အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ဆီးရီးယားနိုင်ငံကို လေကြောင်းစစ်ဆင်ရေး ပူးပေါင်းဆင်နွှဲမှုကို ကန့်ကွက်ကြောင်းနဲ့ နိုင်ငံတကာဥပဒေအတိုင်း လုပ်ဆောင်ကြရန် ယနေ့ (ဧပြီ ၁၄ ရက်) ပြောကြားလိုက်ပါတယ်။
“နိုင်ငံတကာဆက်ဆံရေးမှာ စစ်အင်အားသုံးတာကို ကျွန်မတို့ အပြောင်းအလဲမရှိ ဆန့်ကျင်ကန့်ကွက်ပါတယ်၊ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ ပိုင်နက်နယ်မြေကို လေးစားဖို့အတွက် ထောက်ခံအားပေးပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချောင်ရင်က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အတည်ပြုချက်မယူဘဲ တစ်ဖက်သတ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုက ဆီးရီးယားအရေး ဖြေရှင်းရာမှာ ရှုပ်ထွေးမှုအသစ်တွေ ထပ်တိုးလာခဲ့ကြောင်းလည်း သူမက ဆိုပါတယ်။

“ဆီးရီးယားအရေးကို နိုင်ငံရေးအရ ဖြေရှင်းမှုကသာ လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်၊ ယခု တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေကြတဲ့ သက်ဆိုင်ရာ နိုင်ငံအားလုံးကို နိုင်ငံတကာဥပဒေအတိုင်း လုပ်ဆောင်ကြဖို့နဲ့ ဆီးရီးယားအရေးကို ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းကြဖို့ တရုတ်အစိုးရက တိုက်တွန်းပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံမှာ ပါဝင်နေပါတယ်။ ဆီးရီးယား အကျပ်အတည်းကို ဖြေရှင်းရာမှာ နိုင်ငံရေးအရ အဖြေရှာမှုလိုအပ်ကြောင်း တရုတ်အစိုးရက အစဉ်တစိုက် ပြောထားခဲ့ပါတယ်။

သို့သော် ဆီးရီးယားနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှု အပါအဝင် ဆီးရီးယားနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို တရုတ်နိုင်ငံက ဗီတိုအာဏာသုံးပြီး အကြိမ်ရေ အတော်အများများ ပယ်ချခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Credit to: Duwun