မြတ်မွန် (ဆူးလေ)က ပြောပြခဲ့သည်။
ကန်တော်ကြီးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား လေ့လာကြည့်သည့်အခါ ရုပ်တု၏ အောက်ခြေအုတ်ခုံ အရှေ့ဘက်တွင် ကပ်ထားသည့် ကြေးပြားကမ္ပည်းပေါ်၌ ‘ပြည်ထောင်စု၏ ရှေ့ဆောင်လမ်းပြကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက်၊ ကျဆုံးနေ့ ၁၃ဝ၉ ခု ဝါခေါင်လဆန်း ၂ ရက်’ဟု မြန်မာ သက္ကရာဇ်နှင့် လအမည်၊ ရက်တို့ကိုသာ ရေးထိုးထားသည်ကို တွေ့ရသည်။
အုတ်ခုံနောက်ကျောဘက်၌
‘တတိုင်းပြည်လုံး ကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတမျိုး၊ ကရင်က တဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြယင် အကျိုးရှိ မှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်တယ်’
ဗိုလ်ချုပ်အောင်ဆန်း
ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ကျဆုံးခဲ့သည်မှာ (၇၁)နှစ် ပြည့် မြောက်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် သက်ဝင်နေဆဲဖြစ်သော မိန့်ခွန်းတစ်ရပ် အဖြစ် ခံယူမိသည်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးကွယ်လွန်ခဲ့သည်မှာ (၇၁)နှစ်ရှိလာခြင်းနှင့်အတူ မူလပထမဗိုလ်ချုပ်ကြေးရုပ်ကို ပုံဖော်ခဲ့သူ ပန်းချီ၊ ပန်းပု၊ ကြေးသွန်းပညာရှင် ဆရာ ကြီး ဦးစံဖေမှာလည်း ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်၍ ပုံဖော်ခဲ့သူ ဆရာကြီးသာ ယနေ့ရှိပါက အသက် ၁ဝဝ ပြည့်သောနှစ်ဟု ပန်းချီလှတင်ထွန်းက ဆိုသည်။
ပန်းချီပန်းပု ကြေးသွန်းပညာရှင် ဆရာကြီးဦးစံဖေသည် ဖက်ဆစ်တော်လှန်ရေး၊ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးတို့တွင် ဆက်တိုက်ပါဝင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ပြည်မ ပူးပေါင်းရေးတွင် တက်ြ<ွကစွာ လှုပ်ရှားခဲ့သူဖြစ်သည်။ သမိုင်းဝင် ဒုတိယအကြိမ် ပင်လုံညီလာခံကြီးအတွက် စည်းရုံးလှုပ်ရှားမှုတွင် ထိပ်ဆုံးကပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ထိုခေတ်က ရဟန်းရှင်လူ ပြည်သူ ကျောင်းသားများကို တစ်စုတစ်စည်း တည်း ကားအစီး ၆ဝ ကျော်ဖြင့်ခေါ်ကာ တောင်ကြီးမြို့မှ မိုင် ၇ဝ ကျော်ခန့် ကွာဝေး သော ပင်လုံမြို့လေးဆီသို့ အောင်မြင်စွာ အရောက်လှမ်းသွားခဲ့သူလည်းဖြစ်သည်။
ဆရာကြီးဦးစံဖေ၏လက်ရာ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံရှေ့မှ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တုမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုဆစ်သွန်းလောင်းသော ရုပ်တုဖြစ်ပြီး အင်းစိန်မြို့နယ် အောင်ဆန်း မြို့ရှိ ဗိုလ်ချုပ်ရုပ်တုနှင့် တောင်ကြီးမြို့လယ် ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ရုပ်တုတို့မှာ လည်း ဆရာကြီးဦးစံဖေ၏ သမိုင်းဝင် သမိုင်းတင် ‘စံ’လက်ရာများအဖြစ် ထင်ရှားစွာ ရှိနေပါကြောင်း ဖော်ညွှန်းရေးသားလိုက်ရပါသည်။ ။

Credit to: တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ- ဘော်ဂါသွေး